Saturday, December 31, 2011

ရခိုင်၏ အချုပ်အခြာအာဏာ ကျဆုံးလားခရေနိ့အတွက် ဤကဲ့သို့ ၀မ်းနည်းကြောင်း







ရခိုင်ဓာတ်ငွေ့ကို ဒေသခံတွေ သုံးစွဲခွင့် လှုပ်ရှား


ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့နဲ့ စွမ်းအင်ကို ရခိုင်ဒေသခံတွေ လည်း ခွဲဝေ သုံးစွဲနိုင်ရေး တောင်းဆိုမယ့် လူထုအစည်းအဝေးတစ်ရပ်ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က ဦးစီးပြီး ကျင်းပ မယ်လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ဇန်နဝါရီ ၁ ရက်နေကျရင် လူထုအစည်းအဝေး ကျင်းပခွင့် အတွက် ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီ လို့ ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ လွှတ်တော်အတွင်းမှာ တောင်းဆို ခဲ့ဖူးပေမယ့် မရခဲတဲ့အတွက် အခုလို လူထု အစည်းအဝေး ကျင်းပတဲ့ နည်းနဲ့ တောင်းဆိုတဲ့အခါ အစိုးရက အသိအမှတ်ပြု စဉ်းစားလာနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ဒီပါတီကနေ ရခိုင် ပြည်နယ်ရဲ့ လိုလားချက်ကို လူထုကို ချပြပြီး လူထု အင်အားနဲ့ စုပေါင်း တောင်းဆိုဖို့ လုပ်တာဟာ အစိုးရသစ် တက်လာပြီးတဲ့ နောက် ပိုင်းမှာ ပထဆုံး အကြိမ် ဖြစ်ပါတယ်။

ရွှေးကောက်ပွဲ ကော်မရှင်က အဲဒီ လူထု အစည်းအဝေးကို လူပေါင်း ၅၀၀ ခန့် တက်ရောက် ခွင့်နဲ့ ဒေါက်တာ အေးမောင် အပါအဝင် လူပုဂ္ဂိုလ် ၆ ဦး ကို ဟော ပြောခွင့် ပြုထား တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်


