Thursday, December 15, 2011

မြန်မာနိုင်ငံတွင် AIDS ကြောင့် တနှစ်လျှင် ၁၇,၀၀၀ ကျော်သေဆုံး


Saturday, 10 December 2011
Written by The Voice Weekly
မြန်မာနိုင်ငံတွင် AIDS ကြောင့် တနှစ်လျှင် ၁၇,၀၀၀ ကျော်သေဆုံး

Saturday, 10 December 2011, Written By The Voice Weekly
နေပြည်တော်၊ ဒီဇင်္ဘာ (၅)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ခန့်မှန်းတွက်ချက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလာဒ်များအရ မြန်မာနိုင်ငံ၌ တနှစ်အတွင်း HIV ရောဂါပိုးစတင်ကူးစက်ခံရသူ လူနာသစ် ၁၇,၁၀၀ ဦးနှင့် မိခင်မှ သန္ဓေသားသို့ HIV ရောဂါပိုး ကူးစက်မှုတားဆီးသည့် ဆေးဝါးတိုက်ကျွေးရန်လိုအပ်သူ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၄,၃၀၀ ဦးရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ထုတ်ဖေါ်ပြောကြားသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ဒီဇင်္ဘာလ (၁)ရက်နေ့က ကျင်းပသော ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ၀န်ကြီးက အထက်ပါအတိုင်း ထုတ်ဖေါ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်၌ AIDS ရောဂါဖြစ်ပွားမှုကို ၁၉၈၁ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ရောဂါပိုး ကူးစက်ပျံ့မှုနှုန်းမှာ ယခု ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း (၃၀)အတွင်း ကမ္ဘာတ၀န်းလုံး HIV/ AIDS ရောဂါပျံ့နှံကူးစက်ခံစားနေရသူ ဦးရေ ၃၄ သန်းခန့်ရှိကြောင်း ယင်းအဖွဲ့ကြီးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတ၀န်လုံးရှိ HIVရောဂါကူးစက်မှု ခံစားနေရသူများတွင် ၂၀၁၀ ပြည့်နှစ် တနှစ်တည်းအတွင်းမှာပင် HIV ပိုးကူးစက်ခံရသူဦးရေ ၂ ဒသမ ၇ သန်းနှင့် HIV/ AIDS ရောဂါကြောင့် သေဆုံးသူ ဦးရေ ၁ ဒသမ ၈ သန်းခန့်ရှိပြီး ၎င်းတို့မှာ အသက် (၁၅)နှစ်မှ (၄၉)နှစ်အကြား အသက်အရွယ်များ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ အနေနှင့် HIV/ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ၁၉၈၉ ခုနှစ်တွင် အမျိုးသား ကျန်းမာရေးကော်မတီ ဖွဲ့စည်းပြီး ပြည်တွင်း မိတ်ဖက်လူမှုရေးအသင်းအဖွဲ့ (၁၁)ဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းခုနှစ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာလူမှုရေးအသင်းအဖွဲ့ (၂၁)ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၀၅ ခုနှစ်မှစတင်၍ AIDS ရောဂါ ဝေဒနာရှင်များကို ART ကုထုံးဖြင့် ကုသပေးခဲ့ရာ မင်္ဂလာဒုံအထူးကု ဆေးရုံကြီးနှင့် သာကေတဆေးရုံကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ်များရှိ ဆေးရုံကြီး (၄၈)ခုတွင် ယနေ့ထိ AIDS ရောဂါဝေဒနာရှင်ပေါင်း ၃၅,၀၀၀ ခန့်ကို ART ကုထုံးဖြင့် ကုသပေးနိုင်ခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဋ္ဌာနထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ HIV ပိုးကူးစက်ပြန့်ပွားမှုနှင့် ရရှိမည့် အကျိုးဆက်များနှင့် ပတ်သက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေး စီမံချက်တို့ ပူးပေါင်းဆောင်ရွက်သည့် ခန့်မှန်းတွက်ချက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးမှု ရလဒ်များအရ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ AIDS ရောဂါဖြစ်ပွားမှု ၀ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် ၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းစသည်ဖြင့် တဖြည်းဖြည်း လျော့ကျလာခြင်း၊ 3 Diseases Fund, Global Fund တို့၏ ကူညီပံ့ပိုးမှုများ ကြောင့် မြန်မာနိုင်ငံ အနေဖြင့် လာမည့်နှစ်များတွင် ရောဂါကာကွယ်ရေး၊ ကုသရေး၊ ပြုစုဆောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ရန်ပုံငွေကူညီပံ့ပိုးမှုများ လိုအပ်နေဆဲဖြစ်ကြောင်း၊ AIDS ရောဂါ ကာကွယ်ရေးအတွက် ART ကုထုံးဖြင့် ကုသရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားသည်။

No comments:

Post a Comment