Tuesday, August 9, 2011

တော်တဲ့မှန်ကန်သော ဆေးတလက်ဖြစ်ရေး

တော်တဲ့မှန်ကန်သော ဆေးတလက်ဖြစ်ရေး
 
ခုတလော အောင်လိုင်း ဂရု တစ်ခု နှစ်ခုမှာ လူမျိုးရေး (တိုင်းရင်းသားရေး) ပတ်သက်လို့ ဆွေးနွေးနေကြတာတွေ့ ရပါသည်။ အောင်လိုင်းဖြစ်သည်နှင့်အညီ အမည်ဝှက်နှင့်ဆွေးနွေးသူများလဲပါပါသည်။ ဆွေးနွေးရင်း အဆဲတွေ လည်းပါလာပါသည်။ ပညာရှင်အဆင့်၊ ကျွမ်းကျင်သူအဆင့်ဆွေးနွေးမှု မဟုတ်သော်လည်း ပြည်သူထဲ ကပြည့်သူ တို့ အသံတွေ၊  သဘောထားတွေလို့ ပြော၍ရနိုင်ပါသည်။ ဒီဆွေးနွေးမှုသည် လူမျိုးရေးနှင့်မျိုးချစ်စိတ် ထင်ဟပ်မှု ကို အခြေခံခြင်းဖြစ်သည်။ တဆက်တည်းတွင် ဆရာထင်လင်း ရေးသည့် စာမော်ကွန်း မဂဇင်း ပါ “မျိုးချစ်စိတ် ဟူသည်” ဆောင်းပါးကို တယောက်ကတင်ပေးလာ၍ ဖတ်လိုက်ရသည်။ သည်နောက် ကျနော် ဒီဆောင်းပါး ရေးဖို့စိတ်ကူးမိလာသည်။  
(ပြဿနာကို ထဲထဲဝင်ဝင် မြင်သိပါမှ ပြဿနာ၏ဇစ်မြစ်ကိုသိကာ ကုစားရလွယ် မည်ဖြစ်၍ ဤတင်ပြချက်အပေါ် ကျနော်၏ အရင်းခံစေတနာအားနားလည်ကြမည်ဟု ယူဆပါသည်)
 
လွတ်လပ်ရေးကြိုးပန်းမှုကာလ ကတည်းက ယနေ့ခေတ်အထိ ရေးထားသည့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး လုံ့ဆော်သည့်ဆောင်းပါးများ ထောင်နှင့်ချီရှိမည်ထင်ပါသည်။ မျိုးချစ်စိတ်သည် စုစည်းမှု၏အားဖြစ်သည်။ ထို စုစည်းမှုအားဖြင့်သာ ကိုလိုနီတိုင်းတပါးအုပ်ချုပ်ကျွန်ပြုမှုကို တွန်းလှန်အောင်မြင်နိုင်ကြောင်း၊ ကိုလိုနီခေတ် စာရေးဆရာများနှင့် ကိုလိုနီဆန့်ကျင်ရေး နိုင်ငံရေးခေါင်းဆောင်များကမြင်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ရှင်သန် ရေး လုံ့ဆော်သည့်ဆောင်းပါးများရေးသားကြခြင်းဖြစ်သည်။ လွတ်လပ်ရေး ခေတ်လွန်ကာလ ခေါင်းဆောင်များ နှင့် စာရေးဆရာများကမူ၊  မျိုးချစ်စိတ်၊ ရင့်သန်ခိုင်မာမှုမရှိပါက၊ တိုင်းတပါးကိုလိုနီလက်အောက်သို့ တဖန်ပြန် လည်ကျရောက်သွားနိုင်သည်၊ အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှု ပျောက်သွားနိုင်သည်ဟူသော တွေး မြင် ယူဆမှုဖြင့်၊ မျိုးချစ်စိတ် ခိုင်မာရေး လုံဆော်သည့်ဆောင်းပါများကိုရေးကြခြင်း ဖြစ်သည်ဟုနားလည်ရသည်။ ထိုပုဂိုလ်များ၏ မျိုးချစ်စိတ်နှင့် စေတနာကိုလည်း လေးစားတန်ဖိုးထားပါသည်။
 
