Sunday, June 19, 2011

ရခိုင်ပြည်အမျိုးသားကောင်စီမှ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်အမျိုးသားကောင်စီမှ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဇွန်လ (၁၉) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)



ANC ဥက္ကဋ္ဌ ဆရာတော် ဦးသီဟ ဟောပြောနေစဉ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာတွင် မဲဆောက်ရောက် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီမှ ခေါင်းဆောင်များ တွေ့ဆုံသည့် လူထုတွေ့ဆုံဆွေးနွေးပွဲတခု ယနေ့ နေ့လည် (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ မဲဆောက်ရောက် ရခိုင်ပြည်သူများထဲမှ အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာတွင် မဲဆောက်ရောက် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီမှ ခေါင်းဆောင်များ တွေ့ဆုံသည့် လူထု တွေ့ဆုံဆွေးနွေးပွဲတခု ယနေ့ နေ့လည် (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ မဲဆောက်ရောက် ရခိုင် ပြည်သူများထဲမှ အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။

ထိုကဲ့သို့ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည် အမျိုးသား ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်ကို ဆက်သွယ်မေးမြန်းရာ သူက “ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ဘာကြောင့် နိုင်ငံခြားထွက်လာကြရတယ်၊ လက်ရှိအနေအထား ဘယ်လိုရှိတယ်၊ ရခိုင်ပြည် အမျိုးသား ကောင်စီ လက်ရှိ ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာတွေကို သိစေချင်တယ်၊ ရှင်းလင်းပြချင်တယ်။ ဒုတိယအချက်အနေနဲ့ မဲဆောက်ရောက် ရခိုင် ပြည်သူတွေရဲ့ အနေအထားက ဘယ်လို ရှိတယ်ဆိုတာကို ကျွန်တော်တို့က သိချင်တယ်။ အဲဒီလို ကောင်စီနဲ့ ပြည်သူ ဘာတွေ လုပ်နေတယ်ဆိုတာကို ဆွေးနွေးချင်တယ်။ နောက်တခုက ရခိုင်ပြည် နိုင်ငံရေးအခြေအနေ၊ ပြည်တွင်းရခိုင်ပြည် မြန်မာပြည် နိုင်ငံရေး အခြေအနေတွေ ဘယ်လို ဖြစ်နေတယ် ဆိုတာကို အပြန်အလှန် ဆွေးနွေးပြီးတော့ အနာဂတ်မှာ ဘယ်လို ရှေ့လုပ်ငန်းစဉ်တွေကို လက်တွဲပြီးတော့ လုပ်ဆောင်ကြမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကျင်းပရခြင်း ဖြစ်ပါတယ်” ပြောပြသည်။

အခမ်းအနားတွင် ဦးဆောင်ဟောပြောသူများအဖြစ် ရခိုင်ပြည် အမျိုးသားကောင်စီ ဥက္ကဋ္ဌ ဆရာတော် ဦးသီဟ၊ နာယက ဦးအောင်ဝင်း၊ ဒု-ဥက္ကဋ္ဌ (၂) ဦးကောင်းဇံ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးမင်းထွန်းနှင့် ဒေါ်သဇင်မြတ်တို့က ဆောင်ရွက် ခဲ့ကြသည်။

အခမ်းအနားကို ရခိုင့် အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင့် အောင်လံတော်နှင့် ရခိုင်ပြည် တော်လှန်ရေးတွင် ကျဆုံးသွားခဲ့ကြသော အာဇာနည် ပုဂ္ဂိုလ်များအား တမိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနား အစီအစဉ်အတိုင်း ဥက္ကဋ္ဌ ဆရာတော် ဦးသီဟက ရခိုင့် တော်လှန်ရေး၊ သံဃာ့လှုပ်ရှားမှု၊ ဘာသာရေးနဲ့ နိုင်ငံရေး ဆက်စပ်ပုံ ခေါင်းစဉ်ဖြင့် ဟောကြားခဲ့သည်။ ထို့နောက် ဦးအောင်ဝင်းက ရခိုင် အမျိုးသားနိုင်ငံရေးနှင့် လူငယ်ကဏ္ဍ၊ ဦးထွန်းဇော်မှ ရခိုင်ပြည် အမျိုးသား ကောင်စီ ပေါ်ပေါက်လာပုံနှင့် သမိုင်းပေးတာဝန်၊ ဦးကောင်းဇံမှ ရွေ့ပြောင်း အလုပ်သမား အခွင့်အရေးနှင့် ဥပဒေ၊ ဦးမင်းထွန်းက ရခိုင့် နိုင်ငံရေးနှင့် ယနေ့လူငယ်၊ ဒေါ်သဇင်မြတ်မှ ရခိုင်ပြည် တော်လှန်ရေးနှင့် ရခိုင် အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည်ဖြင့် အသီးသီး ဆွေးနွေး ဟောပြောခဲ့ကြသည်။ ထိုသို့ ဟောပြော ကြသည်များကို တက်ရောက် လာသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြား ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