By မစုမြတ်မွန်

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာလတုန်းက ပြန်လွတ်လာခဲ့တဲ့ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့သူ နံမည်ကျော် လူရွှင်တော် ကိုဇာဂနာဟာ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ်နဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ သူ ဘန်ကောက်မှာ ရောက်နေစဉ်မှာ ဗွီအိုအေ ၀ိုင်းတော်သူ မစုမြတ်မွန်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ အထောက်အကူတွေ လိုအပ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မစုမြတ်မွန်။ ။ ကိုဇာဂနာ ထောင်ထဲက ထွက်လာပြီးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ကူညီစောင့်ရှောက်မှုတွေ ပြန်ပြီးတော့ လုပ်ပေးတာ သိရပါတယ်။ ဆိုတဲ့အခါကျတော့ ဒီ ထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အနေနဲ့ အပြင်မှာရှိတဲ့သူတွေရဲ့ အကူအညီ ဘယ်လောက် အတိုင်းအတာအထိ လိုနေတဲ့အတွက်ကြောင့် ကိုယ်က လုပ်ပေးရတယ်လို့ ပြောနိုင်ပါလဲရှင့်။ -
ကိုဇာဂနာ။ ။ “ဘယ်လောက် အတိုင်းအတာ လိုလဲဆိုတော့ ၁၀၀ % လိုတယ်ဗျ။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် စိတ်လည်း မကောင်းဘူးခင်ဗျ။ စိတ်လည်း မကောင်းဘူး ဆိုတာက ကျနော် ကိုယ်တိုင်ပင် အဲဒီဝေဒနာ ခံစားခဲ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေက ပံ့ပိုးတယ်။ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေကနေပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဘယ်လောက် ပေးလိုက်တယ်။ အဲဒါက အမြဲကြားနေရတယ်။ ကျနော် ထောင်ကလွတ်လာတဲ့အထိ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ငါးခြောက် တစ်ဖက်တောင် မစားခဲ့ရဘူး။ ကျနော်တို့နဲ့နေတဲ့သူတွေလည်း ဘယ်သူမှ မရခဲ့ကြရှာပါဘူး။
“ဥပမာ၊ ယုတ်စွအဆုံး ကျနော် စိတ်အရမ်းမကောင်းတာ တစ်ခုရှိတယ်။ ကျနော့်သူငယ်ချင်း လှမျိုးနောင်၊ အခုတော့ မန္တလေးထောင် ရောက်သွားပါပြီ။ မြစ်ကြီးနားမှာ အတူနေခဲ့တယ်။ မျက်လုံးတစ်လုံး ဆုံးသွားတယ်။ ထောင်ထဲမှာ မျက်လုံးတစ်လုံး ဆုံးသွားတယ်ဆိုတာက တကယ်ပြောတာ၊ ထောင်ထဲက ရိုက်လို့နှက်လို့ ဆုံးတာမဟုတ်ပါဘူး။ နဂိုရှိတဲ့ ရောဂါကြောင့် ဆုံးတာ။ သို့သော် တကယ်လို့များ သူဟာ proper treatment သင့်လျော်တဲ့ ဆေးဝါးကုသမှု တစ်ခုခု ရလိုက်တယ်ဆိုရင် အဲဒီလောက် မြန်မြန် မဆုံးရှုံးဘူးပေါ့။ အခုဆိုရင် မျက်လုံးတစ်လုံး ဆုံးရှုံးရုံတင်မကဘူး။ နောက် မျက်လုံးတစ်လုံးကပါ ဆုံးရှုံးတော့မယ်၊ သုံးပုံတစ်ပုံလောက် ဖြစ်လာပြီဆိုတော့ စာတောင် မဖတ်နိုင်တော့ဘူး ဖြစ်လာတယ်။ ဆိုတော့ ဒီလူတစ်ယောက်မှာ အရေးပေါ် ဆေးကုသဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့ ဖမ်းထားတာကိုး။ သို့သော် အဲဒီဟာကို ဆေးကုဖို့အတွက် moral encouragement စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လိုတယ်။ financial encouragement ငွေကြေးအရ ပံ့ပိုးကူညီမှုလည်း လိုတယ်။ သူ့မှာက မရှိဘူး။ စီးပွားရေးအရ မပြေလည်ဘူး။ ပိုက်ဆံလေး သုံးသိန်းလောက် ရှိရင်ကို မျက်လုံးကို လေဆာနဲ့ပစ်လို့ ရရဲ့သားနဲ့ အဲဒီ ပိုက်ဆံလေး သုံးသိန်းလောက် မရှိတဲ့အတွက် သူ့ရဲ့ မျက်လုံး နောက်တစ်လုံးဟာ သုံးပုံတစ်ပုံ ဆုံးရှုံးလာရပြီ။ ဘယ်သူကူမှာလဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပါတယ် ကူညီပါတယ်လို့ ပြောပြီးတော့ လှမျိုးနောင်ရဲ့ မျက်လုံး တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာကို Retinal Detachment လို့ ပြောတာပဲ။ ကျနော်တို့ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်။ ကျနော့် သူငယ်ချင်းကို ဒီလိုလူ အခန်းချင်း ကပ်နေတဲ့သူတောင် ကျနော် မကူနိုင်တော့ဘူး။ သူ စိတ် ဘယ်လောက် ထိခိုက်ထားမလဲ။ ငါတို့ကတော့ တိုင်းပြည်အတွက်လို့ ပြောတယ်၊ လုပ်လိုက်ရတာ တိုင်းပြည်အတွက်လို့လည်း ပြောတယ်။ ငါတို့ကို ဘယ်သူကမှလည်း လုပ်မပေးပါလား။ ပေးနေတာကတော့ အကြီးအကျယ်ပဲ။ ဘယ်သူကပေးတယ်၊ ဘယ်လောက်ပေးလိုက်ပြန်ပြီ ဆိုတာက အကြီးအကျယ်ပဲ။ ဘယ်သူ ပေးလို့မှမရတာ အမှန်ပဲ။
“နောက်ထပ် ကျနော် ထပ်ပြောမယ်။ ဒါ တရားဝင် တကမ္ဘာလုံးကို ပြောလို့ရတဲ့စကားဖြစ်တဲ့အတွက် ကျနော် ပြောချင်သေးတယ်။ ဘုန်းကြီးတွေကို ထောက်ပံ့တယ်လို့ ပြောတယ်။ ဘုန်းကြီးတွေကို ထောင်ထဲမှာ ထောက်ပံ့လို့ဆိုပြီး ဆုတွေလည်း ပေးလိုက်ကြတာ ဟိုးအမေရိကားကနေ နည်းတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အတူတူနေတဲ့ ဘုန်းကြီးလေးပါး ရှိတယ်။ နံမည်တပ် ကျနော် ပြောလို့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည်က အညတရ သူရဲကောင်းဆု ပေးလိုက်တဲ့ ဘုန်းကြီး ဦးဉာဏ ကျနော်နဲ့အတူတူ ရှိတယ်။ ဘုန်းကြီး ဦးဓမ္မသာမိ၊ ကျနော်နဲ့အတူတူ မြစ်ကြီးနားထောင်မှာ နေခဲ့တယ်။ ဘုန်းကြီး ဦးဂန္ဒသာရ မန္တလေးက ဘုန်းကြီး ကျနော်တို့နဲ့အတူတူ နေခဲ့တယ်။ အဲဒီ ဘုန်းကြီးလေးပါးလုံး ဘာမှမရဘူး။ ကျနော်ပြောတာ ရှင်းရှင်းလေးနော်။ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘုန်းကြီးတွေ ရှိတယ်။ ကျနော်နဲ့အတူတူ သုံးနှစ်ခွဲလုံးလုံး နေခဲ့တာ။ အဲဒီတော့ ကျနော်တို့ စိတ်ထဲမကောင်းဘူးခင်ဗျ။ အပြင်က ပြောလိုက်ရင်တော့ ဂုဏ်တွေယူပြီးတော့ အကြီးအကျယ်ပေးတယ်။ ဘယ်လိုပေးတယ်ချည်း ပြောတယ်။ ပြောပြီးတော့ နံမည်တွေ ယူနေကြတယ်။ တကယ့်တကယ် ထောင်ထဲကကောင်တွေက ဘာမှမရတော့ နေ့တိုင်း ဒီအသံကြားနေရလေ စိတ်တိုလေပဲ။ ကြာရင် အဲဒီထောင်ထဲကလူတွေ လွတ်လာရင် သတ်ချင်စိတ်တောင် ပေါက်လာလိမ့်မယ်။ ဆိုတော့ ဘာမှလည်းမပေးဘဲနဲ့ ပေးတယ်ပြောနေတာ။ ဒီကိစ္စရဲ့ နမူနာတစ်ခုဆို ကျနော် ပြောပြမယ်။
“ကျနော် ဒီလာခါနီးလေးမှာပဲ စင်ကာပူက လမ်းပြကြယ်အဖွဲ့ ရန်ကုန်ကို ရောက်လာတယ်။ သူတို့တွေက အကျဉ်းသား ၄၀ ကို လတိုင်း သူတို့ တာဝန်ယူ ထောက်ပံ့နေပါတယ်တဲ့။ ၁,၇၀၀ ပို့ပေးပါတယ်တဲ့။ သူတို့ပို့ပေးတဲ့စာရင်းထဲမှာ ပါတဲ့ မျိုးအောင်နိုင်။ သူ့မိန်းမ ကျနော့်အိမ်မှာ။ သူတို့ရောက်တဲ့အချိန်မှာ ရှိနေတယ်။ ဟောဒီမှာ ကိုမျိုးအောင်နိုင်ကို ထောင်ဝင်စာသွားတွေ့မယ်။ ကျနော်လည်း ခရီးသွားမှာမိုလို့ မျိုးအောင်နိုင်ဆီသွားမယ့် သူ့မိန်းမ မနေခြည်ကို ပစ္စည်းတွေ ထည့်ပေးနေတယ်။ စာအုပ်တွေ ထည့်ပေးတာ။ အဲဒီ မနေခြည်က ကျမ တပြားမှ မရပါဘူးတဲ့။ သူတို့က ကျနော်တို့ပေးနေတာ ၁၃ လရှိပြီတဲ့။ ဟုတ်ကဲ့… ကျမ တပြားမှမရပါဘူးတဲ့။ ဒါတော့ သူလည်း မလိမ်ဘူး။ ဒီကလူတွေ မရတာကလည်း မရဘူးပဲ ပြောရမှာပေါ့။ အဲဒါတွေ ကျနော် ပြောတာ။ ပေးတဲ့သူတွေကလည်း ပေးတယ်။ မရတဲ့သူကလည်း မရဘူးဆိုတော့ ကြားထဲမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျနော် ထင်တယ်။ အဲဒီခံစားချက်ကြောင့် ကျနော် ထောင်ထဲက ထွက်ထွက်ချင်းမှာ ကျနော့် သူငယ်ချင်းတွေကို ကျနော် ပြန်ပို့ချင်တယ်။ အဲဒီတော့ ကျနော် ဘယ်သူ့ဆီက ပိုက်ဆံမှမတောင်းဘူး။ ဘယ်သူ့ကိုမှ ကျနော် အလှူမခံဘူး။ သို့သော် နံပါတ်တစ်။ ကျနော့် သူငယ်ချင်းတွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဂီတနယ်ကလူတွေပေးတာ ကျနော် ယူတယ်။ ဆိုပါတော့ ထွန်းအိန္ဒြာဗို ပေးတယ်၊ ဝေဠုကျော်ပေးတယ်၊ ဇင်ဝိုင်းပေးတယ်။ မင်းမော်ကွန်း ပေးတယ်။ ကျနော် ယူတယ်လေ။ သူတို့ဆီကို ကျနော် အားမနာ လျှာမကျိုး ကျနော် တောင်းလို့ရတယ်။ ကျနော်နဲ့ နီးစပ်တဲ့သူငယ်ချင်းတွေကို ကဲ ပေးပါဦး တစ်သိန်းလောက်၊ ပေးပါဦး သုံးသိန်းလောက် လိုက်တောင်းတယ်။ ကျနော် မျက်နှာ အောက်ကျခံပြီး တောင်းရပါတယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ ကျနော် သူငယ်ချင်းတွေ တချို့က ပိုက်ဆံစုပြီး သူတို့အတွက် အမေရိကားရောက်နေတဲ့ သူတွေဆီက နှစ်ဆယ်မျိုး သုံးဆယ်မျိုး စုလိုက်တယ်။ ငါးယောက်လောက် စုလိုက်ရင်လည်း ဒါက ၁၅၀ လောက် ဖြစ်သွားတာ။ အဲဒီသူငယ်ချင်းတွေက ၀ိုင်းစုပြီးပေးတဲ့ပိုက်ဆံလေးတွေနဲ့ပဲ ကျနော် ရအောင်ပို့တယ်။ သို့သော် ကျနော် ဒီထက် ပို့ချင်ပါတယ်။ အခု ကျနော် ထောင်ပေါင်း ၄၂ ထောင် ရှိတဲ့အထဲမှာ ၂ ထောင်ကလွဲရင် ထောင် ၄၀ ကို ကျနော် ပို့ပြီးသွားပါပြီ။ ထောင် ၄၀ မှာ နှစ်ခါပြန်ကြော့တဲ့ထောင်တွေ၊ ဥပမာ တောင်ငူဆို နှစ်ခါပြန်သွားပြီ။ လွိုင်ကော်ဆို နှစ်ခါ ပြန်သွားပြီ။ ဘူးသီးတောင်၊ မောင်တော ဆို နှစ်ခါပြန်သွားပြီ စသည်ဖြင့်ပေါ့။ မြစ်ကြီးနားဆို နှစ်ခါ ပြန်သွား ဖြစ်သွားပြီ။ အဲဒီလို ပို့တဲ့အခါမှာ အကျဉ်းသားတစ်ယောက်ကို ငွေတစ်သောင်း အနည်းဆုံး ပို့နိုင်ပါတယ်။ နောက်ပြီးတော့ အင်္ကျီပို့နိုင်တယ်။ စာအုပ်တွေ ကျနော် ပို့နိုင်တယ်။ လိုအပ်တဲ့ဆေးဝါး ကျနော်တို့ ၀ယ်ပြီးတော့ ပေးနိုင်ပါတယ်။ သို့သော် တစ်သောင်းဆိုတော့ မများပါဘူးဗျာ။ သို့သော် သူတိုစိတ်ထဲမှာ ကျနော်တို့ကို ပစ်မထားဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အား ပေးမှုတစ်ခုရတယ်။ အဲဒါကတော့ ကျနော် မဏ္ဍပ်တိုင်တပ်ပြီး ပြောနေ့တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲကို ဒီပစ္စည်းတွေ ရောက်တယ်ဆိုတာလည်း ကျနော်တို့က သူတို့ဆီကလာတဲ့ document တွေ အပြည့်စုံ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဆိုတော့ အဲဒီစိတ်ကလေး တစ်ခုတည်းနဲ့ ကျနော် လုပ်တာပါ။”
မစုမြတ်မွန်။ ။ စောစောကပြောတဲ့ ဒီအဖွဲ့အစည်းတွေက ပေးနေပါတယ်လို့ ပြောနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလို့ ရည်ညွှန်းပြီးတော့ ပြောလို့ရနိုင်ပါလား။ -
ကိုဇာဂနာ။ ။ “ကျနော် နံမည်တွေလည်း မပြောတတ်တော့ဘူး။ အဖွဲ့တွေ တပုံကြီးပဲ။ နိုင်ငံခြားကနေ ပေးနေတာ။ စင်ကာပူရောက် မြန်မာများရော။ ဂျပန်နိုင်ငံရောက် မြန်မာများရော။ အမေရိကန် နိုင်ငံရောက် မြန်မာများရော ပေးနေတာပဲ။ နေ့တိုင်း ပေးနေတာပဲ။ မပေးဘူးလို့ ကျနော် ပြောတာမဟုတ်ပါဘူး။ သူတို့ပေးချင် ပေးလိမ့်မယ်။ တကယ်လည်း သူတို့ပေးနေပါတယ်။ မရတာ။ ကျနော်တို့ ပေးတဲ့သူကလည်း ပေးနေလိမ့်မယ်။ ဆိုတော့ ပေးတဲ့လူနဲ့ မရတဲ့လူနဲ့ကြားထဲမှာ ဒီဟာက ထူးဆန်းစွာ ပျောက်ဆုံးမှုကြီးပေါ့။ ဒီလိုပြောရမှာပေါ့။”
လူရွှင်တော် ဇာဂနာကို ဗွီအိုအေက မစုမြတ်မွန်က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Friday, December 16, 2011

