Friday, June 10, 2011

ရခိုင်ပြည်နယ် လေပြင်းမုန်တိုင်းကြောင့် လမ်း၊ စစ်တပ်စခန်းနှင့် နေအိမ်တချို့ ပျက်စီးသွား

ဂစ္ဆပသတင်းဌာန
ဇွန်လ(၁၀)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်နယ် လေပြင်းမုန်တိုင်းကြောင့် လမ်း၊ စစ်တပ်စခန်းနှင့် နေအိမ်တချို့ ပျက်စီးသွား

ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းမုန်တိုင်း ဗုဒ္ဓဟူးနေ့ညဥ့်မှ ကြာသပတေးနေ့ တရက်လုံးအထိ ကျရောက်ခဲ့သောကြောင့် ရေလမ်း၊ ကားလမ်းတချို့၊ လူနေအိမ်တချို့နှင့် စစ်တပ်စခန်းများ ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မုန်တိုင်းစက်ကွင်းမှာ နံနက်(၈)နာရီကျော်မှစတင်ပြီး မောင်တောမြို့တွင် တနာရီလျှင် မိုင်(၆၀)နှုန်း၊ ဘူးသီးတောင်မြို့နှင့် တချို့နယ်မြေများတွင် မိုင်(၇၅)နှုန်းအထိ ၀င်ရောက်တိုက်ခိုက်သွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မှာ မြင့်တက်ခဲ့ကြောင်းနှင့် လမ်းဘေး သစ်ပင်များ ကျိုးကျမှုများ ရှိခဲ့ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရှိရသည်။




ရခိုင်ပြည်နယ်တွင် ကျရောက်သည့် လေပြင်းမုန်းတိုင်းနှင့် မိုးကြီးမှုကြောင့် စစ်တွေ-ရန်ကုန်ကားလမ်း၊ စစ်တွေ-ဘူးသီးတောင် ရေလမ်း၊ မြောက်ဦး-မြောင်းဘွယ်၊ မြောက်ဦး-ကျောက်တော်နှင့် ဘူးသီးတောင်-မောင်တော ကားလမ်းများမှာ မိုးရေလွှမ်းမိုးပြီး တောင်ပြို၊ လှိုင်းသန်သောကြောင့် လမ်းကျိုးပဲ့ဖုံးလွှမ်းမှုများ ရှိခဲ့ကာ ခရီးသည်များ အသွားအလာ ခေတ္တရပ်ဆိုင်းထားခဲ့ရကြောင်း သိရှိရသည်။


စစ်တွေမြို့မှ ဘူးသီးတောင်သို့ လာသည့်ခရီးသည်တဦးက “သင်္ဘောက ခါတိုင်းထွက်တဲ့အချိန်ထက် မိုးသည်းထန်မှုကြောင့် နောက်ကျမှ ထွက်ပါတယ်၊ ပြီးတော့ ဖြည်းဖြည်းပဲခုတ်မောင်းပါတယ်၊ သင်္ဘောပေါ်မှာ ပါတဲ့ခရီးသည်တွေက တရက်လုံးစိုစွပ်တာနဲ့ ကြောက်ရတာ နဲ့ပေါ့နော်၊ လေနဲ့မိုးကြီးတော့ လှိုင်းကသန်တယ်လေ၊ ဘူးသီးတောင်ကိုရောက်တော့ နေ၀င်သွားပါပြီ၊ စောစောရောက်ရင်လည်း မောင်တောသွားဖို့ အခက်အခဲတွေ့ရလိမ့်မယ်လေ၊ အဲဒီမှာလမ်းက တောင်ခေါင်းကြီးအနားမှာ နဂိုလမ်းပဲ့ကျတာနဲ့ တောင်ပြိုတာနဲ့ ကားသွားမရဖြစ်ခဲ့တယ် ဆိုပါတယ်၊ ရေမကျနိုင်တဲ့ ကုန်တွေဆိုတော့ ရှုံးဆုံးမှုတွေ အနည်းအများတော့ ရှိတာပေါ့။”ဟု ရှင်းပြသည်။


