Monday, November 14, 2011

ရခိုင်ဂက်(စ်)ဖြင့်၂၄ နာရီလျှပ်စစ်မီးရရှိရေး နိုင်ငံရေးပါတီများ နှင့် ပြည်တွင်းမီဒီယာခေါင်းဆောင်များထုတ်ဖေါ်ပြောကြားကြပြီ




တဖန် ၁၃/၁၁/၂၀၁၁ နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရခိုင်ပြည်နယ်တွင် ၂၄ နာရီ မီးရရှိရေးနှင့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းဆိုင်ရာ စာတမ်းဖတ်ပွဲ တစ်ခုကို နိုဝင်္ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။

" ရခိုင်တပြည်နယ်လုံး လျှပ်စစ် မီး ၂၄ နာရီ ရရှိရေး အတွက် ဖြစ်နိင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အတွက် ဒီစာတန်းဖတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။"( စာတန်းဖတ်သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးတင်ဝင်း၏ပြောကြားချက်) 
သတင်းအပြည့်အစုံဖတ်ရန်။  http://www.narinjara.com/detailsbur.asp?id=3592

၁၁/၁၁/၂၀၁၁ နေ့တွင်လည်း  ရန်ကုန် ဆီဒိုးနားဟိုတယ်၌ကျင်းပသော"၁" ခြောက်လုံးနေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနား ၌ Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် ၏အမှတ်တရ ဂုဏ်ပြုစကား တွင် ရခိုင်ရွှေသဘာဝ ဓါတ်ငွေ့ဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ဒေသများ လျှပ်စစ်မီး ရရှိသင့်ဟုပြောကြားလိုက်ပါသည်။
       
“ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေ မီးတစ်ယူနစ်ကို ငါးရာကျပ်နဲ့ ၀ယ်သုံးနေ ရတာကိုတော့ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်သာ ရခိုင်ပြည်နယ်သား တစ်ယောက်ဖြစ်ခဲ့ရင် ဒီပိုက်လိုင်း ကိုတွေ့တိုင်း စိတ်မကောင်း အရမ်းဖြစ် မိမှာပါ။(Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင် ၏ ဂုဏ်ပြုစကားမှကောက်နုတ်ချက်)
ဒီနေရာမှာ ကျွန်တော်အနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြဿနာတစ်ခု၊ ပြဿနာတစ်ခုမဟုတ်တောင် မှ ကျွန်တော့်အမြင်ကို ပြောပြလိုပါတယ်။ ဒါကလည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်း မှာ အဓွန့်ရှည်ပြီး သမိုင်းစဉ်ရှည်လျားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဒီပြည်နယ် တစ်ခုနဲ့ပတ်သက်တဲ့ အရာတွေကို ကျွန်တော်တို့မီဒီယာတွေ သတိထားဖို့လိုပါတယ်။ နောက်တစ်ချက်က  မြစ်ဆုံပြီးတော့ သဘာဝရေနံပိုက်လိုင်း ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်အနေနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတစ်ခုဖြစ်လို့ ကျွန်တော် ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေ မီးတစ် ယူနစ်ကို ငါးရာကျပ်နဲ့ ၀ယ်သုံးနေရတာကိုတော့ ကျွန်တော် အရမ်းစိတ်မ ကောင်းဖြစ်မိပါတယ်။ ကျွန်တော်သာ ရခိုင်ပြည်နယ်သား တစ်ယောက်ဖြစ်ခဲ့ရင ဒီပိုက်လိုင်းကိုတွေ့တိုင်း စိတ်မကောင်း အရမ်းဖြစ်မိမှာပါ။ ဒါကြောင့်မို့ ဒီရေနံ၊  သဘာ ၀ပိုက်လိုင်း စတင်ရောင်းချရမယ့် ၂၀၁၃ မတိုင်ခင်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အပါအ၀င်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ဧရာဝတီမြစ် အနောက်ဘက် ကမ်းဒေသတွေကို လျှပ်စစ်မီးလင်းရေး၊ သဘာဝ ဓာတ်ငွေ့စက်ရုံ တည်ဆောက်ရေးကို အလေးအနက် ထားပြီး စဉ်းစားစေလိုပါတယ်။


အားလုံးမင်္ဂလာပါ။ ခုနက ကိုမင်းကိုနိုင်ရဲ့ မိခင် ပြောသွားပါတယ်။ ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ အန်တီ့ကိုလည်း ကျွန်တော်က ကျေးဇူးတင်ပါတယ်။ ဒီလို ဂုဏ် ယူဖွယ်သားတစ်ယောက်ကို ကျွန်တော်တို့ အားလုံးအတွက် မွေးဖွားပေးတဲ့အတွက် ကျွန်တော် ဒီနေ ရာကကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

လေးစားရပါတဲ့ ကြွရောက်လာတဲ့ ဧည့်ပရိသတ်များခင်ဗျာ။ ဒီကိုကြွရောက်လာကြတဲ့သူတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို တစ်နည်းတစ်ဖုံ သို့မဟုတ် စိတ်ရောကိုယ်ပါ သို့မဟုတ် စိတ်ဓာတ်အားဖြင့် သို့မဟုတ်၊ ကိုယ်အားဖြင့် ပံ့ပိုးကူညီကြသူတွေချည်းပဲဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ကိုယ်နှင့်ထပ်တူထပ်မျှ ချစ်မြတ်နိုးကြတဲ့ သူတွေချည်းပဲဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ အနုပညာ နယ်ပယ် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ နေထိုင်ကြပေမယ့် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးကြတဲ့ စိတ်ဓာတ်နဲ့ ဒီပွဲကိုတက်ရောက်လာတဲ့အတွက် ဒီတစ်ခြောက်လုံးဆုံတဲ့ နှစ်တစ်ရာပြည့်မှာ တစ်ကြိမ်သာဆုံနိုင်တဲ့ အမှတ်တရ အခမ်းအနားကို စီစဉ်ဖိတ်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ Eleven Media Group ရဲ့ ပွဲမဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာလို့။ ဖြစ်ပေါ်စေတဲ့ စိတ်ဓာတ်အင်အား၊ ခွန်အားအင်အားတွေကို ပေးစွမ်းစေတဲ့ လူတွေ အာလုံး ဘယ်လိုပဲဖြစ်ဖြစ်၊ အတွေးအမြင်အယူအဆ ကွဲပြားသည်ဖြစ်စေ၊ ဘယ်လိုနေရာပဲဖြစ်ဖြစ် ရှိနေသည်ပဲ ဖြစ်စေ၊ နိုင်ငံ့အတွက်ဆိုတဲ့ စိတ်ဓာတ်တွေရှိနေတဲ့ သူတွေကို ရွေးချယ်ပြီး ဖိတ်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ တက်ရောက်ခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်တော် အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုတယ်လို့ ပြောကြားပါရစေ။

ဒီနေရာမှာ အထူးပြောစရာ မလိုလောက်အောင် နိုင်ငံကိုချစ်ခဲ့ပြီး နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် စွန့်လွှတ်အနစ် အနာခံတဲ၊့ ခဲ့တဲ့ သူတွေကို ဦးစွာဂုဏ်ပြု စကားပြောကြားလိုပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ အန်အယ်လ်ဒီပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ နိုင်ငံရေးအရ မိမိတို့ စွန့်လွှတ် အနစ်အနာခံခဲ့တဲ့သူတွေကို ဦးစွာ ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။