ဝမ်းနေးကြောင်း သဝဏ်လွှာပီးပို့ခြင်း


ဝမ်းနေးကြောင်း သဝဏ်လွှာပီးပို့ခြင်း

၁၅-ဒီဇင်္ဘာ၊၂၀၁၁-နိ မွန်းလွေးချိန်မာ ရေးဘော်မောင်သိန်းတင် (လက်ဟိ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၏ ကာကွယ်ရေးဌာနတာဝန်ခံ) ကွယ်လွန်လားခကြောင်းကြားသိရလို့ အစားထိုးမရနိုင်ရေ တော်လှန်ရီးရေးဘော်တဦး၊ လုပ် ဖေါ်ကိုင်ဖက် သီဖေါ်သီဖက်တဦးအတွက် ဖေါ်မပြနိုင်အောင် ယူကျူံးမရ ဖြစ်ရရေ။

ရေးဘော်မောင်သိန်းတင်ရေ ၁၉၇၀-ခု၊မတ်လကုန်မာ “ရခိုင်ပြေလွတ်လပ်ရီးအဖွဲ့(AIO)”၏ လက်နက်ကိုင်တပ်မတော်ဖြစ် တေ “ရခိုင်ပြည်လွတ်လပ်ရီးတပ်မတော်(AIA)” ကိုစတင်တေဆောက်ရာမာ ပထမဆုံးရောက်လာရေ စုဆောင်းရီးရေး ဘော်အဖြစ်  ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဦးဆောင်ရေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မာ(၁)နီမြီတို့ ရောက် ဟိလာရေ ရခိုင်မျိုးချစ်ပြေချစ် စစ်သားတဦးဖြစ်တေ။ 

၁၉၇၁-ခု၊ နိုဝင်္ဘာလမာ ရခိုင်ပြေတို့ဆင်းလာရေ AIA ပထမစစ်ကြောင်းမာ ပါဝင်ခရေရေးဘော်တဦးလေ့ ဖြစ်တေ။ စတင် တာဝန်ထမ်းဆောင်လာရေနိကပင်-ကွေလွန်ရေနိထိ တော်လှန်ရီး၏ ကြမ်းတမ်းခက်ထန်လွန်းလှရေခရီးကြမ်းမာ နှစ်ပေါင်း (၄၁)နှစ်တိုင်တိုင် မငြိုမငြင်တာဝန်ထမ်းဆောင်ခရေ မျိုးချစ်၊ပြည်ချစ် အာဇာနီသူရေးကောင်းတဦးလေ့ ဖြစ်တေ။

ရေးဘော်မောင်းသိန်တင်ရေ ရခိုင်ပြည်လွတ်လပ်ရီးတပ်မတော်(AIA)မာ ၁၉၇၀-မှ-၁၉၈၈-ခုထိ၊ ရခိုင်ပြည်အမျိုးသားညီ ညွတ်ရေးတပ်ဦး(NUFA)ကာလ ရခိုင်ပြည်သစ်တေဆောက်ရေးတပ်မတော်(NACA)မာ ၁၉၈၈-ကပင်-၁၉၉၀-ခုထိ၊ ဗိုလ်ခိုင် ရာဇာဦးဆောင်ခရေ ရခိုင့်တပ်မတော်(AA)မာ ၁၉၉၀-ကပင် ၁၉၉၃-ခုထိ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၏ ရခိုင်ပြည်တပ်မတော်(AA)မာ ၁၉၉၄ကပင်၂၀၁၁-ခုထိ သူ၏ တော်လှန်ရီးအပေါ်သစ္စာဟိမှု၊ တာဝန်ကျီပြွန်မှုရို့ကြောင့် ရေး ဘော်အဆင့ှ်က AA ဒု-စစ်ဦးစီးချုပ်အဆင့်၊ နောက်ဆုံး NUPA ၏ ကာကွယ်ရီးဌာနတာဝန်ခံအဆင့်တို့ထိ အဆင့်ဆင့် တာဝန် တိုးမြှင့်ခံခရရေ သစ္စာဟိတော်လှန်ရီး ရေးဘော်ကောင်းတဦးဖြစ်တေ။

နောက်ဆုံးတာဝန်ထမ်းဆောင်ခရေအချိန်ထိ ရေးဘော်၏ အမျိုးသားရီးမျှော်မှန်းချက် အောင်ပွေးတို့မရောက်နိုင်ခသိရေအ တွက် မိမိရို့.မူလ AIA ထုံးစံအရဆိုကေ တမလွန်ဘဝမာ ပြေစောင့်စစ်သားအဖြစ်နန့် ဆက်လက်တာဝန်ထမ်းဆောင်ပါလီ လို့ မှာကြားလိုကေလေ့ နောက်ဆုံးတာဝန်ထမ်းဆောင်ခရေ AA ထုံးစံအရဆိုကေ ကောင်းရာသုဂတိတို့လားပါလီလို့ ခွင့်ပြု လိုက်ပါရေ။
ရေးဘော်၏ မပြီးဆုံးခသိရေတာဝန်အတွက် ကျန်ခရေ ငါရို့ NUPA/AA ရေးဘော်ရေးဖက်တိအားလုံးက အောင်ပွေးရရေ ထိ တညီတညွတ်ဆက်လက်တိုက်ပွဲဝင်လားဖို့ဖြစ်ကြောင်း တော်လှန်ရီးသစ္စာနန့် ဂတိပြုလိုက်ပါရေ။ 