လွတ်လပ်ရေးလွန် ကာလ မျိုးချစ်ပုဂိုလ်များသည်၊ အပြင်ပန်းကရိုက်ခတ်လာမည့်ဘေးကို တွေးတောကာ မျိုးချစ် စိတ်ရှင်သန်ဖို့ နိုးဆော်နေကြသော်လည်း၊ အတွင်းပိုင်းက ပြဿနာနှင့် တန်ပြန်ရိုက်ခတ်မှုများကို သတိပြုမိပုံမရ ဟု မြင်ပါသည်။ စာရေးဆရာ အများစုသည် မြို့ကြီးများတွင်သာ နေထိုင်ကြသူများ ဖြစ်သောကြောင့်၊ လူမျိုးစု ပြည်နယ်ဒေသများတွင်ရှိသည့် နက်ရှိုင်းသည့်ပြဿနာများ၊ ခံစားချက်များကိုအများအားဖြင့် သိဟန်မတူကြပါ။ သိရှိသူ အချို့ရှိနိုင်သော်လည်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့်မရှိခြင်းကြောင့်၊ တစ် ပါတီ အာဏာရှင်များ၏ အလိုကျလိုက်လျောရေးသား နေရခြင်းကြောင့်၊ သိလျှက်နှင့် မဖေါ်ဝံ့ခြင်းလည်းဖြစ် နိုင်သည်။ တချို့က သိလျှက်နှင့် မဟာစိတ်ဖြင့် တမင် ရေးသားပြောဆိုနေပုံရသည်။
 
ပထမအချက်အနေနှင့် ကိုလိုနီ ဆန့်ကျင်ရေးခေတ်က ကြွေးကြော်သံများသည်၊ ယခု ခေတ်ကာလနှင့် သဟဇာတ မဖြစ်တော့ ဆိုသည်ကို မျိုးချစ်စိတ်ရှိရေး လုံ့ဆော်ရေးသားနေသူ စာရေးဆရာများ၊ နိုင်ငံရေးသမားများ သတိမူ သင့်ပါသည်။ ဒုတိယအချက်အနေနှင့် လူမျိုး တမျိုး တမျိုးအား အထင်သေးသည့်၊ နိမ့်ချသည့် သဘောပါသော အပြောအဆို အရေးအသားများအားလည်း သတိထားသင့်ကြပါသည်။  
 
ဆရာထင်လင်း၏  ဖေါ်ပြပါ ဆောင်းပါးရေးသည့် ကာလလောက်တွင် မန္တလေးတက္ကသိုလ်မှ သျှမ်းကျောင်းသား တစ်စု (သျှမ်းမဟုတ်သူ တစ်ယောက်နှစ်ယောက်လဲပါသည်)သည် သျှမ်းပြည်အရှေ့ပိုင်းကျေးရွာများ၌ သျှမ်းစာ ပေ အ သုံး လုံး သွားသင်ပေးကြရာ အဖမ်းခံလိုက်ကြရသည်။ အကြောင်းပြချက်က သူပုန်များနှင့်ဆက်သွယ် သည်ဟူ၍ဖြစ်၏။ တောင်ကြီးမြို့မှ တနာရီခန့်ကားစီးသွားရသည့် ပတ်ဝန်းကျင် ရွာများတွင် အများအားဖြင့် သူပုန် ရှိသည်ချည်းဖြစ်သည်။ တောင်ကြီးတက္ကသိုလ်မှ အနောက်တောင်ဘက် တနာရီခန့် ကားစီးပါက ပီအဲန်အို ( ဥက္ကဌ ဖရာ့ အောင်ခမ်းထီ)၏ ဌာနချုပ် ကျောက်တလုံးရွာကိုရောက်ပါသည်။ ဆိုလိုသည်က ပြည်နယ်များ၏ မြို့ ပတ်ဝန်းကျင် ရွာများတွင် သူပုန်ရှိနေသည်ချည်းဖြစ်သည်။ ဤသည်ကို သူပုန်များနှင့်ဆက်သွယ်သည်ဟု ပြော ခြင်းကအကြောင်းပြချက်သာဖြစ်သည်။ ဒီတော့ ဒီလိုအဖမ်းခံရသည့်လူငယ်များတွင် ပေါ်ပေါ်ထင်ထင်ထုတ်ဖေါ် ခြင်းမပြုနိုင်သော်လည်း သျှမ်းပြည်သည် ဒို့ပြည်၊ သျှမ်းစာသည် ဒို့စာ၊ ဒို့ပြည် ကိုချစ်ပါ၊ ဒို့စာကိုလေးစားပါ၊ ဒို့စကားကို မြတ်နိုးပါဆိုသည့်၊ မျိုးချစ်စိတ်က ကိန်းအောင်နေမည်သာ။  လူမျိုးစုပြည်နယ်များတွင် လူမျိုးစု စာပေ များသင်ကြားခွင့်ကိုကန့်သတ် ပိတ်ပင်ထားခြင်းသည်၊ လူမျိုးစု စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများ တိမ်ကော သွား စေရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု လူမျိုးစုတို့ဘက်ကတွေးမြင်ခံစားနေကြသည်။
 
