Saturday, June 4, 2011

ပြည်ပဈေးကွက်သို့ ၂၀၁၁-၁၂ တွင် မြန်မာမှ ဆန်တန်ချိန် ခြောက်သိန်း တင်ပို့ရန်လျာတားထား

ဂစ္ဆပသတင်းဌာန
မေလ(၄)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ပြည်ပဈေးကွက်သို့ ၂၀၁၁-၁၂ တွင် မြန်မာမှ ဆန်တန်ချိန် ခြောက်သိန်း တင်ပို့ရန်လျာတားထား





မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ပြည်ပဈေးကွက်သို့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ခြောက်သိန်း(၆၀၀၀၀၀) တင်ပို့ရန် လျာတားထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ထုတ်ဖေါ်ချက်အရ သတင်းရရှိသည်။

အဆိုပါ မြန်မာ့ဆန် ပြည်ပသို့ မေလအတွက် တင်ပို့ရန် ဆန်တန်ချိန်သုံးသောင်း လိုင်စင်ရထားကြောင်းနှင့် ၎င်းဆန်ကို ဇွန်လဆန်း၌ သဘောင်္တင် ပို့ဆောင်မည်ဖြစ်သည်။ ထို့အပြင် နောက်ထပ် တန်ချိန်နှစ်သောင်းမှာ လိုင်စင်လျှောက်ထားဆဲ ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

“မြန်မာ့ဆန်က လက်ရှိ ကမ္ဘာ့ဈေးကွက်မှာ ရတဲ့ဈေးက မဆိုးပါဘူးလို့ ပြောလို့ရတယ်။ ပို့ကုန်ရငွေ တန်ဖိုးသာ ထပ်မကျရင် လုပ်သာကိုင်သာ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိမြန်မာ့ဆန်သည် ကမ္ဘာဈေးကွက်တွင် တစ်တန်လျှင် အမေရကန်ဒေါ်လာ ၃၉၀မှ ၃၉၅အထိ ပေါက်ဈေးရှိပြီး ဈေးကောင်းရနေကြောင်း သိရသည်။

မြန်မာ့ဆန်ကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရန် တန်ချိန်လျာထား သတ်မှတ်ချက်ကြောင့် ဗီယက်နမ်ဆန်မှာ ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်း၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဝေါလ်စထရိဂျာနယ် ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

မြန်မာ့ဆန်တင်ပို့မှုမှာ ယခင်နှစ်က ကမ္ဘာ့ဈေးကျဆင်းမှု၊ ပြည်တွင်းဈေးမြင့်မားမှု၊ ပြည်ပပို့ကုန်ရငွေ တန်ဖိုးဈေးကျမှုတို့ကြောင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၄၀,၀၀၀သာ တင်ပို့နိုင်ခဲ့ကြောင်းကိုလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သိရသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာ ဖူလုံရေးတွင် ကာကွယ်မှုအနေဖြင့် ဆန်ပြည်ပသို့ တင်ပို့သူများသည် ပြည်တွင်း ဈေးကွက်၌ ဈေးနှုန်းမြင့်တက်လာပါက လက်ထဲတွင် လှောင်ထားသော ဆန်များထဲမှ ငါးရာခိုင်နှုန်းကို ပြည်တွင်းဈေးကွက်သို့ ပြန်လည် ရောင်းချပေးရမည် ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဦးချစ်ခိုင်က ပြောကြားသည်။

ပြည်ပသို့ တင်ပို့လိုသူများသည် ဈေးကွက်၌ ဆန်များဝယ်ယူ စုဆောင်းရာတွင် ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ပြီးခဲ့သည့် မတ်လကလည်း ပြည်ပတင်ပို့မှုကို ရပ်နားခဲ့ရကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

တခြားတဖက်မှာ ရခိုင်ပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ စက်ဘုတ်များဖြင့် နေ့စဉ်ဆန်တင်ပို့မှုများမှာလည်း အဆမမြတ် အမြောက်အများ ရှိနေပြီး ရခိုင်ပြည်လူထုများ အနေဖြင့် ဒေသထွက်ဆန်များအား ၀ယ်ယူရန် ရှားပါးမှုနှင့် ဈေးကြီးပေးဝယ်နေရမှုများမှာ တနှစ်ထက်တနှစ် အခက်အခဲများရင်ဆိုင် ကြုံကြိုက်နေကြရကြောင်း သိရှိရသည်။
သတင်းအချက်အလက်များကို အင်တာနက်မှ စုဆောင်းဖေါ်ပြသည်။

No comments:

Post a Comment