Sunday, November 13, 2011

လူကိုဖတ်ခြင်း (ကြည်ကြည်လွင်)

လူကိုဖတ်ခြင်း

လူ...
သူ ငါ မင်း ခင်ဗျား...
ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်သူများ
အားလုံးဟာ လူ။

ဂူ ထဲမှာ လူ
တဲ ထဲမှာ လူ ၊တိုက် ထဲမှာ လူ
ပန်းခြံထဲ မှာ လူ
ဘေးမသန်းဘဲ အေးချမ်းတဲ့
အအေးခန်းထဲ မှာ လူ။

ရေပြာကမ်းရိပ် ဘီယာငြိမ့်သူ
လှိုင်းကြားလှေပေါ် ရေမှာ ပျော်သူ
ငတ်မွတ်ခေါင်းပါး အီသီယိုးပီးယား က လူ
စစ်ဘေးဒဏ်ခံ လယ်ဘနွန် က လူ။

စစ် တိုက် တာ လူ
ချစ် ကြိုက် တာ လူ
ပြုံးပြတာ လူ ဗုံးချတာ လူ
ဒုန်းပျံဆောက်တာ လူ ဗုံးဆန်ဖောက်တာ လူ။

တရားချင်းဆိုင်တဲ့ လူ
ဓါးချင်းပြိုင်တဲ့ လူ
အဇ္ဈတ္တ တွင် ဖြူစင်သူ
ရှစ်စပ် က ဂျင်ခြေလည်သူ။

နာဇီ အိုက်ခ်မန်း ဂျူးခြောက်သန်းကို သတ်တဲ့သူ
ဘာမထီ အောင်ဆန်း လွတ်လပ်ရေးပန်း သက်စွန့်လှမ်းသူ

အဇာတသတ် ဒေ၀ဒတ်
အမှားဇာတ်ခင်းတဲ့ လူ
အာနႏၵာ သိဒ္ဓတၱ
တရားမြတ်ရတဲ့ လူ။

လူ့ထုပ်ပတ္တိ ကောင်းဆိုး ညှိယူ
လူ ပဓါန လူ့ဘ၀ ကို
လူမှု ပြဌာန်း လူရဲ့လမ်းကြောင်း
သမိုင်းကောင်းမှ အတ္တ ပရ
မျှတ ရည်သန် လူ့တရားမှန်နဲ့
လူသားဆန်စွာ နေကြရအောင်။

ကဗျာ ရေးသူ ရဲရင့်ဝေ
၁၉၈၇ ခုနှစ် ဇန္န၀ါရီလ မြတ်လေးမဂ္ဂဇင်း
ဒီကဗျာလေးပို့ပေးဖူးလားမသိပေမယ်
့ အခုထပ်ပို့ပေးလိုက်ပါတယ်။ နှစ်ခါဖြစ်သွားရင်လည်းသည်းခံပေးပါ။

လူတွေဟာ အခု ပစ္စုပန်ကာလမှာ ဆုံးဖြတ် လှုပ်ရှား လုပ်ကိုင်နေသမျှတွေဟာ နောင်တချိန်ကျတော့ သမိုင်းအဖြစ် ပြန်မြင်နေရတဲ့ အဖြစ်ပျက်တွေပေပဲ။ ကိုကျော်မင်းရော အဲဒီလိုမြင်တယ်မို့လား။ အဲဒီတော့ သမိုင်းဆိုတာ အမှားအမှန် ကို ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။ အဖြစ်အပျက်အမှန်တရားကိုဖေါ်ပြပေးတာပါ။
ဒါပေမယ့် အစ်မတို့နိုင်ငံမှာက အစ်မ မီတဲ့ မှတ်မိတဲ့ လွန်ခဲ့တဲ့ ၂၃ နှစ်က စ လို့ အခုထိ သမိုင်းကို အမှောင်ချထားကြတယ်။ သမိုင်းကို အရောင်ဆိုးထားကြတယ်။ သမိုင်းကို တန်ဖိုးမဲ့အောင် လူငယ်တွေ သမိုင်းကို စိတ်မ၀င်စားအောင် အတုအယောင် အပေါ်ယံ ရှပ်ရှပ် လေးတွေသာ သိစေတယ်။ ဒီနေ့ သင်နေတဲ့ သမိုင်းကို အလယ်တန်းပညာရေးကစလို့ ဖတ်ကြည့်ရင်  သမိုင်းကို ၀တ်ကျေ တန်းကျေဘဲဖတ်ခိုင်းတယ်ဆိုတာမြင် ရမယ်။
သမိုင်း ကို ဖတ်ရုံဘဲ ဖတ်ခိုင်းတာနော။ စိတ်ဝင်တစားနဲ့ သဘောပေါက်အောင်သင်မပေးပါဘူး။ ဒါဟာ ပညာရေးဌာနရဲ့ လုပ်ကြံချက်ဖြစ်သလို ပညာရေးဝန်ထမ်းတွေရဲ့အားနည်းချက်လည်းဖြစ်တယ်။ လူငယ်တွေ သမိုင်းကို ဂ ဃ န ဏ မသိတော့ ဘာဖြစ်သလဲလို့မေးချင်မေးချင်မှာပေါ့နော်။

