Wednesday, June 1, 2011

စစ်အုပ်စု ရခိုင်ပြည်တွင် ၂၄ နာရီမီးပေးမည့် စီမံကိန်းသတင်း ကောလဟာလဖြန့်ဝေ

ဂစ္ဆပသတင်းဌာန
ဇွန်လ(၂)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

စစ်အုပ်စု ရခိုင်ပြည်တွင် ၂၄ နာရီမီးပေးမည့် စီမံကိန်းသတင်း ကောလဟာလဖြန့်ဝေ

မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်တွင် ၂၄ နာရီမီးပေးနိုင်ရေးအတွက် စစ်အုပ်စုက ပုဂ္ဂလိက ကုမ္ပဏီတခုကို ဧပြီလ နောက်ဆုံး အပတ်က လေးလံပေးထားခဲ့ကြောင်း ကောလဟာလ သတင်းများ ဖြန့်ဝေလျှက်ရှိကြောင်း သတင်းရရှိသည်။





အဆိုပါ ရခိုင်ပြည် စစ်တွေမြို့တော်တွင် ၂၄ နာရီမီးပေးနိုင်ရေးအတွက် စစ်တွေမြို့တော်၌ ယမနေ့ ဗုဒ္ဓဟူးနေ့က သက်ဆိုင်ရာ စစ်အုပ်စုနှင့် ပုဂ္ဂလိက စီးပွားရေးသမားများ အစည်းအဝေးတခု ပြုလုပ်ခဲ့သည်ဟု အတည်မပြုရသေးသောသတင်းများအရ သိရှိရသည်။


“ဒီကနေ့ ညဥ့် (၁၂) နာရီထိ လျှပ်စစ်မီးပေးမယ်လို့ သိရပါတယ်၊ မနက်ဖြန်အထိလောက်တော့ ကြည့်ရတာပေါ့၊ ရက်ရှည်ကြည့်နေစရာ မလိုအပ်ဘူးလို့ ထင်ပါတယ်၊ သူတို့အစည်းအဝေး ဆုံးဖြတ်ချက်က ဇူလှိုင်လ တတိယအပတ်ကတည်းက စတင်ပြီး (၂၄)နာရီ မီးပေး မယ်လို့ သိရပါတယ်။”ဟု ပြောသည်။


စစ်အုပ်စုမှ ရခိုင်ပြည် စစ်တွေမြို့တော်တွင် ၂၄ နာရီမီးပေးနိုင်ရေးအတွက် ရခိုင်ပြည်အခြေစိုက် ပုဂ္ဂလိက ထူးသော်လင်း ကုမ္ပဏီအား လေးလံပေးထားခဲ့ခြင်းဖြစ်ကြောင်း လူထုအတွင်း သတင်းများပျံနှံနေသည်။


စစ်တွေမြို့တော်မှ အမည်မဖေါ်လိုသူ တဦးက “အဲဒီ ၂၄ နာရီမီးပေးနိုင်ဖို့ဟာကို စပါးခွံဓါတ်ငွေ့စက်ကို အသုံးပြုပြီး ပေးမယ်လို့ သိရပါတယ်၊ သိရသလောက် အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်၊ ဘယ်လိုပုံစံနဲ့ စစ်တွေမြို့တော်ကို မီးပေးမလဲဆိုတာတော့ လုံးဝစဉ်းစားလို့ မရသေးပါဘူး အခုထက်ထိ။”ဟုပြောသည်။


စစ်တွေမြို့တော်မှ လူထုသတင်းရပ်ကွက်များက “စပါးခွံလောင်စာသုံးမီးနဲ့ ၂၄ နာရီမပြောနဲ့ ဆက်တိုက် ၆ နာရီလောက် ပေးနိုင်မဲ့ အခြေအနေ မတွေ့ရပါဘူး၊ အဓိကတော့ စစ်အုပ်စုငွေရရှိရေးနဲ့ စီးပွားရေးသမားတွေက အမြတ်ရရှိရေးနဲ့ လုပ်ပိုင်ခွင့် ရရှိရေးတို့ကို ဦးစားပေးတဲ့ အခြေအနေအပြင် တပတ်ဘယ်လိုလုပ်လာမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်ပေါ့နော်။”ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်တွင် အဆိုပါ စပါးခွံလောင်စာသုံးမီးစက်များ တည်ဆောက်ပြီး စစ်အုပ်စုမှ ပုဂ္ဂလိကလက်သို့ လွဲပြောင်းလိုက်ခြင်းမှာ အချင်းချင်း ပဋိပက္ခဖြစ်လာအောင် ဖန်တီးခြင်းဖြစ်ကြောင်းနှင့် စပါးခွံသုံးမီးစက်များကြောင့် ဒေသအတွင်း လေထု၊ ရေထုများ ညစ်ပစ်စေပြီး လူထု အနေဖြင့် ကျန်းမာရေး အခြေအနေကို စိုးရိမ်နေကြကာ စစ်အုပ်စုကို မကြေနပ်မှုများ တိုးပွားလျှက်ရှိနေကြကြောင်း စုံစမ်းသိရှိရသည်။


စစ်တွေမြို့တော်တွင် ယခုအခါ အစိုးရလျှပ်စပ်မီး မီတာကြေး တယူနစ်ကို ၄၀၀ အထိပေးဆောင်နေရပြီး ပုဂ္ဂလိက စီးပွားရေး သမားများလက်သို့ လုပ်ပိုင်ခွင့်များတဖန် ရောက်ရှိလာနေသဖြင့် တယူနစ်ကို ပိုမိုပေးလာနိုင်ဖွယ် အခြေအနေများ အများအပြား ရှိနေကြောင်း ပြည်တွင်းသတင်းများက ဆိုသည်။

ယခုအခါ စစ်အုပ်စုမှ ရခိုင်ပြည်တွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများဖြစ်သော ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတောင်ရေးတံခွန်မှာ ၇၆.၅ မီကာဝပ် ထုတ်လုပ်နိုင်ရန်စီမံနေကြောင်း၊ သံတွဲမြို့နယ်ရှိ သူဌေးချောင်း ရေအားလျှပ်စစ် စီးမံကိန်းမှာ ၁၁၀ မီကာဝပ် ထုတ်လုပ်နိုင်ရန်စီမံနေကြောင်း၊ အမ်းချောင်းရေအားလျှပ်စစ်စီးမံကိန်းမှာ ၁၀ မီကာဝပ် ထုတ်လုပ်နိုင်ရန်စီမံနေကြောင်း၊ ကျောက်တော်မြို့နယ်ရှိ လေးမြို့ချောင်းရေအားလျှပ်စစ် စီမံကိန်းမှာ ၅၇၆.၅ မီကာဝပ်စီမံပြီးထုတ်လုပ်နေကြောင်းနှင့် တခြားရေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် နေရာများကို ရှာဖွေစီမံနေကြောင်း သိရှိရသည်။

သို့သော်လည်း စစ်အုပ်စု စီမံကိန်းများမှာ ရခိုင်ပြည်မှ မည်သည့်မြေပေါ်မြေအောက် သယံဇာတ သဘာဝအရင်းအမြစ်များမှ ထွက်ရှိသည့် အကျိုးအမြတ်များကို ဒေသခံလူထုအတွက် ခွဲဝေသုံးစွဲရန် ရွယ်ရည်ချက်မရှိဘဲ စစ်အာဏာရှင်တည်မြဲရေးအတွက် နိုင်ငံခြားများသို့ရောင်းကာ ရရှိသည့်အကျိုးအမြတ်များကို မိမိနိုင်ငံအတွင်း၌ လူညွှန့်တုံးပြုန်းတီးရေးကိုသာ စီမံကိန်းချ လုပ်ဆောင်နေ ကြောင်း ခေတ်အဆက်ဆက်က သက်သေထူနေပြီးဖြစ်သည်။

No comments:

Post a Comment