ဒီနေ့ ပွဲကို ဂုဏ်ပြုဖို့ မတက်ရောက်နိုင်သေးတဲ့သူတွေ၊ ဂုဏ်ပြုခံနိုင်တဲ့နေရာမှာ မရှိတဲ့သူတွေ၊ ဘ၀ကို အသက်ပေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ရသူတွေ အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော် စားပွဲနံပါတ် ၁၁ ကိုလွှတ်ပြီး သူတို့ကို ကိုယ်စား ဂုဏ်ပြုစီစဉ်ထားခဲ့တယ်ဆိုတာ ပြောကြားလိုပါတယ်။ နောက်ထပ်ကျွန်တော်တို့ ဂုဏ်ပြုမယ့်သူတွေကတော့  သက်ဆိုင်ရာ နိုင်ငံရေးပါတီအသီးသီးမှာ ထမ်းဆောင်ပြီးတော့ မိမိတို့တတ်ကျွမ်းတဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ မိမိတို့နိုင်ငံ ကောင်းကျိုးကို ဆောင်ရွက်နေကြတဲ့ နိုင်ငံရေးပါတီအသီးသီးနဲ့ လွှတ်တော်အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအားလုံးကို ကျွန်တော်တို့ ဂုဏ်ပြုလိုပါတယ်။
နောက်ဂုဏ်ပြုချင်တာကတော့ ကျွန်တော်တို့ Business Leader တွေပါ၊ စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေးပညာရှင်တွေ တတ်သိပညာရှင်တွေပါ။ သာမန်အားဖြင့်ကြည့်လျှင် ကျွန်တော်တို့နိုင်ငံမှာ ချမ်းသာတဲ့သူတွေဟာ တကယ်ပြောရင် အမျိုးမျိုးစွပ်စွဲမှုတွေရှိပေမယ့် ကျွန်တော် တကယ်ပေါင်း ကြည့်ရင် ဒီမှာတက်ရောက်လာတဲ့ Business Leader၊ စီးပွားရေးပညာရှင်တွေဟာ မိမိတို့ တိုင်းပြည် အပေါ်မှာ၊ မိမိတို့လူ့အဖွဲ့အစည်းပေါ်မှာ တကယ်စေတနာထားတဲ့သူတွေ ဒီလိုပဲ ရွေးချယ် ဖိတ်ကြား ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ စေတနာ ကိုသိရတဲ့အခါ နောင်တစ်ချိန်မှာ ကျွန်တော် တို့တိုင်းပြည် အပြောင်းအလဲဖြစ်ခဲ့ရင် စီးပွားရေးအင်အားစုတွေဟာ တိုင်းပြည်အပေါ်မှာ တကယ်သက်ရောက် လာနိုင်ပြီး တိုင်းပြည်အတွက် Business Leader ကောင်းတွေ ပေါ်ထွက် လာမှာဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်ထပ်မံဂုဏ်ပြုလိုပါတယ်။

နောက်ထပ် ထပ်မံ ဂုဏ်ပြုလိုတဲ့သူတွေကတော့ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ ထင်ရှားကျော်ကြားပြီး မိမိတို့ ထင်ရှားကျော်ကြားမှုကို တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ ကိုဇာဂနာနဲ့ ကိုကျော်သူတို့ ဦးဆောင်တဲ့ Celebrities တွေပဲဖြစ်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ ကျွန်တော်တို့ ၂၀၁၁ အပြောင်းအလဲတွေအတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေကို စတင်မွေးဖွားခဲ့တဲ့သူတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုကျော်သူ တို့အပြင် ဒီကနေ့ပွဲမှာ ထပ်တူထပ်မျှ တက်ရောက်လာကြတဲ့ အနုပညာရှင်တွေဟာ တကယ်ကျတော့ တိုင်းပြည်အပေါ်မှာ သူတို့ကို ပေါ့ပေါ့တွေးလို့မရပါဘူး။ လူငယ်အနုပညာရှင်အများကြီး တက်ရောက်လာပါတယ်။ သူတို့ကို ပေါ့ပေါ့တွေးလို့မရပါဘူး။ သူတို့ဟာ တိုင်းပြည်အတွက် သူတို့တတ်နိုင်တဲ့ဘက်က နေ လူထုကို အပြောင်းအလဲဖြစ်အောင် စွမ်းဆောင်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒီထင်ရှားကျော်ကြားတဲ့ အနုပညာရှင်အသီးသီးကိုလည်း ဂုဏ်ပြုချင် ပါတယ်။

နောက်ထပ် ဂုဏ်ပြုချင်တာကတော့ ကျွန်တော်တို့ ပြည်ထောင်စုအတွင်းမှာ ဥမကွဲသိုက်မပျက် နေထိုင်ချင်တဲ့၊ ပြည်ထောင်စုကိုချစ်မြတ်နိုးစိတ်ရှိတဲ့ ဒီပွဲမှာ မတက်ရောက်နိုင်သေးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေကို ကျွန်တော်တို့ ပြည်ထောင်စုချစ်စိတ်နဲ့ ဂုဏ်ပြုချင်ပါတယ်။