ကိုယ့်တိုင်းပြည်သမိုင်း ကိုယ်မသိတဲ့သူဟာ ကိုယ့်မိသားစုအကြောင်း ကိုယ်မှီခိုရပ်တည်နေတဲ့ ကိုယ့်အိမ် တန်ဖိုး မသိဘဲ။  တခြားမိသားစု တခြားအိမ်တွေကို အထင်ကြီး တပ်မက်တဲ့ စိတ်တွေဖြစ်လာပြီး ကိုယ့်မိသားစု ကိုယ့်အိမ်ကောင်းကျိုးမကြိုးစားချင်တော့ဘဲ သူများကို အထင်ကြီးတဲ့စိတ်တွေကြောင့် ကိုယ့်လုပ်ရပ်ဟာ သူများကို အလုပ်ကျွေးပြုနေလို့ ပြုနေမှန်းမသိတဲ့ ဘ၀တွေဖြစ်နေကြတယ်လို့အစ်မမြင်တယ်။ အစ်မရဲ့အမြင်ဟာသာမန် ပြည်သူတယောက်ရဲ့အမြင်မို့ ကိုကျော်မင်းတို့လို သဘောတရားရေးရာတွေ၊ ၀ါဒတွေ၊ နိုင်ငံရေးဒသနတွေ သင်ခဲ့ကြရတဲ့ သူတွေအဖို့တော့ ရယ်စရာဖြစ်နေမလားမသိပေမယ့် အစ်မ တော့ ရေးပြချင်တယ်။ ဘာလို့လဲဆိုတော့ အစ်မ မှားနေတာတွေ ၊ မပြည့်စုံတာတွေအတွက် ဝေဖန်ထောက်ပြပေးခဲ့မယ်ဆိုရင် အစ်မအတွက် ပညာဗဟုသုတ တိုးတာပေါ့နော။
ပြန်တွေးမိရင် အစ်မ ငယ်ငယ်တုန်းက သမိုင်းဘာသာရပ်ကို စိတ်မ၀င်စားဘူး။ ဘုရင်တစ်ပါးထဲကို ပဲ ဘွဲ့တွေ အမည်နာမတွေ ၂ မျိုး ၃ မျိုးမှတ်ရတာကို စိတိရှုပ်လို့ပါ။ အခုနောက်ပိုင်းမှ သမိုင်းစာအုပ်ဆိုပါတော့လေ။ ဆရာညိုမြ ရဲ့ ကုန်းဘောင်ရှာပုံတော် လို ဆရာမြသန်းတင့်ရဲ့ တောင်သမန်ရွှေအင်းလို ထားဝယ်မောင်သန်းဆွေရဲ့ရှေ့တော်ဝင်မှတ်တမ်း၊ သတင်းစာဆရာဆရာကြီးဦးသိန်းမောင်ရဲ့ မြန်မာ့သူရဲကောင်းလို စာအုပ်မျိုးတွေဖတ်ရင်း၊ ဆရာကျော်အောင်ဘာသာပြန်တဲ့ နေ၀င်ဘုရင်များ ၊ ပညာဝန်ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်ရာဇ၀င် ဖတ်စာ စာအုပ်မျိုးတွေကိုဖတ်ရင်း စိတ်ဝင်စားခဲ့တယ်။ ဒီတော့မှ သမိုင်းဆိုတာ အရင်က အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားခဲ့ကြတာ နောင်လာနောက်သားတွေဖတ်ရုံဘဲ မဟုတ်ဘဲ၊ အဖြစ်အပျက်တွေ ဆုံးဖြတ်ချက်တွေ ကိုလေ့လာသင်ယူဖို့လို့နားလည်ခဲ့တာပါ။ နိုင်ငံတိုင်းရဲ့ သမိုင်းကြောင်းဟာ အဆိုးရော အကောင်းပါ ဒွန်တွဲ  ဖြတ်သန်းခဲ့ကြရတာပဲ။ ဒီတော့ အတိတ်မှာဖြစ်ခဲ့တဲ့အဆိုးတွေ အမှားတွေဟာ လက်ရှိအချိန်အတွက် သင်ခန်းစာတွေမဖြစ်သင်ကြားပြီး နောင်အနာဂတ်မှာ အဲဒီလိုအမှားတွေ အဆိုးတွေ မဖြစ်စေဖို့ သတိထားရှောင်ကျဉ် နိုင်ကြရမယ့် တာဝန်လူတိုင်းမှာရှိတယ်။ ဒါဟာ နိုင်ငံ့အရေးကိစ္စမို့ နိုင်ငံရေးလုပ်တယ်ဆိုချင်ဆိုနိုင်ပါတယ်။ ကိုယ်နေတဲ့ကိုယ့်နိုင်ငံ အရေးကိစ္စ ကို စိတ်ဝင်စားတာ ကိုယ်နိုင်တဲ့တာဝန်ကိုယူတာ ကြောက်စရာကောင်းတဲ့ ကိစ္စ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်မှာနေပြီး ကိုယ်က မြန်မာနိုင်ငံမှာမွေး ဒီမြေမှာနေ ဒီရေသောက်ပြီး  ဒီနိုင်ငံရဲ့ အရေးကိစ္စ စိတ်ဝင်စားစရာမလိုဘူး လို့ သဘောထားသူတွေကမှ ထူးဆန်းတာ ကြောက်စရာကောင်းတာပါ။အဲဒီလို သဘောထားသူတွေများလာရင်၊ ကိုယ့်ကိုယ်ကျိုးလောက်ဘဲကြည့်တတ်တဲ့
သူတွေများလာရင် ကိုယ့်တိုင်းပြည်ဟာ အမည်ခံသက်သက်နဲ့ဘဲရပ်တည်ရတဲ့အခြေအနေကိုရောက်သွားလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးတယ်။“ သူများအမှီအခိုနဲ့ ရပ်တည်တဲ့ နိုင်ငံဟာ  တကယ်လွတ်လပ်တဲ့နိုင်ငံ မဖြစ်နိုင်ဘူး။“ ဆိုတဲ့စကားပါ။

အားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ပြန်လည်တည်ထောင်နိုင်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာ ပါလို့ ပြန်ပြီး ခေါင်းမော့ ရင်ကော့နိုင်တဲ့အချိန်အမြန်ဆုံးရောက်စေဖို့ စိတ်ဆန္ဒအမြဲရှိတယ်။ တခါတခါ တော့လည်း တို့ခေတ်ကျမှ ညံ့ကြတော့မှာလားလို့ မချင့်မရဲနဲ့တွေးမိတယ်။ တခါတခါတော့လည်းပြည်သူအများစုက အကြောက်တရားနဲ့နေကြရတာမို့၊ ကြောက်လောက်အောင်လည်းလုပ်ထားကြတာမို့ နှောင့်နှေးနေ
တာဖြစ်မှာပဲလို့ တွေးမိတတ်ပြန်ရော။ တချို့က အစ်မနဲ့စကားပြောတဲ့အခါ အစ်မ ဒီလိုစာတွေပို့နေတာ ဒီလိုစကားတွေပြောနေ
တာ ကျွန်တော်သာMI ဆိုရင်အဖမ်းခံရမှာမကြောက်ဖူးလား။ အစ်မ ရဲ့ IP  ကိုလိုက်လို့ရတယ်တဲ့။ အစ်မကတော့ အမှန်တရားကိုယုံကြည်တယ်။ ရိုးသားမှုကို မြတ်နိုးတယ်။ဒါတွေကြောင့် ဘာမှ သိပ်ဂရုစိုက်မနေတော့ပါဘူး။ ဒီလိုသာကြောက်နေရင် ဒီလို မိတ်ဆွေတွေ ဘယ်လိုရပါတော့မလဲ။ ဖြစ်ကာမှ ဖြစ်ရောဘဲလို့ စိတ်ဆုံးဖြတ်ထားတာပါ။

ဒီတော့ ဆက်ရေးချင်တာက အခု အစ်မတို့တွေ့ကြုံနေရတဲ့ အခြေအနေနဲ့ လုပ်ရပ်တွေ ဆုံးဖြတ်ချက်တွေဟာ တို့နောက်မှာ ကြီးပြင်းရပ်တည်ကြမယ့်လူတွေအတွက် အကျိုးသက်ရောက်မှုအများကြီးရှိနေမယ်လို့ယုံကြည်တယ်။

