Wednesday, August 10, 2011

နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရွာသွန်းသည့် မိုးဟု လူထုယုံကြည်


ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၁၁)ရက်၊ ၂၀၁၁၊ နံက် (၁၁)နာရီ။

နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရွာသွန်းသည့် မိုးဟု လူထုယုံကြည်

ဘင်္ဂလား ပင်လယ်အော်တွင် မုန်သုန်လေပြင်းမုန်တိုင်း ဖြစ်ပေါ်အားကောင်းနေသော်လည်း အာဏာရှိသူများ၏ သဘာဝဖျက်ဆီးမှု များကြောင့် မိုးသန်းထန်စွာ ရွာသွန်းရာမှ ရေကြီးကာ လမ်း၊ တံတား၊ စာသင်ကျောင်း၊ စပါးစိုက်ခင်း၊ နေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန် များမှာ နေရာအနှံ ရေလွှမ်းမိုးမှုများ ခံခဲ့ရပြီး သေကြေပျက်စီးရှုံးဆုံးမှုများ တနေ့ထက်တနေ့ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့စစ်အာဏာရှင်က ကြိုတင်၍ သဘာဝပတ်ဝန်းကျင်နှင့် တောတိရစ္ဆာန်များကို သတ်ဖြတ်ဖျက်ဆီးမှုများကြောင့် ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သည့် မြို့ကျေးရွာများမှာ အများအပြား ရေလွှမ်းမိုးမှုခံရကာ စပါးစိုက်ခြင်းများ၊ အိမ်မွေးတိရစ္ဆာန်နှင့် ကားလမ်းပြတ်တောက်သွား၍ သေကြေပျက်စီးပိတ်ဆို့မှုများနှင့် ယခုထက်တိုင် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ပိုမို၍ မိုးရွာသွန်းမှု အရှိန်မြင့်တက်ခဲ့ကြောင်းနှင့် နတ်မြစ်ဒီရေမြင့်တက်လာနေမှု ကြောင့် မြစ်နှင့်နီးစပ်သည့် ဒေသခံတချို့ စိုးရိမ်မှုများ ဖြစ်နေကြောင်း ဒေသခံတဦးက ပြောသည်။ ထို့ပြင် ရခိုင်ပြည်-ဘင်္ဂလာ နှစ်နိုင်ငံကြား ကုန်သည်များမှာ နတ်မြစ်ရေကြီးမှုကြောင့် ဆိုင်းငံ့နေရကြောင်း ကုန်သည်တဦးက အောက်ပါအတိုင်း ပြောသည်။

“အခုက သင်္ဘောတွေကို ပုဂ္ဂလိက ဆွဲနေတာကြောင့် စစ်တွေကနေ ဘူးသီးတောင်ဆိပ်ကမ်းအထိ ကျပ် (၈၀၀၀)ကျော် ပေးရပါတယ်၊  သာမာန်ကုန်သည်တွေကတော့ သေတာနဲ့ မထူးဘူးပေါ့၊ ဒီကြားထဲမိုးရွာတော့ ရင်တွေတမမနဲ့၊ ရေမစိုနိုင်တဲ့ ပစ္စည်းတွေဆိုရင် ရှုံးဆုံးမှုတွေ ရှိကြပါတယ်၊ သင်္ဘောက ပစ္စည်းလုံခြုံမှုတွေ တာဝန်ယူတာ မရှိပါဘူး၊ ကုန်သည်၊ ခရီးသွားတွေဒုက္ခတော့ ပြောမကုန် ပါဘူး၊ ဒီနှစ်မိုးရွာတာက မိုးကိုတောင်းတတဲ့ လယ်သမားတွေတောင် မိုးကြောင့်ဒုက္ခကြီးတွေ ရောက်နေကြတယ်လို့ သိရပါတယ်။”ဟု အမည် မဖေါ်လိုသူ ကုန်သည်အမျိုးသမီးတဦးက ဂစ္ဆပကို ပြောတာဖြစ်ပါသည်။

မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသည့် တာခ်နာမြို့နယ်တွင် နဂိုကတည်းက မြေနိမ့်ပြီး အိမ်တိုင်ရှည်အိမ်များ မရှိသော ကြောင့် နေအိမ်နှင့် စာသင်းကျောင်းများမှာ ရေနစ်မြှပ်မှုတွေ ခံနေရကြောင်း၊ ငါးဖမ်းသမားများမှာ အငတ်ဘေးနှင့် စပါးစိုက်ခင်းများ ပျက်စီးမှုများနှင့် ကြုံကြိုက်နေရကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် တောင်ကျရေများ ပြင်းထန်မှုအရှိန်ကြောင့် တောင်ကမ်းသားများပြို၍  ဗုဒ္ဓဘာသာဝင် နေအိမ်တချို့ ပျက်ပြိုသွားခဲ့ကြောင်း ဒေသခံတချို့က ဂစ္ဆပသို့ ပြောသည်။

ထို့ပြင် ရခိုင်ပြည်အမျိုးသားတော်လှန်ရေးတွင် ကျော်ကြားသည့် ခေါင်းဆောင် ဗိုလ်ချင်းပျံတည်ထောင်ခဲ့သည့် မြို့ပေါ်နယ်မြေ၌ ဟာရ်ဘင်းကျေးရွာအပြင် တချို့ဒေသများမှာ ယခုအချိန်ထိ အိမ်အောက်မဆင်းနိုင်ဘဲ ရေအမြင့်မှာ (၄)ပေကျော်အထိ ရှိနေသေး ကြောင်း သိရှိရသည်။  

အဆိုပါ ပြည်သူများမှာ အုပ်စိုးသူများ၏ ကြိုတင်ကာ စီမံလုပ်ဆောင်မှုများ မရှိခဲ့သောကြောင့် သဘာဝဘေးဒဏ်ကို မိုးသန်းထန်စွာ ရွာတိုင်း ခံနေကြရခြင်းဖြစ်သည်။ ပြည်သူလူထုများ အနေဖြင့် ယခုနှစ်ရွာသွန်းသည့်မိုးမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရွာသွန်း ခြင်းဖြစ်ကြောင်းနှင့် ထိမ်းသိမ်းထားနိုင်ခြင်း မရှိသည့် သဘာဝသစ်တောများပျက်စီး၍ ဒဏ်ခံကြရခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။   

ရခိုင်ပြည်သူထုလူထုများမှာ နှစ်ပေါင်း(၂၂၆)နှစ် နယ်ချဲ့သမားများ၏ စီမံမှုအောက်တွင် အသက်ရှင်ရပ်တည်နေကြရပြီး ယခုအချိန်ထိ အနာဂါတ်ကောင်းများ ပျောက်ကွယ်လျှက် ရှိနေကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရပေသည်။ ရခိုင်ပြည်သည် သဘာဝကောင်း သောနယ်မြေတခုဖြစ်သည်။ ယခုခံနေကြရသည့် သဘာဝဘေးဆိုးမှာ စစ်အုပ်စု၏ စီမံထားမှုအောက်တွင် ခံနေကြရခြင်းဖြစ်သည်။

No comments:

Post a Comment