Sunday, June 12, 2011

မြန်မာတွင် အသုံးပြုမည့် ဘင်္ဂလာမှ Mobile Recharge Card တာကာ ၄၃၅၀၀၀၀ တန်ဖိုး ဖမ်းဆီးခံရ

ဂစ္ဆပသတင်းဌာန
ဇွန်လ(၁၂)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာတွင် အသုံးပြုမည့် ဘင်္ဂလာမှ Mobile Recharge Card တာကာ ၄၃၅၀၀၀၀ တန်ဖိုး ဖမ်းဆီးခံရ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ Mobile Network ဖြင့် အသုံးပြုရန် သယ်ဆောင်သွားသော Mobile recharge card တာကာ (၄၃၅၀၀၀၀)တန်ဖိုးမှာ တာခ်နာမြို့နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က ဇွန်လ (၁၀)ရက်နေ့တွင် ဖမ်းဆီး ရမိကြောင်း သိရှိရသည်။




Mobile Recharge Card အရေအတွက်မှာ ၁၄၅၀၀ ကပ် ဖြစ်ကြောင်း၊ ကပ်တခုလျှင် တာကာ ၃၀၀ တန်ဖိုးရှိကြောင်းနှင့် စုစုပေါင်း တန်ဖိုးမှာ ၄၃၅၀၀၀၀ တာကာ ဖြစ်ကြောင်း တာခ်နာမြို့ အခြေစိုက် အမှတ်(၄၂)BGB တပ်ရင်းမှ အတည်ပြု ထုတ်ဖေါ်ပြောဆို လိုက်သည်။

BGBအမှတ်(၄၂)မှ ဦးဆောင်ဖမ်းဆီးသူ ဗိုလ်မှူး ဇော်ရ်ဇော်မီယာမှာ အထက်သို့တင်ပြပြီး အဆိုပါ Mobile Recharge Cardနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသမီး နုနုစိုး(အတည်မပြုရသေး) အား လွတ်ပေးလိုက်ကြောင်း BGBမှ ပြောသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ Network ဖြင့် ဘင်္ဂလာမှ SIM Card, Mobile, Battery Charger၊ Internetနှင့် တခြားပစ္စည်းများကို ဒေသအာဏာပိုင်များ၊ အသုံးပြုသူများနှင့် နားလည်မှုရယူပြီး ရောင်းချအသုံးပြုလျှက် ရှိကြောင်း သိရှိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ SIM ကပ်မှာ ၅၀၀၀၀ ကျော် အသုံးပြုလျှက် ရှိကြောင်း၊ Mobile ဖုံးမှာ ၂၀၀၀၀ ခန့်အသုံးပြုလျှက်ရှိကြောင်းနှင့် အများအားဖြင့် အသုံးပြုသူများမှာ အာဏာပိုင်များသာဖြစ်ကြောင်း မောင်တောနှင့် ဘူးသီးတောင် သတင်းများက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ကပ်များမှာ Robi, Grameen နှင့် Teletalk ကပ်များဖြစ်ကြောင်း သိရှိရသည်။ မောင်တောမြို့တွင် တာကာ ၅၀ တန်ကပ်တခုကို ၁၀၀၀ ကျပ်၊ ၃၀၀ တန်ကပ်တခုကို ၆၀၀၀ ကျပ်နှင့် တာကာ ၅၀၀ ဖို့ ကပ်ဝယ်လျှင် တာကာ ၅၀ တန်ကပ်တခုစီ ရောင်းသူများမှ အပိုပေးကြောင်း မောင်တောမြို့မှ ပြောသည်။

သို့သော်လည်း မောင်တောမြို့မှ ယခုသတင်းအား ခန့်မှန်းပြောနိုင်သူတဦးက “မိုဘိုင်းငွေကပ်ကို ဒီလောက်အများကြီး မောင်တောမြို့မှာ ဘယ်သူမှ စီးပွားရေး လုပ်တာမရှိပါဘူး၊ လုပ်နေတဲ့သူတွေကလည်း ဘင်္ဂလာကို ပါ့စ်ပို့နဲ့ နေ့စဉ်သွားသူများနဲ့ နေ့စဉ်ဆိုသလို မှာယူပြီး ရောင်းနေကြတဲ့ အနေအထားသာ ရှိပါတယ်၊ အခုဟာက တာကာ ၄၃၅၀၀၀၀ ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူး။”ဟု သုံးသပ် ရှင်းပြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ရောင်းချရန် မိုဘိုင်းနှင့်သက်ဆိုင်သည့် ပစ္စည်းမျိုးစုံ တာခ်နာတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment