Wednesday, November 23, 2011

ပစ်တိုင်းထောင်

ပစ်တိုင်းထောင်

ရုပ်သေးလို ကြိုးမရှုပ်
ခပ်ရှင်းရှင်းဘဲ လုပ်တတ်သူ

သတ္တိမကြောင် ခေါင်းကိုထောင်
မျက်တောင်မခတ်ဘဲ ကြည့်ရဲသူ

မားမားမတ်မတ် နေထိုင်တတ်
ဘယ်သူ့ကိုမှ ဦးမညွှတ်သူ

နောက်ကိုမကြည့် ဘေးမလှည့်
ရှေ့တည့်တည့်ဘဲ ကြည့်တဲ့သူ

မျက်စိမမှိတ် ခေါင်းမညိတ်
ချွေးသိပ် ကြောသပ်မခံသူ

ဟန်ဆောင်မှုရှင်း မာနကင်း
မျက်နှာချင်းလည်း ဆိုင်ရဲသူ

ဒူးလည်းမထောက် လက်မမြောက်
ဘယ်သူ့ကိုမှ မကြောက်သူ

ပစ်ပေါက် တွန်းလှဲ လဲ ချင် လဲ
တစ်ယောက်တည်းဘဲ ထူ ထ သူ

စိတ်ဓါတ်ကြံ့ခိုင် မယိမ်းယိုင်
လက်မှိုင်မချ နေတတ်သူ

သူ့ရုပ်ကို မုန်း ထု နှက်အုံး (ဦး)
အပြုံးမပျက် နေပြသူ

သူ့ကိုနှိပ်စက် ခံရခက်
မေတ္တာမပျက် ခွင့်လွှတ်သူ

မြင်သူတိုင်းက မြတ်နိုးကြ
လေးစား အားကျ ခံရသူ။ ။

ရေးသူ ကိုရွှေပုဆိုး

( ကျွန်မတို့မြန်မာမှာ ပစ်တိုင်းထောင်ရုပ်လေးဟာ ဇွဲရှိတာကို ကိုယ်စားပြုတယ်။
သတ္တိရှိတာကိုဖေါ်ကြူးတယ်။လောကဓံအဆိုးများနဲ့ရင်ဆိုင်ရတဲ့အခါ
ပစ်တိုင်းထောင်ရုပ်လေးကို ဥပမာပေးပြီး သတ္တိမွေးခိုင်းလေ့ရှိပါတယ်။ ဒီပစ်တိုင်းထောင်ရုပ်လေးကိုမြင်ပြီး စိတ်ဓါတ် ခွန်အားတွေဖြည့်ခဲ့ရပါတယ်။ ကျွန်မတော့ ဒီကဗျာကိုဖတ်ရတဲ့အခိုက်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို မြင်မိပါတယ်။ မိတ်ဆွေများဘယ်လိုသဘောထားမယ်မသိပေမယ့်
ဖတ်ကြည့်ပြီးနှစ်သက်တာနဲ့ပို့ပေးလိုက်ပါတယ်။)

ကြည်ကြည်လွင်

No comments:

Post a Comment