Sunday, November 6, 2011

အာဆီယံဥက္ကဋ္ဌတာဝန်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလတွင် တွန်းအားတစ်ခုဖြစ်လာနိုင်


အာဆီယံဥက္ကဋ္ဌတာဝန်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလတွင် တွန်းအားတစ်ခုဖြစ်လာနိုင်
ဇော်ဝင်းသန်းနှင့် ကျော်ဆုမွန်
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ မာတီနာတာလီဂါဝါတို့ တွေ့ဆုံအပြီး တွေ့ရစဉ်။
ဓာတ်ပုံ - ရတနာ

မြန်မာနိုင်ငံတွင် လက်ရှိအရပ်သား အစိုးရသစ်တက်ပြီး နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားအချို့ လွှတ်ပေးခဲ့ခြင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ခြင်း၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် အပြန်အလှန် ဆွေးနွေးခြင်းတို့သည် ထင်ရှား မြင်သာသည့် နိုင်ငံ ရေးဖြစ်ပေါ် ပြောင်းလဲမှုများဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ မာတီ နာတာလီဂါဝါက အောက်တိုဘာလ ၂၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံစဉ် မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာအစိုးရ၏ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခွင့်ရရှိရေးအတွက် အဆင်သင့် ပြင်ဆင်နေမှုများနှင့် ပတ်သက်ပြီး ယခုလ ဘာလီကျွန်းတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံ၌ အခြားအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များထံ ဆက်လက်တင်ပြဆွေးနွေးမည်ဟု ၎င်းက ပြည်တွင်း၊ ပြည်ပ စာနယ်ဇင်းသမားများနှင့် အဆိုပါနေ့က တွေ့ဆုံရာတွင် ပြောသည်။

"မြန်မာနိုင်ငံကို အဓိကလာရောက်ရ ခြင်းကအခု မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲလာမှုတွေကို ပဏာမ လာရောက် လေ့လာခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ သိသာထင်ရှားပါတယ်။ ဒီပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ယူနိုင်ဖို့အတွက် စဉ်းစားဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အင်ဒိုနီးရှားပြန်ရောက်တဲ့အခါ ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြား ရေးဝန်ကြီးတွေနဲ့ ပြန်လည်ရှင်းပြပြီး ဆွေးနွေးမှာပါ"ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းသည် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အ၀န်း တည်ဆောက်ရေး၏ အကြို ကာလတွင် ရောက်ရှိနေခြင်းကြောင့် ထိုကာလတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားမည့် အဖွဲ့ ၀င်နိုင်ငံအနေဖြင့် အထူးတာဝန် တစ်ရပ်ဖြစ်ကြောင်း ၎င်းကပြောသည်။

"၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ အသိုက်အ၀န်းမှာ အလေးထား ဆောင်ရွက်ဖွယ်ရာ ဖြစ်လာမှာပါ"ဟု ၎င်းက ဆက်ပြောသည်။

"မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက သိသာထင်ရှားပါတယ်။ တကယ်လို့ ကျွန်တော်တို့မျှော်လင့်သလို မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အားထုတ် ရာမှာပိုပြီး တွန်းအားပေးသလိုဖြစ်စေမှာပါ"ဟု ဒေါက်တာ နာတာလီဂါဝါက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား မှာလည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ၎င်းက ပြောသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိပါတယ်။ အာဆီယံအနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေနဲ့ အမြဲထိတွေ့ ဆက်ဆံနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သာမက အာဆီယံအဖွဲ့ဝင် ပြည်သူ တွေရဲ့ဆန္ဒလည်း အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် အပြုသဘောအမြင်ရှိပြီး အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ အလျောက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့် ရှိတယ်ဆိုတာကိုလည်း သူက နားလည်သဘောပေါက်ကြောင်း ထုတ်ဖော် ပြော ကြားပါတယ်။ မြန်မာပြည်သူအားလုံး လိုလားတဲ့ ဆန္ဒဖြစ်သလို အာဆီယံ ပြည်သူတွေရဲ့ဆန္ဒလည်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

"မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးအတွက် မြန်မာအစိုးရက တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံရေး ပြောင်းလဲမှုတွေက သိသာထင် ရှားပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့နှစ် အနည်းငယ်ထက်စာရင် အခု မြန်မာနိုင်ငံမှာ အများကြီး ပြောင်းလဲနေတာကို တွေ့ရှိခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။

"၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ဆုံးဖြတ်ချက်က အာဆီယံ အဖွဲ့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကော၊ အာဆီယံက ပြည်သူတွေကော အားလုံး မဲပါနိုင်တဲ့အဖြေတစ်ခုကို ရအောင်လို့ တော့ ဖြစ်နိုင်တယ်လို့ ကျွန်မ မျှော်လင့်တယ်လို့တော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးစဉ်တုန်းက ပြောခဲ့ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
http://www.myanmar.mmtimes.com/2011/news/542/news07.html

No comments:

Post a Comment