ရေးဘော်ဦးခင်မောင်                                                                                                                         ဥက္ကဌ                                                                                                                    ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)                 ရခိုင်ပြည်။      ၁၆ ဒီဇင်္ဘာ ၂၀၁၁-ခု။

မြန်မာ့ကုန်များမှ တလလျှင် ဘင်္ဂလာ ၇၂၀၀၀၀၀၀ တာကာ နိုင်ငံတော်ဝင်ငွေ ရရှိရန်သတ်မှတ်ထား


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ(၁၆)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် ညနေ (၄)နာရီ။

မြန်မာ့ကုန်များမှ တလလျှင် ဘင်္ဂလာ ၇၂၀၀၀၀၀၀ တာကာ နိုင်ငံတော်ဝင်ငွေ ရရှိရန်သတ်မှတ်ထား

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာမှ တင်ပို့လာသည့် ကုန်များမှ နိုင်ငံတော် အခွန်ကောက်ဝင်ငွေကို ကော့စ်ဘဇားခရိုင် တာခ်နာဆိပ်ကမ်းတခုတည်းမှ တလလျှင် ၇၂၀၀၀၀၀၀ တာကာ ရရှိရန် မျှော်လင့်ထားကြောင်း သက်ဆိုင်ရာ ကာစ္စတင်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

အဆိုပါ တာခ်နာဆိပ်ကမ်း တာဝန်ရှိ ကာစ္စတင်က “နိုဝင်္ဘာလက သတ်မှတ်ထားတဲ့ နိုင်ငံတော်ဝင်ငွေကနေ ၂၃၉၇၆၂၉၂ တာကာ လျော့ဆင်း သွားပါတယ်၊ ၄၈၀၂၃၇၀၀ တာကာ ကောက်ခံရရှိပါတယ်။”ဟု ဂစ္စပသတင်းဋ္ဌာနသို့ အတည်ပြုပြောသည်။

ဆက်လက်ပြီးသူက “အောက်တိုဘာလအတွင်းက မြန်မာ့တင်ပို့ကုန်များအထဲက ၇၃၁၈၀၀၀၀ တာကာ နိုင်ငံတော်အတွက် အကောက်အခွန်ငွေ ရရှိပါတယ်။”ဟု ဖုံးမှတဆင့် ဘင်္ဂလီဘာသာစကားဖြင့် ပြောသည်။ 

မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့်ကုန်များမှာ ငါးခြောက်မျိုးစုံ၊ အိမ်မွေးတိရစ္ဆာန်များ၊ ၀ါး၊ ငါးစမ်း၊ အာဒါ၊ ကွမ်းသီး၊ မဆာလာ၊ ဈေးယုံစုံ၊ ဈေးသီးခြောက်၊ မကျဉ်းသီး၊ ပဲအမျိုး၊ အ၀တ်အထည်၊ ဆန်၊ စပါး၊ သစ်နှင့် တခြားကုန်ပစ္စည်းများ ပါဝင်ကြောင်း ပြောခွင့်ရ ကာစ္စတင်မှ ရှင်းပြသည်။

ဘင်္ဂလာမှ မြန်မာသို့ တင်ပို့ကုန်များမှာ အယ်လိုမီနီယန်၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာနှင့် တခြားပစ္စည်းများ တင်ပို့သည်။ သို့သော် တင်ပို့ကုန် အရေအတွက်နှုန်းထားမှာ မြန်မာနှင့်နှိုင်းယဉ်လျှင် ၉၀ ရာခိုင်နှုန်းအထိ ကွာဟမှုရှိနေသည်ကို တွေ့ရသည်။

လွန်ခဲ့သော နိုဝင်္ဘာလအတွင်းက နိုင်ငံတော်အကောက်အခွန်ဝင်ငွေ လျော့ဆင်းသွားခဲ့ခြင်းနှင့် ပတ်သက်လို့ တာခ်နာ ဆိပ်ကမ်း အကောက်အခွန်အရာရှိ အာနိုယာရ် မာဆူမ်က “မြန်မာက နိုဝင်္ဘာလအတွင်းမှာ အဓိက သစ်နဲ့ ငါး တင်ပို့မှုနည်းတာက အမျိုးသား ဘဏ္ဍာအကောက်အခွန်ငွေ လျော့ဆင်းသွားခြင်းဖြစ်တယ်။”ဟုဆိုသည်။