၁၉၉၁ ခုနှစ်လောက်က ထင်ပါသည်၊ အေဘီအက်ဒီအက်ဖ် ပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်း( ယခု ဒီဗီဘီ) မှ ဦးဆောင်၍ တော်လှန်ရေးသီချင်းခွေ(နေဝန်းနီနီ) ပထမဆုံးထုတ်ဝေသည်။ ထိုခွေကို လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်း အသီးသီးက ဝယ်ယူအားပေးသည်။ ခွေထုတ်ပြီး နောက်တရက် မာနယ်ပလောရှိ ပီအဲန်အို ရုံးသို့ ကျနော် သွားလည်သည်။ ကျနော့အား ရင်းနှီးသည့်ပအိုဝ် လူငယ်နှစ်ဦးက၊ နေဝန်းနီနီ ခွေကို အစောကမသိလို့ ဝယ်အားပေးမိတာ၊ ဒီလိုမှန်းစောစောကသိလို့တော့ မဝယ်ပါဘူးဗျာတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့… အဲထဲမှာ… သပိတ် သပိတ်….မှောက်…မှောက်.. မီးဒုတ်မီးဒုတ်….ရှို့ရှို့၊ သခင်မျိုးဟေ့… ဒို့ဗမာ ဆိုတာပါတယ်။ ဗမာက သခင်မျိုး ဆိုရင်၊ ကျုပ်တို့ လူမျိုးစုတွေက ကျွန်လားဗျ..တဲ့။ ကျနော်က အဲသလိုတော့ မဟုတ်ပါ ဘူး…ဘာညာပေါ့ဗျာ.. ပြောကြမှတော့ရှင်းပြရပါတော့သည်။… ဗမာမျိုးဟေ့ဆိုတာ… ဗမာနိုင်ငံထဲမှာနေတဲ့ လူမျိုးစုအားလုံးကို ဆိုလိုတဲ့သဘောဖြစ်မှာပါလို့.. ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်၊ ဗမာ အားလုံးကို ဗမာလို့ခြုံ ခေါ်တာဖြစ်မှာပါ၊ ဗမာလူမျိုး တစ်မျိုးတည်းကို ပြောတာမဟုတ်ပါဘူး…စသည်ဖြင့်ရှင်းပြသည်။  ထိုမိတ်ဆွေ ပအိုဝ်လူငယ်အစုက  ဒါကိုလက်မခံပေ။ သူတို့တင်မဟုတ် အခြားတိုင်းရင်းသားလူမျိုးစုများကလည်း လက်မခံ ကြပေ။
 
