Wednesday, June 8, 2011

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာ မူဆလင် ဒုက္ခသည် စခန်းကို လာရောက် လည်ပတ်

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာ မူဆလင် ဒုက္ခသည် စခန်းကို လာရောက် လည်ပတ်

-----------
တာကလူး
-----------
အမေရိကန်၏ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအတည်ချမှု ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ပီ ချာဝတ်ဇ်သည် ဘင်္ဂလားဒေခ်ျ့နိုင်ငံ မြန်မာနယ်စပ်ရှိ ကူတူပလောင် ဒုက္ခသည်စခန်းကို ယမန်နေ့ (အင်္ဂါနေ့)က လာရောက်လည်ပတ်ခဲ့သည်။



ဝန်ကြီးချာဝတ်ဇ်သည် ကူတူပလောင် ဒုက္ခသည်စခန်းသို့ နေ့လည် ၁၂း၀၀ နာရီဝန်းကျင် အချိန်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု စခန်းမှ ဒုက္ခသည် ကျောင်းဆရာတစ်ဦးက ပြောသည်။

"သူနဲ့အတူ ဘင်္ဂလားဒေခ်ျ့က အရာရှိတွေ၊ ယူအန်အရာရှိတွေနဲ့ အန်ဂျီအိုတွေက လူကြီးတွေလည်း ပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီထိုးခါနီးမှာ ရောက်လာကြတာပါ။ ကျွန်တော်တို့ စခန်းထဲမှာရှိတဲ့ စာသင်ကျောင်းတွေ၊ အမျိုးသမီး အမျိုးသား စက်ချုပ်စင်တာတွေနဲ့ ကွန်ပျူတာ စင်တာတွေကို လှည့်လည် ကြည့်ခဲ့ကြပါတယ်" ဟု ၄င်းကျောင်းဆရာက ပြောသည်။

ချာဝတ်ဇ်နှင့် အဖွဲ့မှာ ကူတူပါလောင် တရားဝင် ဒုက္ခသည်စခန်းအနီးတွင် ကပ်ရပ် နေထိုင်နေကြသည့် တရားမ၀င် ဒုက္ခသည်စခန်းကိုလည်း လှည့်လည် ကြည့်ရှူ့ခဲ့ကြပြီး၊ ဒုက္ခသည်များ၏ ရပ်တည် နေထိုင်မှုနှင့် ပတ်သတ်၍ ဒုက္ခသည်တချို့ကို မေးမြန်း စုံစမ်းမှုများ ပြုလုပ်သွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးသည် ဘင်္ဂလားဒေခ်ျ့ နိုင်ငံ အတွင်း တရားဝင်နှင့် တရားမ၀င် ခိုလှုံနေကြသည့် မြန်မာမူဆလင် ဒုက္ခသည်များကို လူသားချင်းစာနာသည့် ကာကွယ် ထောက်ပံ့ကူညီမှုများ ပေးနိုင်ရန် ယနေ့ ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ လည်ပတ်မည် ဖြစ်သည်။ သူ၏ ၃ ရက်တာ ခရီးစဉ်အတွင်း ဘင်္ဂလားဒေခ်ျ့ အစိုးရ အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မူဆလင် ဒုက္ခသည် ၂၉၀၀၀ ခန့်ကို မြန်မာနယ်စပ် ကော့စ်ဘာဇာခရိုင်ရှိ ကူတူပလောင်နှင့် နော်ယာပါရာ ဒုက္ခသည်စခန်းများတွင် တရားဝင်ခိုလှုံခွင့်ပေးထားပြီး၊ တခြားဒုက္ခသည် ၂ သိန်းကျော်မှာ အနီးအနားရှိ တရားမ၀င် စခန်းများနှင့် မြို့ရွာများတွင် နေထိုင်လျက်ရှိကြကြောင်း ဒေသခံအစိုးရက ထုတ်ပြန်ထားသည်။

အမေရိကန် အစိုးရအနေဖြင့် ဘင်္ဂလားချေ့် နိုင်ငံနှင့် တခြား ဒေသအတွင်း နိုင်ငံများတွင် ခိုလုံနေကြသော မြန်မာ နိုင်ငံမှ မူဆလင်ဒုက္ခသည်များ တွေ့ကြုံခံစားနေရသည့် ဆိုးဝါးလှသည့် အခြေအနေများကို အလွန် စိုးရိမ်မကင်း ဖြစ်နေရပြီး၊ ဒုက္ခသည်များ၏ အခက်အခဲ အကျပ်အတည်းများကို သက်ဆိုင်ရာ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားမည်ဟုလည်း နိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။

အမေရိကန် အစိုးရမှ ဘင်္ဂလားဒေခ်ျ့နိုင်ငံ အတွင်းခိုလှုံနေကြသော တရားဝင်၊ တရားမ၀င် မြန်မာ မူဆလင် ဒုက္ခသည်များကိုသာမက ဒေသခံ နိုင်ငံသားများကိုလည်း အစာအာဟာရ၊ ရေ၊ ကျန်းမာရေး၊ ပညာရေး၊ ဘ၀ရပ်တည်ရေး နှင့် မသန်စွမ်းသူများကို ထောက်ပံ့ကူညီပေးရေး အစီအစဉ်တို့ဖြင့် ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

http://www.narinjara.com/detailsbur.asp?id=3231

No comments:

Post a Comment