ဘူးသီးတောင်-မောင်တောမြို့အကြား ၁၆ မိုင်သာရှိသော ကားလမ်းမှာ မိုးလေကြီးသောကြောင့် တောင်ခေါင်းကြီးအနီးတွင် တောင်မြေ ပြိုပြီး လမ်းပိတ်နေခဲ့သဖြင့် ၄ နာရီခန့် ခရီးသည်များမှာ အခက်အခဲဖြင့် ရပ်နားနေခဲ့ရပြီးနောက် လူအုပ်(၅၀)ခန့်မျှ လမ်းဆည်ပေးမှု ကြောင့် မောင်တောမြို့သို့ ခရီးသည်များ ရောက်ရှိလာကြကြောင်း မောင်တောမှ ကုန်သယ်ကြီး တဦးက ပြောသည်။

စစ်အုပ်စုမှာ ဘူးသီးတောင်-မောင်တောမြို့ ကားလမ်းကို အဓိက အာမာခံတည်ဆောက်မှု တစုံတရာမရှိဘဲ စစ်တွေမြို့ကို ချန်လှန် ထားခဲ့ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင်မြို့နယ် အထက်နန်းရာ-မောင်တောမြို့နယ် ကျောက်ပန်းတူ-အငူမော် ကားလမ်းကို တည်ဆောက် နေသည်။ ယင်းလမ်းမှာ ဘူးသီးတောင်မြို့ကိုလည်း ချန်လှန်ထားခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော်လည်း တံတားကြီးနှစ်ခု စစ်အုပ်စု အစီအစဉ်တွင်ရှိနေပြီးဖြစ်လျှင် စစ်တွေ-ဘူးသီးတောင်မြို့များမှာ တောက်လျှောက်ကုန်လမ်း ဖြစ်ပေါ်လာမည့် အခြေအနေ ရှိနေသည်။ တဖက်မှာ ယခုဖေါက်လုပ်နေသည့်လမ်းမှာ စစ်အုပ်စု၏ စစ်လမ်းသက်သက်သာ ဖြစ်နိုင်ကြောင်း လေ့လာသူတချို့က သုံးသပ်ကြသည်။

ဘူးသီးတောင်မြို့ အခြေစိုက် စကခ(၁၅) စစ်ဗျူဟာဌာနချုပ်စခန်းမှာ မိုးသက်လေပြင်းစက်ကွင်းကျသောကြောင့် တပ်သားမှ အရာရှိကြီး အဆင့်ရှိ အဆောင်အမိုးအကာများမှာ ၈၀ ရာခိုင်နှုန်းကျော်အထိ ပျက်စီးသွားခဲ့ကြောင်း၊ စကခ လက်အောက် တပ်ရင်း ၅ ရင်းမှ စခန်း တချို့များမှာ ပျက်စီးသွားခဲ့ကြောင်းနှင့် မောင်တောမြို့နယ်ရှိ နစက ကင်းစခန်းများမှာလည်း ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။


မြောက်ဦး-မြောင်းဘွယ်နှင့် မြောက်ဦး-ကျောက်တော်အကြား ရှိသောကားလမ်းမှာ ရေဖုံးလွှမ်းသွားခဲ့သဖြင့် လမ်းကျိုးပဲ့သွားခဲ့မှုကြောင့် ခရီးသည်နှင့်ကားများ ဆိုင်းငံ့နေခဲ့ရကြောင်းနှင့် အဆိုပါနယ်မြေများတွင် ကျွဲနွားများ ရေနစ်၍ သေဆုံးမှုများရှိသည့်အပြင် ပျောက်ဆုံးမှု များရှိကြောင်း သိရှိရသည်။

No comments:

Post a Comment