(အမှန်အားဖြင့် ကိုခင်မောင်ဝင်းအား ထိုသီချင်း မထွက်ခင် အဆိုပါစာသားကိုမထည့်ရန် ကျနော်ပြောဖူးသည်။ သူက ဒါ အရင်တုန်းက နိုင်ငံရေးဖြင့်ထောင်ကျနေသောပုဂိုလ်တို့ ထောင်ထဲမှာ စပ်ဆိုထားသည်၍၊ ပြည်တွင်းမှာ ထုတ်ခွင့်မရ၍၊ သူတို့အားဂုဏ်ပြုသည့်အနေဖြင့် သူတို့သီချင်းကိုထုတ်ပေးခြင်းဖြစ်ကြောင်း၊ သူတို့စာသားကို ဖြုတ်၍မသင့် သောကြောင့်ဟုဆိုကာ ထည့်ချလိုက်ခြင်းဖြစ်သည်။)
 
ဗမာကိုလူမျိုးတစ်မျိုးအနေနှင့်သာ ၎င်းတို့နားလည်လက်ခံကြသည်။
 
ဗမာလူမျိုး( ပညာရှင်၊ နိုင်ငံရေးသမားများ) များအကြားတွင် ဗမာနိုင်ငံလား၊ မြန်မာနိုင်ငံလား။ ဗမာဆိုတာ လူမျိုးစုအားလုံးပါသည့် အခေါ်လား၊ မြန်မာလူမျိုးဆိုတာက လူမျိုးစုအားလုံးကိုခြုံခေါ်သည့်အခေါ်လားဆိုသည့် အသုံးအနှုံးက ရှင်းရှင်းလင်းလင်းမရှိ၊ ဝိဝါဒကွဲနေကြသည်။ လုံးထွေးသုံးနှုန်းသည်။  ထို့ကြောင့် ဤကိစ္စကို ကျနော် ဒီနေရာတွင် အထူး မပြောလိုပေ။ သို့သော် ကျနော် သတိပြုမိသည့် အချက် တချက်ကိုတင်ပြလိုသည် မှာ-
 
၁၉၄၇ ခုနှစ်အခြေခံဥပဒေ အဆိုအရ …နိုင်ငံအား ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟုခေါ်ပြီး နိုင်ငံတော်အတွင်း တွင် ကချင်၊ ကရင်၊ ကရင်နီ၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊…. စသော တိုင်းရင်းသားလူမျိုးများနေထိုင်ကြသည်ဟူ၍ ဆိုထားသည်ဖြစ်ပြီးကျောင်းများတွင် ထိုအတိုင်းသင်ကြားလာသည်ဖြစ်သောကြောင့် လူကြီးလူငယ် အတော်များ များက  ဗမာသည် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုး တစ်မျိုး ဟုနားလည်ကြသည်။ သို့သော် အများအား ဖြင့် လက်ဝဲအယူအဆကိုင်စွဲသူများ ဗမာဆိုတာ နိုင်ငံတော်ကို ခေါ်ပြီး မြန်မာဆိုတာက နိုင်ငံတော် အတွင်းနေ ထိုင်သည့်တိုင်းရင်းသား (အများနားလည်နေသည့် ဗမာလူမျိုး) တစ်မျိုးဟု လက်ခံထားသည်။ သို့သော်ရေးသား ပြောဆိုရာတွင် အများအားဖြင့် ရောနှောသုံးစွဲသည်။ ဤသည်က ကျနော် သတိပြုမိသည့် အချက်ဖြစ်သည်။
 
