Wednesday, June 22, 2011

အမေရိကန် ကွန်ဂရက်သို့ ဒေါ်စု မိန့်ခွန်းပို့

အမေရိကန် ကွန်ဂရက်သို့ ဒေါ်စု မိန့်ခွန်းပို့
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အမေရိကန်ကွန်ဂရက် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဗွီဒီယိုကို ပေးပို့မည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်သို့ ပေးပို့မည့် ဒေါ်စု၏ ပထမဆုံး မိန့်ခွန်းဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ဒေါ်စုက မှတ်ချက်ပေးမည် ဖြစ်သည်။

ကြိုတင် ရိုက်ကူးထားသည့် ဗွီဒီယိုထဲတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်က ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အာဏာရလာသည့် မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်၏ လက်ထက်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြမည် ဖြစ်သည်။ ထိုဗွီဒီယိုခွေကို ဗုဒ္ဓဟူးနေ့ ဝါရှင်တန်တွင် ကျင်းပမည့် ကြားနာပွဲ၌ ပြသမည်ဖြစ်ပြီး
“ လျှို့ဝှက်ကန့်လန်ကာ နောက်ကွယ်သို့ ထိုးထွင်းကြည့်ရှု့ခြင်း” (ဟန်ဆောင် ရွေးကောက်ပွဲ နောက်ကွယ်မှ အမှန်တရားများနှင့် ခက်ခဲသည့် ရှေ့လမ်းခရီး) ဟု ခေါင်းစဉ် ပေးထားသည်။



ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဗွီဒီယိုကို အမေရိကန်ကွန်ဂရက် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီသို့ ပေးပို့မည် (ဓါတ်ပုံ မဇ္ဈိမ)
မြန်မာအစိုးရ အဖွဲ့သစ် အနေဖြင့် နိုင်ငံတကာ အထင်အမြင်တွင်
ရွေးကောက်ခံ အစိုးရအဖြစ် ယင်းတို့ကို ရှု့မြင်လာစေရန် ကြိုးပမ်းနေသော်လည်း ယခင် စစ်အစိုးရက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆမှုများ ရှိနေကာ ဝေဖန်မှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကြေညာချက်ထဲတွင် ကွန်ဂရက် လွှတ်တော်အမတ် Don Manzullo က မြန်မာ့အရေး ကြားနာပွဲတွင် “ ဟန်ဆောင် ရွေးကောက်ပွဲနှင့်
ခက်ခဲသည့် မြန်မာ့ရှေ့ခရီးလမ်း” နှင့် ပတ်သတ်သည့် အချက်အလက်များကို ဦးစားပေး ဆွေးနွေးကြလိမ့်မည်ဟု
ရေးသားထားသည်။

ဆပ်ကော်မတီခေါင်းဆောင် Illinois ပြည်နယ်မှ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Manzullo က မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား အင်အားစုများအပေါ် အစိုးရ၏ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ၊ မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ကြားနာဆွေးနွေးမည်
ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု ဆိုသည်။

အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် US Campaign for Burma က ပြောကြားရာတွင် “ ကြားနာ ဆွေးနွေးပွဲကို အလျင်အမြန် လုပ်ဆောင်ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအစိုးရဟာ နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ဒုက္ခသည် နှစ်သောင်းလောက်ဟာ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တိမ်းရှောင် ပုန်းအောင်းနေရပြီး တချို့လည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားရတာမျိုးတွေ ရှိပါတယ်” ဟု ဆိုသည်။

ကြားနာပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယိုအပြင် US Campaign forBurma ၏ တွဲဖက်တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်ဒင် JohnsHopkins စင်တာ၏
ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာနှင့် မြန်မာနိုင်ငံအတွင်း လူထု ကျန်းမာရေးနှင့် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကိစ္စရပ်များကို စာအုပ်တွဲဖက် ရေးသားပြုစုခဲ့သူ ဒေါက်တာ Chris Beyrer တို့ကလည်း တက်ရောက် ဆွေးနွေးမည်ဟု အန်ဂျီအို အဖွဲ့၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အသက် ၆၆နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံတကာရှိ ဆွေးနွေးပွဲများသို့ သူ၏အမြင်များကို ပြောဆို
ဆွေးနွေးထားသည့် သတင်းစကားများ ပေးပို့လေးရှိပြီး အဆိုပါ သတင်းစကားအများစုမှာ ရန်ကုန်မြို့တွင် ရိုက်ကူးထားသည့် ဗွီဒီယို မိန့်ခွန်းများ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်မှ ချီးမြှင့်သည့် ဂုဏ်ပြု ရွှေတံဆိပ်ဆု Congressional Gold Medal ကို၂ဝဝ၈ ခုနှစ်တွင် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်လွှတ်တော်၏
ထောက်ခံမှုကိုများစွာ ရရှိထားသူ ဖြစ်သည်။

No comments:

Post a Comment