Wednesday, December 14, 2011

ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်မှနှင် သည့်စာလက်ခံရ

ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်မှနှင် သည့်စာလက်ခံရ

ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI ) ည ၉နာရီ ၁၀ မိနစ်

၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့်အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိ စာသင်တိုက်နှင့် ရွှေည၀ါ ပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ  စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။

ရွှေည၀ါကျောင်းတိုက်ဆရာတော်ဦးပညာသီဟအားအရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော် အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့် ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင်ကျင်းပသည့် ညီသံဃာ့နာယက ၄၇ ပါးစုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန် ဆိုသည့်အချက်သုံးချက်ကို ဖေါ်ပြထားသည်။

မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖေါ်ပြထားခြင်း မရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါ ပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ပြောသည်။

၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက်ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူး လို့ဆိုလိုတာပဲ” ဟုပြောသည်။

နှင်ထုတ်သည့်စာမိတ္တူအား သာသနာရေး ၀န်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေး ၀န်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖေါ်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။

ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။

 အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများစုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

No comments:

Post a Comment