Monday, July 25, 2011

ဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင်.....( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ။

Sunday, July 24, 2011
ဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင်.....( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ။


မြန်မာပြည်မှာ လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးစသည့်ဒီမိုကရေစီ၏အနှစ်သာရများ နှစ်ကာလကြာရှည်စွာ ပျောက်ဆုံးပြီး လူထုကို လက်နက်အားကိုးလျက် မင်းမဲ့စရိုက်ဆံစွာ ဖိနှိပ်ကြမ်းကြုတ်အုပ်ချုပ်နေမှုများ ၊ မတရားဥပဒေများထုတ်ပြီး ဥပဒေကိုဗြောင်ချိုးဖောက်နေမှုများ ၊အမျိုးသားပြန်လည်သင့်မြတ်ရေးကို လျစ်လျှူရှုကာ ရေရှည်ပြည်တွင်းစစ်ကို ဖန်တီးနေခြင်းများ ၊ တိုင်းပြည်စီးပွားရေးချောက်ထဲကြပြီး ပြည်သူလူထုတရပ်လုံး ခြွတ်ခြုံကျ မွဲတေဆင်းရဲတွင်းနက်နေပါလျက် လက်တဆုပ်စာ လူတစုသာ ဖောက်ပြန်၍ကြီးပွားချမ်းသာနေမှုများကြောင့် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ကို ပြည်သူလူထုတရပ်လုံး အော့နှလုံးနာကာ မခံမရပ်နိုင်သည့်အဆုံးမှာ ( ၈၈၈၈ ) လူထုအုံကြွမှုကြီး တတိုင်းပြည်လုံးတွင်ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးများ တောင်းဆိုခဲ့ကြပါသည်။

သို့သော်စစ်အုပ်စုသည် လွန်ခဲ့သော ( ၂၃ ) နှစ်ကျော်ကအမှားများကိုသင်ခန်းစာယူကာ တတိုင်းပြည်လုံးကောင်းစားရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ပြီး အတိုက်အခံ အင်အားစုများနှင့်ညှိနှိုင်းဆွေးနွေးကာ တိုင်းပြည်ငြိမ်းချမ်းရေးကို ပုံဖော်တည်ဆောက်လျက် တိုင်းပြည်စီးပွားရေးကိုကမ္ဘာ့အဆင့်အတန်းမီ အင်တိုက်အားတိုက် တိုးတက်အောင်ဆောင်ရွက်ရမည့်အစား
ဆိုရှယ်လစ်စနစ်ကထက်ပင်ဆိုဝါးသော စစ်အာဏာရှင်စနစ်ကိုအသက်သွင်းခဲ့ကြပေသည် ။

ရေခံမြေခံကောင်းပြီး သယံဇာတ ပေါကြွယ်ဝသည့်တိုင်းပြည်သည် စစ်အာဏာရှင်စနစ်ကြောင့် ဆင်းရဲမွဲတေနေရသည်ကို ဘယ်သူမှ ငြင်းချက်ထုတ်လို့ရမည်မဟုတ်ပါ ၊ တချိန်က အာရှစားပါးကျည်ဘ၀မှ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းကို သွတ်သွင်းခဲ့သည်မှာလည်း စစ်အုပ်စုဖန်တီးသည့် ရေရှည်ပြည်းတွင်းစစ်ကြောင့်ပင်ဖြစ်သည် ၊တိုင်းပြည်အနာဂတ်ကိုတည်ဆောက်မည့် ပညာရေးလုပ်ငန်းများ ၊ လူထုကျန်းမာရေးလုပ်ငန်းများ ၊အလုပ်အကိုင်သစ် လုပ်ငန်းသစ်များ ဖန်တီးမည့်အလုပ်သမားရေးရာ လုပ်ငန်းများတွင်အသုံးပြုမည့်ငွေကြေးများကို ကိုယ့်လူမျိုးချင်း သတ်ဖြတ်မည့်စစ်အသုံးစရိတ်အဖြစ်သုံးစွဲနေကြစဲဖြစ်သည် ။

