Thursday, November 10, 2011

ပင်လယ်ဓားပြများလက်တွင် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံမြန်မာသင်္ဘောသားများ ပြန်လည်ရောက်ရှိ



အာဟာရပြတ်၊ ရေပြတ်ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာသင်္ဘောသားများ
ဓာတ်ပုံ-အေးဇော်မျိုး

ပင်လယ်ဓားပြများလက်တွင် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံမြန်မာသင်္ဘောသားများ ပြန်လည်ရောက်ရှိ

အေးစပယ်ဖြူ
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)
 
ဆိုမာလီပင်လယ်ဓားပြများလက်တွင် တစ်နှစ်ကျော်ခန့် ပြန်ပေးဆွဲ ခံခဲ့ရသော ထိုင်းနိုင်ငံ PT INTERFISHERY ကုမ္ပဏီပိုင် P.V Prantalay12 ငါးဖမ်း ရေယာဉ်မှ ရေလုပ်သား ၁၃ ဦးသည် မြန်မာ နိုင်ငံသို့ အောက်တိုဘာလ ၁ ရက် နေ့တွင် ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။

"ဓားပြတွေလက်ထဲမှာ တစ်နှစ်နဲ့ သုံးလနေခဲ့ရတယ်။ ၂၀၁၀ ဧပြီလ
၁၈ ရက်နေ့မှာ ရနောင်းကနေ ဂျာဘူတစ် နိုင်ငံကိုအသွား အိန္ဒိယရေပိုင်နက်ထဲမှာ ပြန်ပေးဆွဲခံရတာ။ ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ ဓားပြ ၂၅ ယောက်လောက် ပါတဲ့ စပိဘုတ်နှစ်စင်းက လက်နက်ကြီးတွေနဲ့ချိန်ပြီး သင်္ဘောတွေကို ရပ်ခိုင်းတယ်။ ပထမတော့ ကင်းလှည့်တပ်တွေပဲ ထင်ပြီး လှေပေါ်ရောက်မှ ဓားပြတွေမှန်း သိရတယ်။ သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘာမှ မတတ်နိုင် တော့ဘူး။ကုမ္ပဏီပိုင် သင်္ဘောနံပါတ် ၁၁၊ ၁၂ နဲ့ ၁၄ သုံးစင်း စလုံးကို တစ်ပြိုင်နက် ပြန်ပေးဆွဲခဲ့တာ"ဟု ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာခဲ့သော အလုပ်သမားခေါင်းဆောင် ကိုပန်းအောင်က ၎င်းတို့ဖမ်းဆီးခံခဲ့ရသည့် အခြေအနေကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ တွေ့ဆုံစဉ် ပြန်လည်ပြောပြခဲ့သည်။

ဖမ်းဆီးခံခဲ့ရသည့် ၎င်းတို့၏ နံပါတ် ၁၂ လှေတွင် မြန်မာ၂၀ နှင့် ထိုင်းငါးဦး ပါဝင်ကာ လှေသုံးစင်းတွင် မြန်မာနိုင်ငံသားဦးရေ ၆၀ ခန့်ပါဝင်ကြောင်း ၎င်းက ပြောသည်။

"ခုပြန်လာတာ မြန်မာ ၁၃ ယောက် ပြန်လာတယ်။ တစ်ယောက်ကတော့ ဆိုမာလီယာမှာ ကျန်ခဲ့တယ်။ တစ်ယောက်ကတော့ ဓားပြတွေဖမ်းထားတုန်းမှာ စစ်သင်္ဘောတစ်စင်းနဲ့တွေ့တော့ သူတို့ အလစ်မှာ ရေထဲခုန်ချပြီး စစ်သင်္ဘောက ကယ်သွားတယ်။ ကျန်တဲ့ငါးယောက်ကတော့ ဖမ်းဆီးခံထားရချိန်မှာ အာဟာရ ပြတ်တာရော၊ သောက်သုံးရေ ကောင်းကောင်းမွန်မွန် မရတာရော၊ ကြုံသလို နေရင်းစားရင်း နေမကောင်းဖြစ်လာပြီး ဆုံးကုန်ကြတယ်။ နေမကောင်းဖြစ်တဲ့ ပုံစံတွေကတော့ ဖောရောင်၊ အသက်ရှူ ကျပ်ပြီး ဆုံးကြတာ။ သူတို့ပေးတဲ့ရေတွေ က ငန်လည်းငန်၊ နံလည်းနံတယ်။ ဒါပေမယ့် ဒါပဲသောက်စရာမရှိတော့ ဘာမှ မတတ်နိုင်ဘဲ သောက်ရတာပဲ။ လူတိုင်းလိုပဲ ဖောရောင်တာမျိုး ခံစားရတယ်။ဟင်းသီးဟင်းရွက်ဆိုတာ လုံးဝမမြင်ခဲ့ရဘူး။ သူတို့စားတဲ့ ဂျုံကို မီးဖုတ်ထားတာတို့၊ ခေါက်ဆွဲတွေကို ခရမ်းချဉ်သီးဆော့နဲ့ နယ်ထားတာမျိုးတွေ စားကြရတယ်။ တစ်ခါတလေ တစ်နေ့လုံး တစ်နပ်ပဲ စား ရတာလည်းရှိတယ်"ဟု ကိုပန်းအောင် က ၎င်းတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြောသည်။

