Thursday, June 2, 2011

ဗိုလ်မှူးချုပ် နေလင်း ရခိုင်ပြည်ခရီးစဉ်အတွင်း ၀န်ထမ်းဟောင်းများ၏ နေအိမ်စီမံကိန်းကိုညွန်ကြားခဲ့

ဂစ္ဆပသတင်းဌာန
ဇွန်လ (၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com




ဗိုလ်မှူးချုပ် နေလင်း ရခိုင်ပြည်ခရီးစဉ်အတွင်း ၀န်ထမ်းဟောင်းများ၏ နေအိမ်စီမံကိန်းကိုညွန်ကြားခဲ့

စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဗမခ နေလင်း ရခိုင်ပြည်မြို့များသို့ မေလ(၁၅)ရက်နေ့က (၄)ရက်တာ လာရောက် လည်ပတ်ခဲ့ပြီး ၀န်ထမ်းဟောင်းများအတွက် နေအိမ်စီမံကိန်းတခုကို ယခုနှစ်အပြီးတည်ဆောက်ရန် ညွှန်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူး နေလင်းမှာ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ရခိုင်ပြည်ရှိ မြို့အများ အပြားသို့ သွားရောက်ပြီး ရခိုင်ပြည်သူများအား စိတ်တိုင်းကျအကွက်ဆင် နှိပ်ကွက်နိုင်ရန် လေ့လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဗမခ နေလင်းမှာ ပြည်တွင်းလေကြောင်းဖြင့် မေလ(၁၅)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြောင်းနှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့များသို့ သွားရောက်ခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်မှူးချုပ် နေလင်း၏ ရခိုင်ပြည်ခရီးစဉ်အတွင်း ၀န်ထမ်းဟောင်းများအတွက် အိမ်ယာတည်ဆောက်လျှက် ရှိနေသည့် နေရာများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အိမ်ယာသစ်များတွင် နှစ်ရှည်လများတာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းဟောင်း များကိုသာ အဓိက ထားရှိမည်ဖြစ်ကြောင်း ညွန့်ကြားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

စစ်အုပ်စု ၀န်ထမ်းဟောင်းများအတွက် အိမ်ယာသစ်များ တည်ဆောက်နေသည့် နေရာများမှာ ဘူးသီးတောင်မြို့နယ်တွင် (၂)နေရာ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝနှင့် မင်းပြားမြို့နယ်များတွင် (၁)နေရာစီဖြစ်ကြောင်း သိရှိရသည်။

ယခုစစ်အုပ်စုမှ ၀န်ထမ်းဟောင်းများအတွက် အိမ်ယာတည်ဆောက်နေသည့် မြေနေရာများ အတိအကျကို မသိရှိရသေးသော်လည်း တည်ဆောက်နေသည့် အိမ်တလုံးစီ၏တန်ဖိုးမှာ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိရှိကြောင်း၊ ကုန်ကျမည့်ငွေများကို ၀န်ထမ်းဘဏ္ဍာရေး ဌာနမှထုတ်ယူသုံးစွဲနေကြောင်း၊ စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် တည်ဆောက်ပြီးသည်နှင့် ၀န်ထမ်းဟောင်းများကို နေရာချထားပေးမည်ဖြစ်ကြောင်း စစ်တပ်မှလာသော သတင်းများက ဆိုသည်။

သို့သော်လည်း အဆိုပါ တည်ဆောက်နေသည့် နေအိမ်များတွင် တပ်ကြပ်ကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်များကိုသာ နေရာချထားမည် ဖြစ်ပြီး တည်ဆောက်ထားသည့် အိမ်၏ ကုန်ကျစာရိတ်များကို ယင်း၏လခမှ လစဉ်ဖြတ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်အုပ်စုမှ ၀န်ထမ်းများအတွက် အိမ်တည်ဆောက်နေသည့် မြေယာများမှာ ဒေသခံရခိုင်ပြည်သူများမှ မတရားသဖြင့် သိမ်းယူ ထားသော မြေယာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေအိမ်များသို့ အခြေချရောက်ရှိလာမည့် ၀န်ထမ်းဟောင်းများ၏ စီးပွားရေးများကိုလည်း ဒေသခံသက်ဆိုင်ရာမှ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အတည်မပြုရသေးသော သတင်းများကဆိုသည်။

စစ်အုပ်စုအဖွဲ့မှ ရခိုင်ပြည်သို့ တာဝန်ဖြင့် ရောက်ရှိလာကြသော စစ်တပ်အကြီးအကဲများမှာ ရခိုင်ပြည်နှင့် လူထုထံမှ စီမံကိန်းလှည့်ကွက် များကိုအသုံးပြုလျှက် အကျိုးအမြတ်ရရှိမည်ကို စနစ်တကျ ကြိုတင်တွက်ချက်ပြီး ဖိနှိပ်ရက်စက်ရန် လာကြသော သူများသာ ဖြစ်ကြောင်း ယနေ့ရခိုင်ပြည်သူလူထု အခြေအနေကို ကြည့်၍သိရှိနိုင်သည်။

“ဗမခ နေလင်းရဲ့ ရခိုင်ပြည်ခရီးစဉ်အတွင်း အဓိကလျှို့ဝှက်ပြီး ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေကို သိဖို့ခက်ပါတယ်၊ ဒါ့အပြင် စစ်အုပ်စုက မြန်မာပြည်သူလူထုတွေအပေါ် လူညွှန့်တုံးအောင်အထိ စစ်အာဏာရှင်အုပ်ချုပ်ရေး စနစ်နဲ့ တလျှောက်လုံး ကျင့်သုံးလာတဲ့ သူတို့ရဲ့ ကြက်ဖက်အချင်းချင်း အိုးမဲသုတ်ပြီး ခွတ်ခိုင်းတဲ့ စီမံကိန်းကွင်းဆက်တွေကို အသေးစိပ်သိရှိဖို့ မလွယ်ပါ။”ဟု ရခိုင်နိုင်ငံရေး ၀ါရင့်များက သုံးသပ်ပြောဆိုကြသည်။

No comments:

Post a Comment