Wednesday, December 14, 2011

မြေတိုင်းတာမှုများ ပြုလုပ်နေခြင်းအပေါ် တောင်သူများ စိုးရိမ်နေ

မြေတိုင်းတာမှုများ ပြုလုပ်နေခြင်းအပေါ် တောင်သူများ စိုးရိမ်နေ

 မြန်မာ့သတင်း By: သစ်ထူးလွင်  ဒီဇင်ဘာလ 14 ရက်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ လယ်ဧက ၂၀၀၀၀ ကျော်အား ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ၀ယ်ယူမည်ဟူသော သတင်းများ ထွက်ပေါ်နေမှုနှင့်အတူ လယ်မြေများအတွင်း မြေတိုင်းတာမှုများ လာရောက်ပြုလုပ်နေခြင်းအပေါ် တောင်သူများက စိုးရိမ်မှုများ ဖြစ် ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ ပန်းတော၊ အငူ၊ ဘော်ကလွတ်၊ ချောင်းဝ၊ မီး ပြ၊ ဇွဲဘာကုန်းတန်း၊ ကွနှီး၊ ကမာကလုပ်၊ ကုလားတန်း၊ ကရင်ချောင်၊ တော်ကလုပ်၊ ကမာလမ်း၊ ရွာသစ်ကလေးအုပ်စု စန္ဒီ၊ ကြာကန်စသည့် ကျေးရွာများမှ တောင်သူများလုပ်ကိုင်ပိုင်ဆိုင်
လျက်ရှိသည့် လယ်မြေဧကပေါင်း ၂၀၀၀၀ ကျော်ကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ၀ယ်ယူမည်ဟူသော သတင်းများသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စတင်ပျံ့နှံ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။

 ''ကျေးရွာတွေက တစ်ရွာကို လေး၊ ငါးဦး ကိုယ်စားလှယ်တွေ အစည်းအဝေး သွားတက်ရတယ်။ မြို့နယ်အစည်းအဝေးပေါ့။အဲဒီအစည်း အဝေးမှာ လယ်တွေတော့ လာဝယ်လိမ့်မယ်''ဟု ကွနှီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါ ကျေးရွာများတွင် လူနေအိမ်ခြေသည် ရွာကြီးဖြစ်ပါက ၆၀၀ ၀န်းကျင်နှင့် ရွာငယ်ဖြစ်ပါက အိမ်ခြေ ၂၀၀ ၀န်းကျင်ရှိနေကာ အများစုသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြခြင်းဖြစ်ပြီး အချို့ရွာများက စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကြသည်ဟု သိရသည်။

လယ်မြေများ ၀ယ်ယူတော့မည်ဟူသော သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီမှ လယ်မြေများအား လာရောက်တိုင်းတာခြင်း၊ လယ်မြေများတွင် ဆောက်လုပ်ထားသော နေအိမ်များအား တန်ဖိုးတွက်ချက်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းစသည်တို့ ပြုလုပ်နေကြသည်ဟု သိရသည်။

''ရွာမှာက ရွာထဲနေတာ နည်းတယ်။ ကွင်းထဲနေတာ များတယ်။ ရွာထဲမှာတော့ လယ်မရှိတဲ့သူဘဲ နေတာများတယ်။ ကွင်းထဲတော့ တိုင်းနေတယ်လို့ သိရတယ်။ အိမ်ဆိုရင်လည်း အမိုးက ဘယ်လိုမိုးထားတာလဲ၊ ဘယ်လောက်တန်သလဲ၊ နွား ဘယ်နှကောင်ရှိသလဲ၊ လယ်ထွန် စက်ရှိသလား စသည်ဖြင့် စစ်ဆေးတယ်။ လုပ်တာတော့ တစ်ပတ်မပြည့်သေးဘူး။ သတင်းထွက်လာပြီး နှစ်ရက်နေတော့ စတိုင်းကြတာပဲ။

သတင်း မထွက်ခင်ကကို မြို့ပေါ်ကနေ လယ်ဆင်းဝယ်တာရှိတယ်။ တချို့စိုက်မကောင်းတဲ့လယ်တွေ တစ်ဧက လေးသိန်းလောက်ပေးတော့ ရောင်းလိုက်ကြတယ်''ဟု စန္ဒီကျေးရွာမှ ဆရာတော် အရှင်သိက္ခဉာဏက မိန့်ကြားပါသည်။

ယင်းလယ်မြေများသည် ပုံမှန်အားဖြင့် ကျပ်လေးသိန်းဝန်းကျင်မှ ကျပ်သိန်း ၂၀ ၀န်းကျင်အထိ လယ်ပေါ်မူတည်ကာ ဈေးရှိကြောင်း Eleven Media Group သတင်း အရ သိရှိရသည်။ 

No comments:

Post a Comment