ဖမ်းဆီးခံခဲ့ရစဉ် နေ့ရက်များအတွင်း ကြုံတွေ့ခဲ့ရမှုများသည် ၎င်းတို့၏ တစ်သက်တာ မမေ့နိုင်စရာအဖြစ် အပျက်များ ဖြစ်ခဲ့ရသည်။

"ဖမ်းပြီးလှေတွေကို ဆိုမာလီယာနိုင်ငံ ရေပြင်ထဲမှာ၂၀၁၀၊ ဧပြီလ ၂၅ ရက်နေ့ ကစပြီး ကျောက်ချထားတယ်။ လှေ သုံးစင်းကို ဒေါ်လာကိုးသန်းနဲ့ ရွေးဖို့တောင်းတယ်။ သူတို့တောင်းတဲ့ငွေက သိပ်များတော့ သူဌေးကလည်း မရွေးနိုင်ဘူး။ ကြာလာတော့ စားစရာတွေလည်း ပြတ်၊ လူတွေလည်း မကျန်းမမာဖြစ်လာတယ်။ သေတဲ့သူတွေရှိလာတယ်။ ၁၁ လပိုင်းမှာ ဓားပြတွေက ကျွန်တော်တို့ လှေတွေနဲ့ ဓားပြထပ်တိုက်ပြီး သီရိလင်္ကာ ငါးဖမ်းလှေလေးတစ်စင်းကို ထပ် ဖမ်းလိုက်ကြတယ်။ နောက်အဲဒီလှေနဲ့ ဓားပြ ၁၃ ယောက်က ဓားပြတိုက်ဖို့ ထပ်ထွက်သွားကြတယ်။ နောက် အဲဒီ သင်္ဘောက ဘင်္ဂလားဒေ့ရှ် သင်္ဘော တစ်စင်းကို ဖမ်းမိပြီလို့အကြောင်းပြန်တယ်။ နောက် ကျွန်တော်တို့သင်္ဘောက ဆိုမာလီယာနိုင်ငံက ကဒါအတ်ဆိုတဲ့ ရွာမှာ ကမ်းကပ်ဖို့ပြန်လာ တယ်။အဲဒီမှာ ဓားပြတိုက်ဖို့ထွက်သွားတဲ့ သီရိလင်္ကာ သင်္ဘောကလည်း ကမ်းကပ်ထားပြီ။အဲဒီမှာ သူတို့အချင်းချင်း စကားများပြီး သင်္ဘောကို အကပ်မခံဘဲ အပြန်အလှန် ပစ်ကြတာ ကျွန်တော်တို့ထဲက တစ်ယောက်ကို သေနတ် ရှပ်မှန်သွား တယ်။ အဲဒီတော့မှ သူတို့ပစ်တာတွေ ကို ရပ်လိုက်ကြတယ်။ ဓားပြတစ်ယောက်က လှေကိုဝင်မောင်းရင်းနဲ့ ဂီယာမှားထိုးပြီး ဖမ်းလာတဲ့ ဘင်္ဂလားဒေ့ရှ် သင်္ဘောနဲ့ တိုက်မိတာ လှေဦးကွဲသွားတယ်။ ဒါနဲ့ ဆိုမာလီနိုင်ငံ ဒီနူးဒါးရွာနားမှာ ကျောက် ချထားရင်းနဲ့ တစ်နေ့မှာ လေပြင်းတိုက်လို့ ကျောက်ကြိုးပြတ်ပြီး ကမ်းခြေက ကျောက်ဆောင်နဲ့တိုက်ပြီး လှေကမြုပ်သွားတယ်။ အဲဒီမှာ နောက်တစ်ဖွဲ့က ရောက်လာပြီး သူတို့ အချင်းချင်း တစ်ညလုံး ပစ်ပြန်ရော။ ကျွန်တော်တို့လည်း သဲထဲမှာ တိုးနေရတာပေါ့။ မိုးလင်းတော့ ကျွန်တော်တို့ကိုစောင့်တဲ့ ဓားပြ အဖွဲ့က သူတို့အဖွဲ့ကိုဆက်သွယ်ပြီး ကျွန်တော်တို့ ၁၈ ယောက်ကို ကားသုံးစီးနဲ့ သူတို့ စခန်းချတဲ့ ကန္တာရထဲကို ခေါ်သွားတယ်။ အဲဒီမှာ ခြောက်ရက်လောက်နေရပြီး နောက်ကန္တာရထဲက နေရာသစ်တစ်ခုကို ခေါ်သွားပြန်တယ်။ သူတို့ကို (သင်္ဘော) သူဌေးက မရွေးရင်တော့ ငါတို့မှာ ပေးစရာ ပိုက်ဆံလည်းမရှိဘူးဆိုတာ ပြောထားတော့ ကျွန်တော်တို့ကို ဖမ်းထားလည်း အပိုပဲဆိုတာသိပြီး ကုလသမဂ္ဂနဲ့ ဆက်သွယ်ပြီး ပြန်လွှတ်လိုက်တယ်။ ထိုင်းလေးယောက်ကိုတော့ ခေါ်ထားလိုက်တယ်။ ကန္တာရနေရာသစ်မှာ ခြောက် ရက်လောက်နေပြီး သူတို့ကို သပ်သပ်ခေါ်သွားတယ်။