မြန်မာ-ဘင်္ဂလာဒေ့ခ်ျနှစ်နိုင်ငံအကြား အကျိုးတူ နှစ်နိုင်ငံကုန်သွယ်ရေးစာချုပ်ကို လွန်ခဲ့သော ၁၉၉၇ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့က နှစ်နိုင်ငံအကြီးအကဲများ ချုပ်ဆိုခဲ့သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေဖြင့် ၁၉၉၇ ခုမှ ၂၀၀၁ ခုနှစ်အတွင်း အဆိုပါ တာခ်နာဆိပ်ကမ်းမှ တနှစ်လျှင် တာကာငွေ ၁ ကုဋေကျော် နိုင်ငံတော်အကောက်အခွန် ရရှိခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တနှစ်လျှင် တာကာ ကုဋေ ၆၀ ကျော်ရရှိခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်မှ ယခုအချိန်ထိ မြန်မာ့ပို့ကုန်ကြောင့် တနှစ်လျှင် တာကာ ကုဋေ ၁၅၀ နီးပါးအထိ နိုင်ငံ တော်အမျိုးသား ရံပုံငွေရရှိနေကြောင်း ဒေသထုတ်သတင်းများကဆိုသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ ကုန်တင်ပို့သည့် စက်ဘုတ်များမှ တချို့ကုန်သည်များမှာ တာခ်နာဆိပ်ကမ်းတွင် နည်းမျိုးစုံ အသတ်ခံရမှုများ ရှိကြောင်းနှင့် လိမ်လည်ခံရမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

Thursday, December 15, 2011

ရခိုင်ပြည်တပ်မတော်(AA) ဒုစစ်ဦးစီးချုပ်ဟောင်း ကွယ်လွန်


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၁၅)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် ညနေ (၁၀)နာရီ။

ရခိုင်ပြည်တပ်မတော်(AA) ဒုစစ်ဦးစီးချုပ်ဟောင်း ကွယ်လွန်

ရခိုင်ပြည်-ဘင်္ဂလာ-အိန္ဒိယ သုံးနိုင်ငံနယ်စပ်ဒေသ အခြေစိုက် ရခိုင်ပြည်တပ်မတော် (Arakan Army – AA) ဒုစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်  မောင်သိန်းတန် (ခ) မောင်သိန်းရွှေ သည် ယနေ့ နေ့လည်တွင် ရခိုင်ပြည်နှင့် ကပ်လျှက်တည်ရှိသည့် ဘင်္ဂလာ နယ်စပ် တနေရာတွင် ကွယ်လွန် သွားကြောင်း သိရှိရသည်။

ဗိုလ်ချုပ် မောင်သိန်းတန်(၆၁)နှစ် ယခုကဲ့သို့ မကွယ်လွန်မီအထိ ရခိုင်ပြည်လွတ်လပ်ရေး၊ ကိုယ်ပိုင်ဆုံးဖြတ် ပြဋ္ဌာန်းပိုင်ခွင့် အပြည့် အ၀ရရှိရေး၊ ဒီမိုကရေစီရေးနှင့် အခြေခံလူ့အခွင့်အရေးများ ရရှိရေးတို့အတွက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)တို့၌ အမျိုးသားရေးဘက်မှ မားမား မတ်မတ် ရပ်တည်ခဲ့ပြီး ရန်သူစစ်အုပ်စုအား တိုက်ပွဲဝင်ရင်း ကွယ်လွန်သွားခဲ့သည့် မျိုးချစ်သူရဲကောင်း ဖြစ်သည်။

ဗိုလ်ချုပ်၏ မိသားစုဝင်များနှင့်အတူ တော်လှန်ရေး ရဲဘော်ရဲဘက်များက ဗိုလ်ချုပ် မောင်သိန်းတန် အား တော်လှန်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒီဇင်္ဘာလ (၁၇)ရက်နေ့တွင် မြေမြုပ်သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်တွင် ဇနီးနှင့်အတူ သမီးနှစ်ယောက်နှင့် သားတယောက် ကျန်ရစ်ခဲ့ပြီး မကွယ်လွန်မီ နိုင်ငံရေး၊ တော်လှန်ရေး ဒဏ်ကို ကြံ့ကြံ့ခံလျှက် ကိုယ်ကျိုးမဖက် ရပ်တည်နေထိုင်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ် မောင်သိန်းတန်မှာ ပါတီနှင့်တပ်မတော်တွင် မငြိုးမငင် ကျရာနေရာတာဝန်များကိုတသွေမတိမ်းထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်သည် ၁၉၇၁ ခုနှစ်တွင် KIO နယ်မြေမှ ရခိုင်ပြည်လွတ်လပ် ရေးအဖွဲ့ချုပ် (AIO)တပ်ဖြင့် ကုန်းလမ်းခရီးရှည်ကို ပထမဆုံး ဖြတ်ကျော်ပြီး ရခိုင်ပြည်သို့ အရောက်လာခဲ့သည့် သူရဲကောင်း တဦးဖြစ်သည်။

