Thursday, November 10, 2011

ရွှေသဘာဝဓါတ်ငွေ့ဖြင့် ချက်ချင်း ( ၂၄ ) နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုတစ်ရပ်ကို ရခိုင်ပြည်နယ်ရှိမြို့နယ်အများအပြား၌ ပြုလုပ်


ရွှေသဘာဝဓါတ်ငွေ့ဖြင့် ချက်ချင်း ( ၂၄ ) နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုတစ်ရပ်ကို ရခိုင်ပြည်နယ်ရှိမြို့နယ်အများအပြား၌ ပြုလုပ်
                                                   
                                                                    ရက်စွဲ။  ။၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ(၁ဝ)ရက်။

ဒီနေ့ ၂ဝ၁၁ ခု၊နိုဝင်ဘာလ ၁ဝ ရက်နေ့  တန်ဆောင်မုန်းလပြည့်ညမှာ  ချက်ချင်း (၂၄) နာရီ လျှပ်စစ်မီး ရရှိရေး  ပိုစတာ ကပ်၊ ဖြန့်၊ကြဲ လှုပ်ရှားမှု ကို ရခိုင်ပြည် အနှံ့  ပြုလုပ်လိုက်ပါတယ်ဒီ(၂၄) နာရီ လျှပ်စစ်မီးရရှိရေး  ပိုစတာ ကပ်၊ဖြန့် ၊ကြဲ နဲ ဆေးမှုတ် ခြင်း လှုပ်ရှားမှုကို  ၂၄ နာရီ လှုပ်ရှားမှု အင်အားစု - ရခိုင်ပြည် (24 Hours Action Groups -Rakhine State) က  စစ်တွေ၊ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ကျောက်ဖြူ၊ ရမ်းဗြဲ၊တောင်ကုတ် အစရှိတဲ့  မြို့ကြီးများ နှင့် တခြားမြို့နယ်များ ရှိ ဇတ်ပွဲသဘင်များနဲ့ လူစည်ကားတဲ့နေရာတွေမှာ တပြိုင်တည်း၊တချိန်တည်း အချိန်ကိုက် ချိတ်ဆက် လုပ်ရှားလိုက်တာဖြစ်ပါတယ်။

                     ဒီ လှုပ်ရှားမှုကို ပြုလုပ်ရတာက မြန်မာအစိုးအနေနှင့် ရခိုင်ကမ်းလွန် ရွှေသဘာဝဓါတ်ငွေ့သိုက် မှထွက်တဲ့ သဘာဝဓါတ်ငွေ့များကို အသုံးပြုပြီး ရခိုင်ပြည်နယ်ဝန်း ကျေးလက်၊မြို့ပြ ဒေသများ အားလုံးကို ချက်ချင်း  (၂၄) နာရီ လျှပ်စစ်မီးရရှိအောင် လုပ်ပေးဖို့ တောင်းဆို တိုက်ပွဲဝင်လိုက်တာ ဖြစ်ပါတယ်။

                ကျနော်တို့  ရခိုင်ပြည်မှာ သဘာဝဓါတ်ငွေ့ အများအပြားထွက်နေတယ်။ ဒါပေမယ့် ကျနော်တို့  ရခိုင် လူမျိုးများဟာ ဖေါင်းစီးရင်းရေငတ် ညှော်ခံဒဏ်ဝ ဆိုတဲ့ ဘဝအခြေအနေကို ရင်ဆိုင်နေရတယ်။ ရခိုင်ပြည်ရဲ့  မြို့တော် စစ်တွေမြို့မှာတောင် တစ်နေ့ကို လျှပ်စစ်မီး ()နာရီခန့်သာရတယ်။ လျှပ်စစ်ဓါတ်အား တစ်ယူနစ်( ကီလိုဝပ် နာရီ )ကို ၅ဝဝ ကျပ်နှုန်းပေးနေ ရတယ်။  ရန်ကုန်၊ မန္တလေး၊နည်ပြည်တော် တဲ့ မြန်မာနိုင်ငံပြည်မ မှ မြို့များမှာ လျှပ်စစ် ဓာတ်အား တယူနစ်ကို (၂၅) ကျပ်နှုန်းသာ ပေးရတယ်။ နိုင်းယှဉ်ကြည့်ရင်  ကျနော်တို့  ရခိုင်ပြည်သူတွေ အဆ(၂ဝ) ပိုပေးနေရတယ်။

            ရခိုင်ပြည်နယ်မှ ထွက်တဲ့  သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်သူ ပြည်သားတွေ အကျိုးခံစားခွင့် ရှိရမယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ဖွံ့ဖြိုးတိုးတက်မှုအနှးကွေးဆုံးဖြစ်နေတဲ့ ကျနော်တို့   ရခိုင်ပြည်မှာ မသုံးစွဲဘဲ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချတယ်။ ကျန်တာကို မြန်မာနိုင်ငံပြည်မ မှာ အသုံးပြုမယ်။ ဒါဟာ ကျနော်တို့ ရခိုင်ပြည် အပေါ် နိုင်ငံတော် အစိုးရအနေနဲ့ ငဲ့ညာမှုမရှိဘဲ လက်လွတ်စံပယ် လုပ်လိုက်တာဖြစ်တယ်။ ဒီရွှေသဘာဝဓါတ်ငွေ့စီမံကိန်းကိစ္စမှာ မြန်မာအစိုးရရဲ့ လုပ်ရပ်ဟာကျနော်တို့ ရခိုင်ပြည်၊ ရခိုင်လူမျိုးအတွက်  ကောင်းကျိုး မဖြစ်ဘဲ၊ဆိုးကျိုးသာဖြစ်တယ်လို့ ကျနော်တို့  ခံစားရတယ်။
               တကယ်တော့ ကျနော်တို့  ရခိုင်ပြည်သူ တစ်ရပ်လုံးဟာ ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ ရဲ့  မူလပိုင်ရှင် အစစ်ဖြစ်တယ်။ ရခိုင်ပြည်ကထွက်တဲ့ သဘာဝ ဓာတ်ငွေ့ ကို ဆင်းရဲမွဲပြာကျနေတဲ့ ရခိုင်ပြည် ဖွံ့ ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိအောင် လုပ်ပေးဖို့လိုအပ်ပါတယ်။

                                          ဒါကြောင့် ရခိုင်ပြည် ကျေးလက်၊ မြို့ပြ မကျန် ချက်ချင်း (၂၄) နာရီ လျှပ်စစ်မီး ရရှိရေးကို နိုင်ငံတော်အစိုးက တာဝန်သိသိနဲ့ ချက်ချင်း လုပ်ပေးရန် ကျနော်တို့ (၂၄)နာရီလှုပ်ရှားမှုအင်အားစု(ရခိုင်ပြည်) မှ တိုက်ပွဲဝင် တောင်းဆိုလိုက်တယ်။


‘ငါတို့ရွှေဂက်(စ်)ကို ငါတို့သုံးခွင့်ရှိရမည်။ အခုချက်ချင်း ၂၄ နာရီမီးပေးပါ။



၂၄ နာရီ လှုပ်ရှားမှု အင်အားစု  (ရခိုင်ပြည်)
24 Hours Action Groups (Rakhine State)


ဆက်သွယ်ရန်
24.basic.rights@gmail.com

No comments:

Post a Comment