ကျွန်တော်တို့ ၁၄ ယောက်ကိုတော့ နောက်နှစ်ရက်လောက်မှာ ဆိုမာလီယာ ငါးယောက်က နှစ်ရက်လောက် လမ်းလျှောက်ခရီးသွားရတဲ့ ကဒါကတ်ရွာနားက ချုံတော ထဲမှာထားပြီး ပြန်သွားတယ်။ အဲဒီမှာ နှစ်ရက်လောက်ထပ်နေရပြီး ကားနဲ့ ဆိုမာလီယာနိုင်ငံ ကဒဝေးမြို့ကို ခေါ်လာတယ်။ ဩဂုတ်လ၊ ၂၀၁၁ မှာ ကဒဝေးမြို့က ဂလိုဘယ်ဟိုတယ်ကို ရောက်ပြီး ယူအင်န်က အဖွဲ့တွေနဲ့တွေ့ပြီး ပြန်ဖို့ စီစဉ်ပေးကြတယ်"ဟု ၎င်းက ပြောသည်။

ဆိုမာလီယာဓားပြများနှင့် ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်သည် ၎င်းတို့၏ လုပ်ငန်းသက်တမ်းအတွင်း ပထမဆုံး ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ရေလုပ်သားများက ပြောသည်။

"ဓားပြတိုက်တယ်ဆိုတာ ရုပ်ရှင်ထဲမှာသာ ကြည့်ဖူးတာ။ သူတို့က လူကိုနှိပ်စက်တာမျိုးတော့မရှိဘူး။ အဖိုးတန်ပစ္စည်း၊ သူတို့ကြိုက်တဲ့ ပစ္စည်းမှန်သမျှတော့ အကုန်ဆွဲသွားတာပဲ။ ဆေးတွေလည်း အကုန်ယူသွားတယ်။ သဲကန္တာရ ဆိုတာလည်း ရုပ်ရှင်မှာပဲမြင်ဖူးတာ။ ခုတော့ သဲကန္တာရထဲမှာလည်း ရက်အတော်ကြာ နေခဲ့ရတယ်။ သဲတွေက တစ်ချိန်လုံးလွင့်နေလို့ မျက်စိတောင် ကောင်းကောင်း ဖွင့်လို့မရဘူး။ ညအိပ်ရင် မျက်နှာကိုအုပ်ပြီး အိပ်ရတယ်။ မနက် မိုးလင်းလို့ ထရင် တစ်ကိုယ်လုံး သဲတွေချည်းပဲ။ ပူလည်း တအားပူ တယ်"ဟု ကိုပန်းအောင်က ပြောသည်။

ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ဓားပြတိုက်ခံရသောဇာတ်လမ်းဇာတ်ကွက်များကိုပင် မကြည့်ချင် လောက်အောင်ဖြစ် ရကြောင်း သင်္ဘောသားတစ်ဦးက ဆိုသည်။

သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကောင်စစ်ဝန်အရာရှိ တစ်ဦးအား အထူးတာ ၀န်ပေးအပ်ကာ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့အထိ သွားရောက်ခေါ်ဆောင်စေခဲ့ ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြသည်။

"ကျွန်တော်တို့ကို စင်းလုံးငှား လေယာဉ်နဲ့ နိုင်ရိုဘီကနေ ဘန်ကောက်၊ နောက် ရန်ကုန်ကို ခေါ်ဆောင်ခဲ့ကြတယ်။ သံရုံးတာဝန်ရှိ သူတွေ လာတွေ့ပြီး အားပေးစကားတွေလည်း ပြောကြပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်အားခ၊ လစာတွေအတွက်လည်း ညှိနှိုင်းဆောင် ရွက်ပေးမယ်လို့ ပြောပါတယ်" ဟု ၎င်းက ပြောသည်။

ပြန်လည်ရောက်ရှိလာသော ရေလုပ်သားများသည် နိုဝင်ဘာလ ၄ ရက်နေ့ တွင် ရန်ကုန်မြို့မှ ၎င်းတို့၏ နေရပ်အသီးသီးသို့ ထွက်ခွာ သွားကြပြီဖြစ်သည်။

No comments:

Post a Comment