ဦးထွန်းဇော်က ရခိုင်ပြည်အမျိုးသားကောင်စီ ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး ရှင်းလင်းပြရာတွင် “ရခိုင်ပြည် အမျိုးသားကောင်စီကို (၂၀၀၄) ခုနှစ်မှာ တော်လှန်ရေး၊ နိုင်ငံရေး ပါတီ အဖွဲ့အစည်း (၄) ခု ဖြစ်ကြတဲ့ ALD-Exile၊ ALP၊ NUPA၊ DPA တို့ကို အရင်းတည်ပြီးတော့ ရဟန်းသံဃာ၊ ကျောင်းသား လူငယ်၊ အမျိုးသမီးအဖွဲ့တို့ ၀ိုင်းရံပြီးတော့ ဖွဲ့စည်းထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုအချိန်မှာတော့ တော်လှန်ရေး၊ နိုင်ငံရေး ပါတီဖြစ်ကြတဲ့ ALD – Exile၊ NUPA၊ RSU၊ AASYC တို့နဲ့ (၂၀၁၀) ဒုတိယ အကြိမ် ရခိုင်ပြည်အမျိုးသားကောင်စီညီလာခံမှာ ပြန်လည် စုစည်းပြီးတော့ အမျိုးသား တာဝန်တွေကို ကြိုးစား ဆောင်ရွက်နေပါတယ်။” ဟု ပြောကြားခဲ့သည်။

တက်ရောက်လာသူများထဲမှ အချို့ကလည်း သူတို့၏ ရင်တွင်း ခံစားချက်များကို ဖွင့်ဟပြောဆိုမှုများ ရှိခဲ့သည်ဟု သိရှိရသည်။ တက်ရောက်လာသူ ရခိုင် အမျိုးသမီးတဦးက ပြောပြာရာတွင် “ခုလို တွေ့ဆုံဆွေးနွေးပွဲတွေဟာ အများကြီး လိုအပ်ပါတယ်။ ဒီလို တွေ့ဆုံခွင့်ရတာဟာ ပြည်ပ ရောက်လာကြတဲ့ ရခိုင်လူမျိုး အချင်းချင်း နားလည်မှု၊ ခင်မင်မှုတွေ ပိုပြီးတော့ ရလာနိုင်တယ်။ နောက်ပြီး ရခိုင်ပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခုလိုနားထောင်ခွင့် ရတဲ့အတွက် ပိုပြီး ဗဟုသုတ တိုးပွါးစေပါတယ်” ဟု ဆိုသည်။ ရခိုင်အမျိုးသမီးတဦးကလည်း ယခုနောက်ပိုင်းတွင် မဲဆောက်မြို့သို့ အသက် မပြည့်သေးသော ရခိုင်မိန်းကလေးများ အလုပ်လုပ်ရန် ယခင်ကထင် ပိုမို ရောက်ရှိလာကြကြောင်း၊ (၁၅) နှစ် မပြည့်သေးသော ရခိုင် မိန်းကလေးများ ယခုနှစ်တွင် ပိုမို ရောက်လာကြကြောင်းနှင့် ထိုသို့ ရခိုင်ပြည်ကို စွန့်ခွာပြီး အလုပ်လုပ်ဖို့ လာနေရခြင်းမှာ အုပ်ချုပ်သူများ၏ ဖိနှိပ်မှုများကြောင့်ဟု သူယူဆကြောင်း ပြောကြားခဲ့သည်။

နောက်ထပ် ရခိုင်အမျိုးသမီးတဦးမှလည်း အမျိုးသမီးရေးရာနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ချက်များ ရှိသလဲဟု မေးမြန်းရာ ဒေါ်သဇင်မြတ်က “ANC အနေနဲ့ အမျိုးသမီးရေးရာနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ပေးနေတဲ့ တာဝန်ခံ အမျိုးသမီးတွေ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးရေးရာ ဆိုတာက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသားတွေနဲ့လည်း လက်တွဲပြီး လုပ်ဆောင်နေပါတယ်။” ဟု ဖြေကြားသွားခဲ့သည်။

ရခိုင့်လက်နက်ကိုင် ပါတီများဖြစ်သော ALP နှင့် DPA တို့ မပါဝင်နိုင်ခြင်းအပေါ် Arakan Review မှ ဆက်သွယ် မေးမြန်းလျှောက်ထားရာ ဥက္ကဋ္ဌ ဆရာတော်ဦးသီဟမှ “ပြောရမယ်ဆိုရင် ရခိုင်ပြည် အမျိုးသား ကောင်စီအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို တရားဝင် ပြောကြားခဲ့တာ မရှိသေးဘူး။ ဦးဇင်းတို့ ဒုတိယအကြိမ် ရခိုင်ပြည် အမျိုးသားကောင်စီ ညီလာခံ မကျင်းမီ အကြိုညှိနှိုင်းဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ဘက်က တရားဝင် တုန့်ပြန်မှုဘာမှ မရှိခဲ့ဘူး။ ညီလာခံကိုလည်း တက်ရောက်လာခြင်း မရှိခဲ့ဘူး။ အဲဒါကြောင့် သူတို့ရဲ့ မပါဝင်နိုင်ခဲ့ခြင်းအပေါ်မှာ ရှင်းရှင်း လင်းလင်း ပြောဖို့ ခက်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားမှာ ညနေ (၆း၃၀) အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရှိရသည်။ နောက်လည်း ယခုကဲ့သို့ လူထုနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရှိရပါသည်။

http://arakanreview.net/?p=3171

No comments:

Post a Comment