ကျွန်တော်တို့ ဒီပွဲကို အရပ်ဒေသ အသီးသီးကနေ တကူးတကလာရောက်ခဲ့ပြီးတော့ နိုင်ငံရဲ့ အပြောင်းအလဲကို အားပေးခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်က တကူးတကလာရောက်တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ရတာ မလွယ်ပါဘူး။ ဒီအတိုင်းပါပဲ။ သတင်းမီဒီယာကို ဖြေကြားဖို့၊ သတင်းမီဒီယာကို ကူညီအားပေးတဲ့ သတင်း source လုပ်တွေလုပ်ရတာမလွယ်ပါဘူး။ နာမည်တပ်ပြီး ရဲရဲဝံ့ဝံ့ ဖြေကြားခဲ့ကြတဲ့ သတင်း source တွေ၊ မိမိတို့ သတင်းတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် ဖြေကြားပေးခဲ့တဲ့ သတင်း source တွေ၊ အားလုံးကိုလည်း ကျွန်တော်တို့ဂုဏ်ပြုချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ အခုအပြောင်းအလဲတွေဖြစ်လာခဲ့တဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ အင်အားစုအဖြစ် ရပ်တည်လာခဲ့တဲ့ အင်န်ဂျီအိုတွေ၊ အင်တာနေရှင်နယ် အင်န်ဂျီအိုတွေကိုလည်း ကျွန်တော်တို့ ဂုဏ်ပြုချင်ပါတယ်။ ဒီနေရာမှာ စပ်မိလို့ ကျွန်တော် ပြောကြားချင်တာက အရင်က အင်န်ဂျီအိုတွေအပေါ်မှာ ကျွန်တော် အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တွေ့မြင်ခဲ့တဲ့ အင်န်ဂျီအိုတွေရဲ့ ပြည်သူလူထုအပေါ်မှာ မညှာတာမှုတွေ၊ ကိုယ်ကျိုးကြည့်တာတွေကို ကြည့်ပြီး အင်န်ဂျီအိုတွေကို ကျွန်တော် အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြစ်ဆုံကိစ္စမှာ ကျွန်တော် ဒီလိုမျိုးရဲရဲဝံ့ဝံ့ ထွက်ပြောနိုင်လောက်အောင် ကျွန်တော့်ကို အားပေးကူညီခဲ့တဲ့ ဆရာကိုတာ၊ ဒေါက်တာကျော်သူတို့ဟာ ကျွန်တော့်အပေါ်မှာ ကျွန်တော်ပေးပို့နိုင်တဲ့ အချက်အလက်တွေ၊ ကျွန်တော်ပြောပြနိုင်တဲ့ အချက်အလက်တွေ ဒီမြစ်ဆုံစီမံကိန်း တိုင်းပြည်အတွက် တကယ်အရေးကြီးတဲ့ ဧရာဝတီ မြစ်ကြီးကို ကယ်တင်တဲ့နေရာမှာ တတက်တစ်အားကူညီခဲ့တဲ့အတွက် ဒီနေရာကနေကျွန်တော်အထင်အမြင်လွဲမှားခဲ့မှုကိုတောင်းပန်ပါတယ်။

နောက် ချီးကျူးဂုဏ်ပြုချင်တာကတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ သတင်းဂျာနယ်တွေ၊ သတင်းမီဒီယာတွေ အားလုံးကိုပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင် အယူအဆတွေ မတူစေကာမူ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် စတုတ္ထမဏ္ဍိုင်နေရာမှာ ကျွန်တော်တို့အားလုံး ရပ်တည်ခဲ့တဲ့အတွက် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကိုဒီနေရာကနေအသိအမှတ်ပြုပါတယ်။

နောက်ဆုံးအနေနဲ့ ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားလိုတာကတော့ အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ကြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့၊ ကြိုးစားနေဆဲဖြစ်တဲ့ သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နဲ့ တပ်မတော်ခေါင်း ဆောင်တွေအား လုံးကိုဒီနေရာကနေဂုဏ်ပြုကျေးဇူးတင်စကားပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ ခြေလှမ်းတစ်လှမ်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သားပြဿနာဟာ မကြာခင်ပဲ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ယုံကြည်ပါတယ်။ ဒါဟာ ခက်ခဲလှတဲ့ ပြဿနာတစ်ခုလို့ ကျွန်တော်မယုံကြည်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ အဓိက စိန်ခေါ်နေတဲ့ ပြဿနာဟာ အကြီးကျယ်ဆုံး ပြဿနာတွေရှိပါတယ်။ ဒီပြဿနာတွေဟာ နံပါတ်တစ်က ဆင်းရဲတွင်းနက်နေတဲ့ စီးပွားရေး ပြဿနာတွေ ဖြစ်ပါတယ်။ ဒီပြသနာကို ကျွန်တော်တို့အနေနဲ့ အစိုးရနဲ့ ၀ိုင်းဝန်းပူးပေါင်းပြီးတော့ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ဒီလိုအဖြေရှာတဲ့အခါမှာ ဘယ်လိုပဲ သဘောထားကွဲနေသည်ဖြစ်စေ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ Business Leaders တွေဟာ ပူးပေါင်းအဖြေရှာရမှာဖြစ်ပါတယ်။ ဒီလို အဖြေရှာတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်မှသာ အဖြေတစ်ခု ရရှိနိုင်မှာပဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေ တဖြည်းဖြည်း ပြေလည်သွားတာနဲ့ အညီ စီးပွားရေးပြဿနာတွေကို ကျွန်တော်တို့က အဖြေရှာဖို့လိုပါတယ်။ ပြည်သူပြည်သားတွေ အနေနဲ့လည်း တက်ညီလက်ညီ  တကယ်အလုပ်လုပ်မှသာ ကျွန်တော်တို့ရဲ့လက်ရှိအခက် အခဲတွေဟာ ပြေလည်မှာဖြစ်ပါတယ်။ နေရိပ်ထဲကစောင့်နေသူ အဖို့ ဘာမှ စောင့်ရတာအပန်း မကြီးပေမယ့် တကယ် ဒုက္ခရောက်နေကြတဲ့သူတွေ၊ ပြည်ပမှာ အလုပ်ထွက်လုပ်နေကြရတဲ့ နိုင်ငံသားတွေ၊ ပြည်တွင်းမှာ ဆင်းရဲဒုက္ခခံနေရတဲ့ တောသူတောင်သား အလုပ်သမား သာမန်လူတန်းစားတွေအတွက်ကတော့ အင်မတန်ခက်ခဲတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပြဿနာတွေကို အားလုံးဝိုင်းဝန်း အဖြေရှာဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။

ဒုတိယ ပြဿနာကတော့ ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပြဿနာဖြစ်ပါတယ်။ တရားမျှတတဲ့ ဥပဒေတွေကိုပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ လွှတ်တော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုအတွက် တကယ်ကို တရားမျှတတဲ့ ဥပဒေကိုလည်း ထပ်မံပြဋ္ဌာန်းဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။ဒါ့အပြင်တရားစီရင်ရေးစနစ်မှာ တစ်ယောက်နဲ့ အညမညဖြစ်နိုင်မယ့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ထိန်းကျောင်းမှုတွေဟာ လိုအပ်နေဆဲဖြစ်ပါတယ်။ ဥပဒေပညာရှင်အချင်းချင်း၊ ဥပဒေပညာရှင်ဆိုတာ တရားသူကြီးလည်း ဥပဒေပညာရှင်ပါပဲ။ ရှေ့နေလည်း ဥပဒေပညာရှင်တွေပါပဲ။ ဥပဒေပညာရှင်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိမှသာ ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဟာ တစ်စိတ်တစ်ပိုင်း ပြေလည်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားသူကြီးတွေရဲ့ ပြဿနာတစ်ခုထဲတင် မဟုတ်ဘဲ ရှေ့နေတွေကိုလည်း အပြန်အလှန်လေးစားမှုပေးဖို့ တရားစီရင်ရေးမဏ္ဍိုင်ကို ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။ ဒါ့အပြင် တရားမျှတတဲ့ဥပဒေတွေကိုသာလျှင် လေးစားလိုက်နာတဲ့ အကျင့်ရှိတဲ့ ပြည်သူတွေဖြစ်လာအောင် လေ့ကျင့်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် မျှတတဲ့ ဥပဒေတွေ၊ မျှတတဲ့ တရားစီရင်ရေးတွေကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်ပေးဖို့ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အသီးသီးက ခေါင်းဆောင်တွေ၊ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်အပါအ၀င် တရားစီရင်ရေးနဲ့ ပတ်သက်တဲ့သူတွေကို ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်။