အများအားဖြင့် နယ်စပ်ဒေသ လူမျိုးစုများက၊ ဗမာနိုင်ငံဆိုသည်ကိုလည်း သဘောမကျသလို၊  မြန်မာနိုင်ငံ ဆိုသည့် အခေါ်ကိုလည်း ဘဝင်ကျပုံမပေါ်ပေ။ အချို့ကလည်း မြန်မာလဲဗမာ၊ ဗမာလဲ ဗမာပါဘဲ၊ အတူတူပါဘဲလို့ ဆိုသည်။ (ဦးအေးသာအောင်၏ ပြည်ထောင်စုစိတ်ဓါတ်ဆောင်းပါး တွင်လည်း ဗမာနှင့်မြန်မာ အတူတူ ပင်ဆိုသည့်သဘောမျိုးရေးထားသည်။) ဤသို့လက်မခံလို့ လူမျိုးစုများကို ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒီ များဟုဆို၍မရပေ။  လူမျိုးစုများ (အားလုံးတော့မဟုတ်) က ဗမာ(အားလုံးကိုမဟုတ်)များကို မဟာဝါဒီများလို့ဆို ကြသည်။ ၎င်းတို့အမြင်အား မှားသည်ဟူ၍ ပြောလို့တော့မရပေ။ စစ်အုပ်စုက  လူမျိုးစုနယ်မြေများတွင် ငါပြော တာ… နာခံရင်နာခံ…. နာမခံရင်အပြတ်ရှင်းပစ်မယ်… ဆိုသည့်သဘောနှင့် နှစ်ပေါင်းကြာရှည်စွာ လူမျိုးစုများအား စစ်ဆင်နွဲနေစဉ်၊ စစ်အုပ်စုဝင်မဟုတ်သည့် ဗမာနိုင်ငံရေးသမား အချို့နှင့်ဗမာစာရေးဆရာအချို့တို့က Burmanization ဗမာမှုပြုရေးဘက်ကို အလေးပေးသော၊ သိသိသာသာ မဟုတ်သော်လည်းအထက်စည်းဆန် သော၊ မဟာဆန်သောအရေးအသား၊ အပြောအဆိုများ ရေးသားပြောဆိုနေသည်ကို မကြာခဏတွေ့ရဖတ်ရ သည်။ ထိုထိုသော ဆောင်းပါးများက မဟာလူမျိုးကြီး ဆန်သည် ဆိုသည့်အမြင်ကို အားဖြည့်ပေးနေသလိုဖြစ် သည်။
 
လူမျိုးစု နယ်မြေတွေက မတိုးတက်သေးဘူး၊ မဖွံ့ဖြိုးသေးဘူး၊ ဒါကြောင့် ငါတို့ ဗမာတွေက လူမျိုးစုတွေကို ဖွံ့ဖြိုးအောင် လုပ်ပေးရမယ် ဟူသည့် အရေးအသားကိုဖတ်ရဖူးသည်။ တစ်ခါကလည်း ဝိုင်းထိုင်စကားပြောကြရင်း ဗမာမိတ်ဆွေတစ်ယောက်က ထိုအပြောမျိုးပြောလာသည်။ အမှန်အားဖြင့်တော့ စေတနာဖြင့်ပြောသည့်အပြော ဟု ကျနော် မှတ်ယူလိုက်ပေမဲ့ သျှမ်းသူငယ်ချင်း တစ်ယောက်က ဗမာက လုပ်ပေးစရာမလိုပါဘူး၊ ငါတို့မှာ ပညာ တတ်တွေအများကြီးရှိတယ်၊ လူငယ်အင်အားတွေ အများကြီးရှိတယ်။ လုပ်ခွင့်ရဖို့သာလိုတယ်။ ငါတို့လည်း လုပ်တတ်ပါတယ်ဟု အထင်သေး မခံလိုသည့် သဘောနှင့်ပြန်တုန့်ပြန်ခဲ့ဖူးသည်။
 
