Monday, August 8, 2011

မြန်မာပါ့စ်ပို့ဖြင့် ခရီးနှင်လာသည့် အမျိုးသမီးတဦး ဘင်္ဂလာတွင် ရွှေ (၁၄)ကျပ်သားဖြင့် ဖမ်းဆီးခံရ

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၈)ရက်၊ ၂၀၁၁၊ ညနေ (၅)နာရီ။
http://www.gissapa.blogspot.com

မြန်မာပါ့စ်ပို့ဖြင့် ခရီးနှင်လာသည့် အမျိုးသမီးတဦး ဘင်္ဂလာတွင် ရွှေ (၁၄)ကျပ်သားဖြင့် ဖမ်းဆီးခံရ

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် မောင်တောမြို့ဆိပ်ကမ်းမှ ဘင်္ဂလာ တာခ်နာဆိပ်ကမ်းသို့ မြန်မာပါ့စ်ပို့ဖြင့် တရားဝင် ခရီးနှင်လာသူ မြန်မာ့အမျိုးသမီးတဦး အိမ်အပြန်တွင် ဆိပ်ကမ်း၌ ရွှေ(၁၄)ကျပ်သားဖြင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)ထံ သြဂုတ်လ (၆)ရက်နေ့က ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဘင်္ဂလာ ရွှေ (၁၄)ကျပ်သားဖြင့် ဖမ်းဆီးခံရသည့် မြန်မာ့မူဆလင် အမျိုးသမီးမှာ ပါလာသည့် တာကာ (၃၀၀၀၀)ပါ သက်ဆိုင်ရာထံ အသိမ်းခံလိုက်ရကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ ဆာမီမာ ဖြစ်ပြီး မောင်တောမြို့ မောင်နီကျေးရွာမှ ဖြစ်ကြောင်းနှင့် လင်ယောက်ျားမှာ နုရေရ် ဖြစ်ကြောင်း သိရှိရသည်။

ဆာမီမာ မှာ လွန်ခဲ့သော ဇူလှိုင်လ (၇)ရက်နေ့က ပါ့စ်ပို့ဖြင့် တရားဝင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ နယ်စပ်ဖြတ်ကျော်ခဲ့ကြောင်း၊ သူမ၏ ပါ့စ်ပို့တွင် ဘင်္ဂလာ၌ နေထိုင်ခွင့်ရက်မှာ ဇူလှိုင်လ (၁၉)ရက်နေ့တွင် ကုန်လွန်သွားခဲ့သော်လည်း သက်ဆိုင်ရာသို့ တစုံတရာ အကြောင်း ကြားခြင်းမရှိဘဲ သြဂုတ်(၆)ရက်နေ့ အပြန်တွင် ဘင်္ဂလာ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ အမျိုးသမီးကို တာခ်နာအခြေစိုက် ရဲဋ္ဌာန အရာရှိ မာဟ်ဘူဘူလ် ဟောက် မှ ဥပဒေအရ စစ်ဆေးအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးတွင် ပါလာသည့် ရွှေ(၁၄)ကျပ်သားမှာ လက်ကောက်အကြီး(၆)ကွင်း၊ လက်ကောက်အငယ် (၂)ကွင်း၊ ကြိုးကြီး (၂)ပင်၊ ကြိုးငယ်(၁)ပင်၊ လက်စွပ်အကြီး (၂)ကွင်း၊ လက်စွပ်အငယ်(၁)ကွင်း၊ ဘတ်ဆ်လေ့တ် (၁)ခုနှင့် နားဒေါင်း(၁)စုံတို့ ပါဝင်ကြောင်း သိရှိရသည်။
---------------------

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၈)ရက်၊ ၂၀၁၁၊ ညနေ (၅)နာရီ။
http://www.gissapa.blogspot.com