လယ်ယာလုပ်ငန်းတွင်လည်း ခေတ်နောက်ကျနေသော စိုက်ပျိုးရေးနည်းများကို ဆက်လက်သုံးစွဲနေယုံသာမက ခေတ်မီထွန်စက် ယန္တရားများဖြင့်အစားမထိုးနိုင်သေးပဲ နွားများဖြင့် ထွန်ယက်စိုက်ပျိုးနေသည်မှာ ရှေးပဝေနသီကပင် ဖြစ်သည် ။ တောင်သူလယ်သမားများအတွက် နိုင်ငံတကာဈေးကွက်ကို ဖန်တီးမပေးပဲ နယ်ချဲ့လက်ထက်က ချစ်တီးကုလားများထက်ပင်ဆိုးကာ ခေါင်းပုံဖြတ် လက်ဝါးကြီးအုပ်လျက် လယ်ယာမြေများ သိမ်းယူနေမှုများစစ်အုပ်စု လက်ထက်တွင်နိုင်ငံအနှံဖြစ်ပွားလျက်ရှိသည် ၊ဈေးကွက်စီးပွားရေး စနစ်တွင် အားသာချက်ဖြစ်သော ကမ္ဘာ့လူဦးရေအများဆုံး ( ၂ ) နိုင်ငံဖြစ်တဲ့တရုပ်နှင့် အိန္ဒိယ နိုင်ငံများကိုပို့ကုန်များဖန်တီး၍ တိုင်းပြည်၏အကျိုးစီးပွားကိုလုပ်ဆောင်ရမည့်အစား တိုင်းပြည်၏ သဘာဝဓာတ်ငွေ့သယံဇာတများထုတ်ရောင်းခြင်း ၊ သစ်တောများ မျိုးပြုန်းသည်အထိခုတ်လှဲရောင်းချခြင်းများပြုလုပ်ပြီး လူသတ်လက်နက်များ မှာယူတင်သွင်းကာတိုင်းပြည်`၏ ပြည်သူ့ဘဏ္ဏာငွေများကို အကျိုးမဲ့ ဖြုန်းတီးလျက်ရှိသည် ။

လူမှန်နေရာမှန် မဟုတ်ချင်းကြောင့် တိုင်းပြည်စီးပွားရေး လုပ်ငန်းများကိုကျွမ်းကျွမ်းကျင်ကျင် မလုပ်ကိုင်နိုင်ယုံမက နီးစပ်ရာဆွေးမျိုးကောင်းစားရေးကို ဦးတည်လျက် အကျင့်ပျက် ခြစားမှုများ နေရာတကာတွင်မင်းမူလျက်ရှိသည်မှာ အားလုံးအသိဖြစ်ပေသည် ၊ တိုင်းပြည်သည် ဆင်းရဲတွင်းနက်သလို လူထုတရပ်လုံးကိုလည်း အကျင့်စာရိတ္တပျက်သော လမ်းကြောင်းကို တွန်းပို့သလိုဖြစ်နေသည် ၊ ဆိုလိုသည်မှာ ကုန်ဈေးနှုန်းအဆမတန် ကြီးမားသည့်ခေတ်မှာ အစိုးရအနေဖြင့်လခကို လုံလောက်စွာမပေးသဖြင့် အစိုးရ၀န်ထမ်းများမှာလာဘ်ပေးလာဘ်ယူမှုများ ဗြောင်လုပ်ကိုင်နေကြပြီး ၊ လာဘ်မစားတတ်ပါက တော်တော် နုံအတဲ့လူဟုပင် ထင်မြင်နေကြသောကာလဖြစ်နေသည်မှာ ကြာမြင့်နေပေပြီ။

