Sunday, June 19, 2011

ဘင်္ဂလာတွင် (၆၆)နှစ်မြောက် ဒေါ်စုမွေးနေ့ WLB (မြန်မာနိုင်ငံ)မှ ကျင်းပ

ဂစ္ဆပသတင်းဌာန
ဇွန်လ(၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဘင်္ဂလာတွင် (၆၆)နှစ်မြောက် ဒေါ်စုမွေးနေ့ WLB (မြန်မာနိုင်ငံ)မှ ကျင်းပ




အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ဦးဆောင်ပြီး (၆၆)နှစ်မြောက် ဒေါ်စုမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ဘင်္ဂလာတွင် ဒီမိုကရေစီ အင်အားစုများအား ဖိတ်ခေါ်၍ ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားဖွင့်ပွဲကို ဗုဒ္ဓဘာသာဝင်များ၏ ထုံးတမ်းအစိုင်အလာအတိုင်း နမောတဿ သုံးကြိမ်ရွက်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး အဖွဲ့ဝင်များမှ ဒေါ်စုအား မွေးနေ့ဂုဏ်ပြုသည့်အနေဖြင့် မွေးနေ့ လက်ဆောင် သီသဖြင်းတပုဒ်ကို ဖျော်ဖြေသွားခဲ့ကြကြောင်း အခမ်းအနားကို ဦးဆောင်ကျင်းပသူ စောမီမီသန်းက ဂစ္ဆပသို့ ပြောသည်။

ဒေါ်စုမွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားသို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် ရခိုင်ဒီမိုကရေစီအင်အားစုများနှင့် ရခိုင်တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းများ စုစုပေါင်း (၃၀)ကျော် တက်ရောက်ပြီး ဒေါ်စုမွေးနေ့လက်ဆောင်အဖြစ် ဂုဏ်ပြုမိန်းခွန်းများ ပြောကြားခဲ့ကြကြောင်း သူမက ဆက်လက်၍ အောက်ပါအတိုင်း ရှင်းပြသည်။

ဂစ္ဆပသတင်းဌာနမှ WLB သဘာပတိအဖွဲ့ဝင် တဦးအား ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုမွေးနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်း ရည်ရွယ်ချက် အပါအ၀င် ခြုံငုံပြီး ဆက်သွယ်မေးမြန်းထားသည်။




“ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလားဒေ့ခ်ျ ဒေသမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားတခုကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းထောက်ခံအားပေးနေတယ် ဆိုတာကို သူမနဲ့တကွ
ပြည်သူတွေ သိရှိစေရန်၊ ကျမတို့ စစ်ကိုမလိုလားဘူး၊ ကျမတို့လိုချင်တာ လုံးဝငြိမ်းချမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ
ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိထားတဲ့ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်တယ်၊ ဒါကြောင့်ကျမတို့ သူမကို ယုံကြည်မျှော်လင့်ကြောင်းကို ပြသတာဖြစ်တယ်၊ ဒီနေ့မှာ ကျမတို့ အဖွဲ့ချုပ်အနေနဲ့ ထိုင်းနိုင်ငံမှာ(၄)နေရာ၊ ဘင်္ဂလားဒေ့ခ်ျမှာတနေရာ၊ အိန္ဒိယမှာ (၂)နေရာနဲ့
တရုတ်နယ်စပ်မှာ(၂)နေရာပြုလုပ်သွားခဲ့ကြတယ်၊ ကျမတို့ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပခဲ့တယ်။ အခုသူမ အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့အချိန်မှာလည်း ကျမတို့ဟာ သူမကို အမျိုးသမီးတွေဟာ အမျိုးသမီးဆိုတဲ့ အလံတခုတည်းအောက်မှာ အမြဲရှိနေတယ်ဆိုတာကို သက်သေပြတာဖြစ်တယ်၊ ဒီအခမ်းအနားမှာ ကျမတို့ ရခိုင်လူငယ်တချို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြု သီချင်းတပုဒ်ဖြင့် ဖျော်ဖြေခဲ့ကြတယ်၊ အဲဒီသီချင်းမှာ ကျမတို့လူငယ်တွေက ဒေါ်စုကို အစဉ် ရွှင်လန်းချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်၊ ဒါ့ပြင်မြန်မာနိုင်ငံအတွင်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းပေးတယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ မကျတဲ့နည်းလမ်းတွေကို ဒီမိုကရေစီကျဖို့ တောင်းဆိုတယ်၊ ဒါ့ပြင်ပြည်သူတွေက ဒေါ်စုကို
ဝိုင်းဝန်းအားပေးထောက်ခံကြဖို့နဲ့ ပြည်ပမှာလည်း ဒေါ်စုကဲ့သို့ အမေများရှိကြောင်းကို သတင်းပေးပို့တဲ့သီချင်းနဲ့ သီဆိုခဲ့တယ်၊
ဒီအခမ်းအနားမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလားဒေ့ခ်ျ ဒေသတာဝန်ခံ စောလှမြသူက အဖွင့်မိန်းခွန်း စကား ပြောကြားခဲ့ပါတယ်၊ တက်ရောက်လာကြတဲ့ ရခိုင်သူ၊ ရခိုင်သားများမှလည်း အသီးသီးဂုဏ်ပြုမိန်းခွန်း စကားပြောကြားခဲ့တယ်၊
ကျေးဇူးတင်စကားနဲ့ အပိတ်မိန်းခွန်းစကားကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင်ဖြစ်တဲ့ ကျမ စောမီမီသန်းက ပြောကြားခဲ့တယ်၊ အဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ရခိုင်အမျိုးသမီးများအစည်းအရုံးအဖွဲ့ဝင် စောမြတ်မြတ်ခိုင်က
ဖတ်ကြားပေးသွားပြီး အခမ်းအနားကို နေ့လည် တနာရီမှ ၃နာရီအတွင်း ပြုလုပ်ကျင်းပခဲ့ပါတယ်။” ဟု WLB သဘာပတိအဖွဲ့ဝင် စောမီမီသန်းကဂစ္ဆပသို့ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အထွေထွေအတွင်းရေးမှူး ဒေါ်စုမှာ မိမိ၏ မွေးနေ့ပွဲကို စစ်အာဏာရှင်၏ နှစ်ပေါင်းများစွာ အကျယ်ချုပ်ချခံခဲ့ရမှုမှ လွတ်မြောက်လာပြီးနောက် ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။

ဒေါ်စုမှာ ၁၉၈၈ ခုနှစ်မှစတင်၍ NLD တွင် အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ပြီး အမျိုးသမီးတဦးပီပီ မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် အဓိကကြိုးစားဆောင်ရွက်နေသော အများက လက်ခံယုံကြည်ကြသည့် ဒီမိုကရေစီခေါင်းဆောင်တဦး ဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖေါ်ပြသည်။

WLB (မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ခ်ျဌာနခွဲမှ ဒေါ်စုမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ကော့စ်ဘဇားခရိုင် နွားရုံတောင်ကျေးရွာရှိ ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးအဆောက်အအုံ (RDF)ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ တခြားနိုင်ငံ အရပ်ရပ်များတွင် ဒေါ်စု မွေးနေ့ပွဲ ဂုဏ်ပြုအစီအစဉ်များကို နည်းမျိုးစုံ လှုပ်ရှားကျင်းပခဲ့ကြသည်။

No comments:

Post a Comment