အင်္ဂလိပ် ကိုလိုနီ ဆန့်ကျင်ရေးကာလတွင် မျိုးချစ်စိတ်လုံ့ဆော်ခဲ့ကြသည့် ကြွေးကြော်သံများသည် တမျိုးသား လုံး ဆိုင်ရာခြုံငုံကြွေးကြော်သံများ ဟုဆိုနိုင်သော်လည်း၊ ထိုကာလက ကြွေးကြော်သံများ၊ မဆလခေတ်၏ မှားယွင်းသည့် တံခါးပိတ် အမျိုးသားရေးလုံ့ဆော်မှုများသည်၊ ယခုကာလအဖို့ တမျိုးသားချင်းစီ မျိုးချစ်စိတ် အ တွက် ရှေ့ပြေးလမ်းပြများဖြစ်လာနေသည်ဆိုလျှင် ကျနော်၏ တွေးတောမှုများချွတ်ချော်နေသည် ဟု အပြစ်တင် ကောင်းတင်ကြပေမည်။ အမှန်အားဖြင့်တော့ အလေးအနက် သတိပြုသင့်သည့်အရာ ဟုကျနော်မြင်၍တင်ပြခြင်း ဖြစ်သည်။ အနည်းငယ် ပိုရှင်းအောင်ပြောရမည်ဆိုလျှင် မဆလခေတ်တွင် အနှစ်မဲ့သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလုံးဆော်မှုဖြင့် Burmanization ဗမာမှုပြုရေး လွမ်းမိုးမှုချဲ့ထွင်ခဲ့ကြောင်း၊ စစ်အုပ်စုကလည်း ယခုထိ ဆက်လုပ်နေကြောင်း၊ လူမျိုးစုများက ပိုမိုတွေ့မြင်ခံစားလာကြသည်။ (လက်နက်ကိုင်နှင့် အဝေးရောက် လူမျိုးစု အဖွဲ့အစည်း များ၏ အစီရင်ခံများတွင် ဤအချက်များ မြင်သာသည်)
 
လွန်ခဲ့သည် လေးငါးနှစ်လောက်ကမှ စ၍ ပြည်ပရောက် မွန်အမျိုးသားများက နှစ် ဘယ်နှစ်ရာမြှောက် မွန် နိုင်ငံ တော် ကျဆုံးသည့်အခန်းအနားဆိုပြီးကျင်းပလာသလို ရခိုင်အမျိုးသားများကလည်း ထိုနည်းတူ ကျင်းပလာ သည်။ ယခုနှစ်အစောပိုင်းကလည်း အမေရိနိုင်ငံ ယူအဲန်ရုံးရှေ့တွင်အထင်ကရ ရခိုင်ပညာရှင်တစ်ဦး ဦးဆောင် လျှက်၊ ရခိုင်မျိုးချစ်များ Free Arakan ဟူသော ဘဲန်နာ နဖးစီးစာတန်းကိုကိုင်ဆောင်ကာ ရခိုင်နိုင်ငံတော် ကျဆုံး ခဲ့ရသည့် အထိန်းအမှတ်ဆန္ဒပြပွဲကျင်းခဲ့ပသည်။  ဤသည်ကား ၎င်းတို့၏ ညှိုးငယ်စွာကိန်းအောင်းလျှက်ရှိသော အမျိုးသား ဇာတိသွေး ဇာတိမာန်ပျောက် ကွယ်သွားခြင်းမရှိကြောင်းကို ဖေါ်ပြခြင်းဖြစ်သည်။ ဤသည်ကား မျိုးချစ်စိတ်ကို နှိုးဆော်သည်လည်းဖြစ်သည်။
 
ဗမာအချို့က လူမျိုးစု အမျိုးသားမျိုးချစ်စိတ်ရှိသူများကို ကျဉ်းမြောင်းသည့်အမျိုးသားရေးဝါဒီသမားများဟု ဆိုကြ သည်။ ကျနော့ အမြင်အရ မဟာလူမျိုးကြီးစိတ်ရော၊  လူနည်းစုအမျိုးသားရေးဝါဒီစိတ် ဟူသည်ကော တဖက် သတ် အမျိုးသားရေးမျိုးချစ်ဝါဒီများသာဖြစ်သဖြင့် နှစ်ခုစလုံးကျဉ်း မြောင်းတာသာဖြစ်သည်ဟုမြင်သည်။ ဤ နှစ် ဘက် ကျဉ်းမြောင်းမှုများရှိနေသမျှ လူမျိုးများဖြင့် စုပေါင်းဖွဲ့စည်းထားသော မိမိတို့နိုင်ငံတွင် မည်သည့်အခါမှ စည်းလုံးညီညွတ်မှုကိုရနိုင်မည်မဟုတ်သလို၊ လွယ်လင့်တကူ တိုတောင်းသည့်ကာလအတွင်း၊ လွတ်လပ်သည့် နိုင်ငံငယ်များပေါ်လာမည်လည်းမဟုတ်ဘဲ၊ ဖရိုဖရဲ မွဲတေမှုများ၊ အကျင့်ပျက်မှုများဖြင့်ပြည့်နက်ကာ  ရေရှည်တွင် လူမဆန်သည့်ရိုင်းစိုင်းသည့်စိတ်ဓါတ်များ၊ ညှစ်ညမ်းသည့်စိတ်ဓါတ်များ ကိုပျိုးထောင်အမြစ်တွယ် စေမည်သာ ဖြစ်သည်။
 