အဓိကဖြေရှင်းရမယ့် နောက်ဆုံးပြဿနာက တိုင်းရင်းသားပြဿနာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ပြဿနာတွေအပေါ်မှာ ဘယ်တော့မှ မေ့လျော့မသွားဘူး ဆိုတာကို ပြောကြားလိုပါတယ်။ ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ရေးဆိုတဲ့ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေဟာ အချိန်ကာလတစ်ခု ပေးပြီးရင်တော့ ပြည့်လာကြမှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ တိုင်းရင်းသား ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေပြေလည်ဖို့အတွက် ငြိမ်းချမ်းရေးကိုအလျင်အမြန်ဖော်ဆောင်ဖို့လိုတယ်ဆိုတာကို တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော အစိုးရကိုပါ ဒီနေရာကနေ အနူးညွတ် တောင်းပန်လိုပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား မယုံကြည်မှုတွေကို ဖြေဖျက်ဖို့လိုပါတယ်။ မြစ်ဆုံပြဿနာကို ဖြေရှင်းပေးလိုက်ခြင်းဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒကို လိုက်လျော ပေးရုံမဟုတ်ဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားတွေရဲ့ဆန္ဒကို အစိုးရက လေးစားလိုက်နာတယ်ဆိုတာကို ဘယ်ဘက်ကမှ မလိုက်ဘဲ ကျွန်တော် ပြောကြားလိုပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒီလိုဖြေရှင်းနိုင်မှုနဲ့ စတင်ခဲ့ခြင်းဟာ ပြဿနာပေါ်မှာ အခြေခံပြီး နောက်ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် တွန်းအားတွေ ပေးစေလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ကြားမှာရှိနေတဲ့ အမြင်တွေ၊ အယူအဆကွဲပြားမှုတွေကိုလည်း ပပျောက်သွားစေ လိုပါတယ်။
ဒီနေရာမှာ ကျွန်တော်အနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြဿနာတစ်ခု၊ ပြဿနာတစ်ခုမဟုတ်တောင် မှ ကျွန်တော့်အမြင်ကို ပြောပြလိုပါတယ်။ ဒါကလည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်ပါတယ်။  ရခိုင်ပြည်နယ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်းမှာ အဓွန့်ရှည်ပြီး သမိုင်းစဉ်ရှည်လျားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဒီပြည်နယ်တစ်ခုနဲ့ပတ် သက်တဲ့ အရာတွေကို ကျွန်တော်တို့မီဒီယာတွေ သတိထားဖို့လိုပါတယ်။ နောက်တစ်ချက်က  မြစ်ဆုံပြီးတော့ သဘာဝရေနံပိုက်လိုင်းကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်အနေနဲ့ လုပ်ဆောင်ရမယ့်ကိစ္စတစ်ခုဖြစ်လို့ ကျွန်တော် ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေ မီးတစ်ယူနစ်ကို ငါးရာကျပ်နဲ့ ၀ယ်သုံးနေရတာကိုတော့ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်သာ ရခိုင်ပြည်နယ်သား တစ်ယောက်ဖြစ်ခဲ့ရင် ဒီပိုက်လိုင်း ကိုတွေ့တိုင်း စိတ်မကောင်း အရမ်းဖြစ်မိမှာပါ။ ဒါကြောင့်မို့ ဒီရေနံသဘာဝပိုက်လိုင်း စတင်ရောင်းချရမယ့် ၂၀၁၃ မတိုင်ခင်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အပါအ၀င် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ဧရာဝတီမြစ် အနောက်ဘက် ကမ်းဒေသတွေကို လျှပ်စစ်မီးလင်းရေး၊ သဘာဝ ဓာတ်ငွေ့စက်ရုံတည်ဆောက်ရေးကို အလေးအနက် ထားပြီး စဉ်းစားစေလိုပါတယ်။ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြဿနာကို တစ်ဆင့်ချင်း ဖွံ့ဖြိုးမှုနဲ့ အဖြေရှာတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ ဘယ်လိုပဲအမြင်တွေကွဲပြားစေကာမူ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့အပါဝင် ဒီမှာ အမြင်ကွဲပြားသူတွေလည်း အများကြီးရှိပါတယ်။ လူထုလူတန်းစားတွေလည်း အများ ကြီးရှိပါတယ်။ ဘယ်လိုပဲကွဲပြားသည်ဖြစ်စေကာမူ ၂၀၁၁ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲတွေကို စတင်ဆောင်ကြဉ်းပေးလာခဲ့ပြီဆိုတာကိုတော့ ကျွန်တော်အပါအ၀င် အားလုံး လက်ခံကြလိမ့်မယ်လို့ ယူဆပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

No comments:

Post a Comment