ရခိုင်ပုဇွန် ဘင်္ဂလာတွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ ရေလမ်းကြောင်းဖြင့် မှောင်ခိုသယ်ဆောင်လာသည့် လှေတစီးနှင့်အတူ ရခိုင်မှ ကုလားပုဇွန် (၁၃၅)ကေဇီကို ဘင်္ဂလာ ကမ်းခြေစောင့် တပ်ဖွဲ့တဖွဲ့မှ သြဂုတ်လ(၅)ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ထို့အပြင် မှောင်ခိုသမားတွင် ပါလာသည့် တာကာငွေ (၁၇၀၀၀)ကိုလည်း သိမ်းဆည်းလိုက်ပြီး၊ ဖမ်းဆီးရမိသည့် ပုဇွန်၊ လှေနှင့် ငွေများကို တာခ်နာမြို့နယ် ကာစ္စတင်ရုံးသို့ အပ်နှံလိုက်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် ရခိုင်ပုဇွန်များကို ရသမျှ အ၀ယ်လိုက်နေသော်လည်း ဒေသပုဇွန်ဒိုင်များ၏ ရခိုင်ပုဇွန်ပုံစံဝင်များကို ကြောက်လန့်မှုကြောင့် မှောင်ခိုဝင်ရောက်လာသည့် ရခိုင်ပုဇွန်များကို နယ်စပ်တွင် ဖမ်းဆီးခြင်းဖြစ်သည်။

သို့သော်လည်း ပုဇွန်ဒိုင်ကြီးများ အနေဖြင့် ဒေသအာဏာပိုင်များနှင့် နယ်စပ်ကာစ္စတင် အရာရှိများနှင့် အပေးအယူပြုလုပ်ပြီး ရခိုင်ပုဇွန် ပုံစံဝင်များနှင့် ပုဇွန်သားပေါက်ကလေးများကို နိုင်ငံခြားသို့ တင်ပို့နိုင်ရန် ပိုမို၍ ၀ယ်ယူနေကြောင်း နယ်စပ်သတင်းများက ဆိုသည်။

မြန်မာတနိုင်ငံလုံး၏ ပုဇွန်လုပ်ငန်းအနက် ရခိုင်ပြည်နယ်မှ ပုဇွန်ထွက်နှုန်းမှာ ၈၃ ရာခိုင်နှုန်းအထိ ရှိကြောင်း စုံစမ်းသိရှိရသည်။ ရခိုင်ပြည်၏ ပုဇွန်လုပ်ငန်းမှာ စစ်တပ်လက်ဝါးကြီးအုပ်မှုတွင်ရှိ၍ ပုဇွန်သမားများ အရှုံးနှင့်ရင်ဆိုင်လျှက်ရှိနေကြောင်း သိရှိရသည်။

ယခုနှစ် ရခိုင်ပြည်-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ရှိသော ပုဇွန်တာတမံများမှာ မိုးကြီးရေလျှံ၍ ပုဇွန်တာများ အများအပြား ပေါက်သွားခဲ့ကြောင်းနှင့် ပုဇွန်ဈေးနှုန်း မြင့်တက်လာနေကြောင်း ပုဇွန်စီးပွားရေးသမားများက ပြောသည်။
-------------------------------
မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာတွင် ဖမ်းဆီးခံရပြန်ပြီ

မြန်မာနိုင်ငံမှ တရားမ၀င် ဘင်္ဂလာသို့ တင်ပို့သည့် မူးယစ်ဆေးဝါး ရာဘားမြင်းဆေး (၂၀၇၅)လုံးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကြားသူ ဘင်္ဂလီ (၃)ဦးကို တာခ်နာအခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က သြဂုတ်လ (၆-၇)ရက်နေ့များက ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် မြန်မာ့မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကြားသူများမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့နယ် မော်လဗီကျေးရွာမှ မိုဟာမတ် ဟိုဆန် (၂၅)နှစ်နှင့် ရော်ဘိအူလ် အီစ်လာမ်(၂၁)နှစ်နှင့် ကိုမီလ္လာမြို့နယ်မှ မိုဟာမတ် ဟေလာလ်(၂၇)နှစ်တို့ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံများသို့ မူးယစ်ဆေးဝါးအမြောက်အများ တင်ပို့သည့်နိုင်ငံအဖြစ် ယုံကြည်လျှက်ရှိကြောင်း နယ်စပ်သတင်း တရပ်ကဆိုသည်။


No comments:

Post a Comment