မြန်မာနိုင်ငံတွင် AIDS ကြောင့် တနှစ်လျှင် ၁၇,၀၀၀ ကျော်သေဆုံး


Saturday, 10 December 2011
Written by The Voice Weekly
မြန်မာနိုင်ငံတွင် AIDS ကြောင့် တနှစ်လျှင် ၁၇,၀၀၀ ကျော်သေဆုံး

Saturday, 10 December 2011, Written By The Voice Weekly
နေပြည်တော်၊ ဒီဇင်္ဘာ (၅)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ခန့်မှန်းတွက်ချက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလာဒ်များအရ မြန်မာနိုင်ငံ၌ တနှစ်အတွင်း HIV ရောဂါပိုးစတင်ကူးစက်ခံရသူ လူနာသစ် ၁၇,၁၀၀ ဦးနှင့် မိခင်မှ သန္ဓေသားသို့ HIV ရောဂါပိုး ကူးစက်မှုတားဆီးသည့် ဆေးဝါးတိုက်ကျွေးရန်လိုအပ်သူ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၄,၃၀၀ ဦးရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ထုတ်ဖေါ်ပြောကြားသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ဒီဇင်္ဘာလ (၁)ရက်နေ့က ကျင်းပသော ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ၀န်ကြီးက အထက်ပါအတိုင်း ထုတ်ဖေါ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်၌ AIDS ရောဂါဖြစ်ပွားမှုကို ၁၉၈၁ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ရောဂါပိုး ကူးစက်ပျံ့မှုနှုန်းမှာ ယခု ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း (၃၀)အတွင်း ကမ္ဘာတ၀န်းလုံး HIV/ AIDS ရောဂါပျံ့နှံကူးစက်ခံစားနေရသူ ဦးရေ ၃၄ သန်းခန့်ရှိကြောင်း ယင်းအဖွဲ့ကြီးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတ၀န်လုံးရှိ HIVရောဂါကူးစက်မှု ခံစားနေရသူများတွင် ၂၀၁၀ ပြည့်နှစ် တနှစ်တည်းအတွင်းမှာပင် HIV ပိုးကူးစက်ခံရသူဦးရေ ၂ ဒသမ ၇ သန်းနှင့် HIV/ AIDS ရောဂါကြောင့် သေဆုံးသူ ဦးရေ ၁ ဒသမ ၈ သန်းခန့်ရှိပြီး ၎င်းတို့မှာ အသက် (၁၅)နှစ်မှ (၄၉)နှစ်အကြား အသက်အရွယ်များ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ အနေနှင့် HIV/ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ၁၉၈၉ ခုနှစ်တွင် အမျိုးသား ကျန်းမာရေးကော်မတီ ဖွဲ့စည်းပြီး ပြည်တွင်း မိတ်ဖက်လူမှုရေးအသင်းအဖွဲ့ (၁၁)ဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းခုနှစ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာလူမှုရေးအသင်းအဖွဲ့ (၂၁)ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၀၅ ခုနှစ်မှစတင်၍ AIDS ရောဂါ ဝေဒနာရှင်များကို ART ကုထုံးဖြင့် ကုသပေးခဲ့ရာ မင်္ဂလာဒုံအထူးကု ဆေးရုံကြီးနှင့် သာကေတဆေးရုံကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ်များရှိ ဆေးရုံကြီး (၄၈)ခုတွင် ယနေ့ထိ AIDS ရောဂါဝေဒနာရှင်ပေါင်း ၃၅,၀၀၀ ခန့်ကို ART ကုထုံးဖြင့် ကုသပေးနိုင်ခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဋ္ဌာနထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ HIV ပိုးကူးစက်ပြန့်ပွားမှုနှင့် ရရှိမည့် အကျိုးဆက်များနှင့် ပတ်သက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေး စီမံချက်တို့ ပူးပေါင်းဆောင်ရွက်သည့် ခန့်မှန်းတွက်ချက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးမှု ရလဒ်များအရ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ AIDS ရောဂါဖြစ်ပွားမှု ၀ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် ၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းစသည်ဖြင့် တဖြည်းဖြည်း လျော့ကျလာခြင်း၊ 3 Diseases Fund, Global Fund တို့၏ ကူညီပံ့ပိုးမှုများ ကြောင့် မြန်မာနိုင်ငံ အနေဖြင့် လာမည့်နှစ်များတွင် ရောဂါကာကွယ်ရေး၊ ကုသရေး၊ ပြုစုဆောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ရန်ပုံငွေကူညီပံ့ပိုးမှုများ လိုအပ်နေဆဲဖြစ်ကြောင်း၊ AIDS ရောဂါ ကာကွယ်ရေးအတွက် ART ကုထုံးဖြင့် ကုသရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားသည်။