ဒါကြောင့်လည်းအတတ်နိုင်ဆုံးကောင်းရာကောင်းကြောင်းတွေကိုသာ လက်ဆင့်ကမ်းပေးချင်တာပါ။ အဲဒီလိုစေတနာကို လူတိုင်ထားနိုင်တာပဲလေ။ တကယ်တော့ လူ့ဘ၀ရဲ့သက်တမ်း ဟာ ခဏလေးပါ။ နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက်နေရမယ့် အချိန်ဆိုတာ အကြာကြီးလို့ ထင်နေကြပေမယ့်မထင်မှတ်တဲ့ သေခြင်းတရားက ရုတ်တရက်ဖြစ်နိုင်သလို အိုနာ ရောဂါဘေးတွေကြောင့်လည်းသေနိုင်ပါတယ်။
ဒါပေမယ့်လူတွေဟာ နေ့စဉ် နေ နေ ကြတဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင်သေခြင်းတရားဆိုတာရှိတယ်ဆိုတာလောက်ဘဲ အသိမှတ်ပြုထားကြတယ်။ ငါ လည်းတနေ့တော့ သေမှာဘဲဆိုပေမယ့်
သေခြင်းတရားဆိုတာ ငါနဲ့ဝေးနေသေးတယ်လို့ ခံယူထားကြတယ်လေ။ ဒါကြောင့် ငါ့ ဘ၀မှာ ငါ လိုချင်တာ ငါဖြစ်ချင်တာ ငါ လုပ်ချင်တာ တွေများလာတဲ့အခါ သူတပါးအတွက် ကိုယ်ချင်းစာတရားတွေထားဖို့မေ့ထားတတ်ကြတယ်ထင်ရဲ့ ။ လောကကို အကျည်းတန် အရုပ်ဆိုးစေတာ အဲဒီအကြောင်းတရားတွေကြောင့်ပဲလို့ထင်မိတယ်။ ပြီးတော့ အသိဥာဏ်ပညာ နိမ့်ကျ နည်းပါးမှုကြောင့်လည်း ကုသိုလ် အ ကုသိုလ် ကောင်းမှု မကောင်းမှု အကြောင်းအကျိုး အကောင်း အဆိုးတွေကို မဝေဖန် မပိုင်းဖြတ်တာလဲပါမယ်ထင်ရဲ့။ ကိုကျော်မင်း ကြုံဖူးချင်မှ ကြုံဖူးမယ်။ဘာလို့လဲဆိုတော့ လိုင်းကား ဘတ်စ် ကား စီးမယ် မစီးဘူး မသိလို့ပါ။ အစ်မ က လိုင်းကားစီးပြီး နေ့တိုင်းရုံးတက် ရုံးဆင်းလုပ်ရတဲ့သူဆိုတော့ စပ်စုတတ်တဲ့ အလေ့ကြောင့် လူတွေကို မြင်တတ်တယ်။ တခါက လိုင်းကားပေါ်မှာ ဒီဇင်္ဘာလ ကုန်ကာနီးလောက်ပေါ့။ ကားလမ်းဘေးမှာ ရှိတဲ့ မူကြိုကျောင်းရှေ့မှာ ကလေးတွေကို လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲလုပ်နေတာ ကားဖြတ်သွားရင်းနဲ့တွေ့တော့ ကားပေါ်မှာ မတ်တပ်ရပ်စီးရင်းပါလာတဲ့ အသက် ၂၀ အရွယ်လောက် ဆောက်လုပ်ရေးအလုပ်သမားတွေ သူတို့အချင်းချင်းစကားပြောတာကြားလိုက်ရတော့  ကိုယ့်တိုင်းပြည်အရေး ရင်လေးမိတယ်။ အဲဒီထဲက တယောက်က “ ကလေးတွေပြိုင်ပွဲလုပ်နေတာ လွတ်လပ်ရေးနေ့အတွက်တဲ့” တယောက်က “လွတ်လပ်ရေးနေ့ဘယ်နေ့လဲ” ဆိုတော့ ပြန်ဖြေတဲ့သူက “ အင်း ဟိုတနေ့က ဖြစ်မှာပေါ့” တဲ့ ။ ကဲ ကြားလို့မှကောင်းသေးရဲ့လား။ ဒီအသက်အရွယ်နဲ့ စာလည်းရေးတတ်ဖတ်တတ်ရှိပါရဲ့နဲ့၊ ကိုယ့်လွတ်လပ်ရေးနေ့ ဘယ်နေ့ဆိုတာ မသိတာခက်ပါလား။ ဒီတော့ အကြားမတော်လို့ အစ်မ ကပဲ။ “ လာမယ့် ဇန္န၀ါရီလ လေးရက်နေ့ မှ လွတ်လပ်ရေးနေ့၊ ၁၉၄၈ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တယ်။ အဲဒီလိုမှတ်ထား။” ပြောလိုက်တော့ “ မှတ်ပါတယ် မှတ်ပါတယ်” တဲ့။ “ ကိုယ်နေတဲ့ တိုင်းပြည်လွတ်လပ်ရေးနေ့လောက်တော့ မှတ်ထားသင့်တာပေါ့“လို့ထပ်ပြောလိုက်မှ သူတို့တည်တည်တန့်တန့် ဖြစ်သွားကြတာ။ တစ်ခုတွေးမိတော့လည်း သူတို့ဘ၀ နေထိုင်မှုမှာ နေ့စဉ်စားဝတ်နေရေးနဲ့ ပင်ပင်ပန်းပန်း လုပ်စားကြရတဲ့အတွက် ပင်ပန်းဆင်းရဲမှုတွေပျောက်အောင် ဖြစ်တဲ့ဘ၀မှာ ပျော်ပျော် နေထိုင် ဖို့ဘဲတွေးထားတယ်ထင်မိတယ်။ ဘ၀ တွေက ကြမ်းတမ်းတော့ စိတ်ထားက မသိမ်မွေ့ဘူး၊ လုပ်ရပ်ကလည်း ကြမ်းတမ်းတာ ဓမ္မတာပဲလေ။ လူဆိုတာနေရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြုမူတတ်ကြတာပဲမို့လား။ ဒီလိုလူမျိုးတွေ နည်းပါးစေချင်တယ်။ ဒီလူတွေဟာ သူတို့ကို သူတို့ကြမ်းတမ်းတယ်ဆိုတာတောင်မသိပဲ နေရိုးနေစဉ် လုပ်ရိုးလုပ်စဉ်တခုလို့ဘဲနားလည်ထားကြတာလေ။ မသိလို့မိုက် နေတယ်လို့ဆို ချင်ဆိုနိုင်တာပေါ့။ မသိလို့ မိုက်တာ ရိုင်းတာ ဆိုရင် သိသွားတဲ့အခါ လိမ္မာ ယဉ်ကျေးနိုင်တာပေါ့နော။ အကောင်းဖက်ရောက်အောင် သူတို့လိုလူမျိုးတွေကို ငယ်စဉ်ကတည်းက တတ်နိုင်သလောက် ပညာသင်ထောက်ပံ့ကြ၊ စိတ်ဓါတ်တွေယဉ်ပါးအောင်ဝိုင်းဝန်း လုပ်ပေးနိုင်ကြမယ်ဆိုရင်ကောင်းမှာဘဲလို့တွေးမိတယ်။ 