 
မျိုးချစ်စိတ်သည် စည်းလုံးညီညွတ်မှု ကိုပေးနိုင်သလို၊ မျိုးချစ်စိတ်သည်၊ လူမျိုးပေါင်းစုံနေထိုင်သည့် ကျနှုပ်နိုင်ငံ အဖို့ စည်းလုံးမှုပြိုကွဲစေတတ်သည်လည်းဖြစ်သည်။ မျိုးချစ်စိတ်သည် သုံးတတ်လျှင်ဆေး၊ မသုံးတတ် လျှင်ဘေး ဖြစ်သည်။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုသလိုပင်။ တော်တည့်မှန်ကန်အောင် မသုံးလျှင်၊ စွေစောင်း၍သုံးလျှင်၊ အလွန်အကျွံသုံးလျှင် ဘေးဖြစ်မည်သာ။ မျိုးချစ်စိတ်တည်းဟူသော အရိုးစွဲနေသည့် သမားရိုးကျအသုံးအစွဲအား ဘေးကင်း အန္တရာယ်ကင်းသော တိုင်းပြည်ချစ်စိတ်တည်းဟူသော အသုံးဘက်သို့ လှည့်ပြောင်း သုံးစွဲလျှက် စိတ်ရောကိုယ်ပါစွမ်းဆောင်ခြင်းအားဖြင့်  လက်ရှိကာလ ကျနှုပ်တို့နိုင်ငံအတွက် တော်တည့်မှန်ကန်သော ဆေး တလက် ဖြစ်သွားနိုင်ပါသည်။
 
(ဤဆောင်းပါးသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပြိုကွဲစေသည်ဟု အထင်မမှားစေလိုပါ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် လွတ်လပ်ရေးရစကတည်းက ပြိုကွဲနေတာဖြစ်သည်။ ကျနော့အနေဖြင့် တိုင်းရင်းသား ပြည်သူတရပ်လုံး စည်းလုံးညီညွတ်ပြီး တိုင်းပြည်တိုးတက်စေလိုသော ဆန္ဒအပြည့်အဝရှိခြင်းကြောင့်၊ တိုင်းပြည် ချစ်စိတ်အပြည့်ရှိခြင်းကြောင့် ဤသို့ တိုက်တွန်းနိုးဆော်နေခြင်းဖြစ်သည်။)
 
( ဝင်းမောင်- ဟဲဟိုးသား)
၈ ရက်.သြဂုတ်လ.၂၀၁၁ ခုနှစ်
 
(ကျနော့နာမယ်နောက်မှာ ဟဲဟိုးသား လို့ထည့်ခြင်းသည် ဒေသစွဲ၊ မြို့စွဲ၍မဟုတ်ပါ။ အောင်လိုင်းပေါ်တွင် ဝင်းမောင်နာမယ်နှင့် စာရေးနေသူ သုံး၊ လေးဦးမက ရှိနေသောကြောင့် ယခုဆောင်းပါးမှစ၍ ကျနော်အပါအဝင် ဘိုးဘွားဘီဘင်မွေးရပ်မြို့ သျှမ်းပြည် ဟဲဟိုး ကိုထည့်လိုက်ခြင်းဖြစ်သည်။ ဤနာမယ်ကလည်း ယခင်တည်းက ခေတ် စားနေလို့လား၊ သို့မဟုတ် အင်းသားတို့ဓနုတို့ အကြိုက်လား၊ ဘာလားတော့မပြောတတ်၊ ဟဲဟိုးမြို့ငယ်လေးတွင် ပင် ကျနော်နှင့်ရွယ်တူ ဝင်းမောင် လေး ယောက်ရှိသည်။)

No comments:

Post a Comment