လူတချို့ဟာလေ ပညာကိုမသင်ရလို့ ၀မ်းနည်းရကောင်းမှန်း မသိကြဘူး။ ဒီလိုလူတွေက ပညာရဲ့ အစွမ်း ပညာရဲ့ တန်ဖိုးကို နားမလည်လို့ မနှမြောတတ်ပေမယ့် ပညာရဲ့ တန်ဖိုးကို သိပါရဲ့နဲ့ ပညာမသင်နိုင်တဲ့လူတွေ ကျတော့ပညာမသင်နိုင်တဲ့ အတွက် ၀မ်းနည်းတသ ဖြစ်နေကြရတယ်။

ဆရာတော်ဦးသုမင်္ဂလ ( ဒယ်အိုးဆရာတော်) ဟောတဲ့တရားထဲမှာ  ပညာသင်တာဘာ့ကြောင့်လဲ။ ပညာသင်တယ် ဆိုတာ အကြောင်းအကျိုး အကောင်း အဆိုးကို သိအောင်လို့တဲ့။ ဒီတော့ လောကကြီးမှာ အကြောင်းအကျိုး အကောင်း အဆိုးကို ခွဲခြားနိုင်စွမ်းရှိတဲ့ ပညာတတ်တွေ ဂရုဏာစိတ်ထားနဲ့ လူ့လောကကို အလှဆင်နိုင်စေဖို့ မျှော်လင့်မိတယ်။ ကိုကျော်မင်းပြန်ပြောချင်တာရှိမှာဘဲ။ ပြန်ရေးပေးစေချင်တယ်။ မိသားစုအားလုံးကျန်းမာရွှင်လန်းပါစေ။

ခင်မင်စွာဖြင့်
အစ်မ ကြည်ကြည်လွင်
ရန်ကုန်မြို့
၁၅.၈.၂၀၁၁

No comments:

Post a Comment