တချိန်ကစစ်ယူနီဖောင်းဝတ်စစ်အစိုးရသည်တိုင်းပြည်၏်စီးပွားရေးကျဆင်းနေရခြင်းမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဟုနိုင်ငံတကာနှင့်အတိုက်အခံအင်အားစုများကို စွပ်စွဲပြောဆိုနေမည့်အစား အခုအရပ်သားဝတ် အစိုးရ အနေဖြင့်လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရပ်တန့်ကရပ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ နေထိုင်ကျင့်ကြံဖို့အချိန်ရောက်ပြီဟု အကြံပြုချင်ပါသည် ။
ကမ္ဘာပေါ်တွင် တိုးတက်ကြီးပွား ချမ်းသာလျက်ရှိသောနိုင်ငံများကို လေ့လာကြည့်လျှင် ယေဘုယျအနေဖြင့် ပြည်တွင်းစစ် မဖြစ်သောနိုင်ငံများ ၊ လူထုက ယုံကြည်ကိုးစားလျက် လွတ်လပ်ပြီးတရားမျှတသောဒီမိုကရေစီရွေးကောက်ပွဲတွင် မဲမလိမ်ပဲတက်လာသည့် အစိုးရများအုပ်ချုပ်သောတိုင်းပြည်များ ၊ထောင်နှစ်ရှည်ချထားသောနိုင်ငံရေး အကျဉ်းသားမရှိသောတိုင်းပြည်များ ၊အဖြစ်တွေ့ရှိရပါသည်။

တိုင်းပြည်သည်ငြိမ်းချမ်းပြီး နိုင်ငံရေးတည်ငြိမ်လျှင် စီးပွားရေး ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရာရောက်ပါသည် ၊ ရေရှည် ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံတွင် ဘယ်သူမှရင်းနှီးမြုပ်နှံမှု မလုပ်လိုသလို လာရောက်မလည်ပတ်လိုသည်မှာ သဘာဝကျပါသည် ။ ရန်ဖြစ်နေသော အိမ်သို့သင်ကိုယ်တိုင်ကော လည်ပတ်ချင်မည်လား ကိုယ့်ကိုကိုယ် မေးခွန်းအရင် ထုတ်ကြည့်ပါ ။

ထို့ကြောင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတကာမှစီးပွားရေးရင်းနှီးမြုပ်နှံမှုကို လိုလားသည့်အလျောက် ရွေးကောက်ပွဲမှတက်လာသော အရပ်သား အစိုးရကို အနှေးနှင့်အမြန် တိုင်းပြည်၏်အာဏာကို လွှဲပြောင်းပေးမြဲဖြစ်သည် ၊ တနည်းဆိုရသော် မိမိကောင်းစားရေးထက် တိုင်းပြည်နှင့်လူထုကောင်းစားရေးကို ဦးစားပေးခဲ့ကြသည် ။ ကျနော်တို့မြန်မာနိုင်ငံတွင် ယခုအချိန်ထိ လူတစုကောင်းစားရေးကို ဦးတည်နေသည်လား၊ လူထုကောင်းစားရေးကို ဦးတည်နေသည်လား စစ်အာဏာရှင်စနစ်ကို ဆုပ်ကိုင်ထားစဲအရပ်သားအစိုးရသာအသိဆုံးဖြစ်ပေမည် ၊လွှတ်တော်ထဲတွင်အတိုက်အခံမရှိတိတ်ဆိတ်ငြိမ်သက်ပြီး လာဘ်ပေးလာဘ်ယူများကို ကိုယ်ကိုတိုင်လည်းလုပ်ပြီး သူများလုပ်တာကိုလည်းထိုင်ကြည့်နေလျှင် လူထု၏ယုံကြည်ကိုးစားမှုကို ဘယ်သောအခါမျှရမည်မဟုတ်ဟု စေတနာထား အသိပေးပြောကြားလိုပါသည်။

အမေရိကန်နိုင်ငံလို စီးပွားရေးထိပ်သီးနိုင်ငံပင်လျှင် စစ်အသုံးစားရိတ်ဒဏ်ကြောင့် စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့ ပြဿနာများပေါ်ပေါက်လျက်ရှိသည် ၊ အာဖကန်နစ္စတန်ကို တည်ဆောက်မည့်အစား အမေရိကန်နိုင်ငံကို ပထမဆုံးတည်ဆောက်ပါဟု လွှတ်တော်အစည်းအဝေးတွင် အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားခဲ့သည်။ စစ်ရဲ့ဆိုးကျိုးများကိုနိုင်ငံတကာတွင် မျက်ဝါးထင်ထင် တွေ့မြင်နေရပေမည် ။

တခြားတဖက်တွင်လည်း ပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေပြီး တိုင်းပြည်၏လူသားအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိပေသည် ။ အမေရိကန် ၊ ကနေဒါ ၊ ဂျပန်နှင့် တခြား ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အနာဂတ် စစ်တမ်းကောက်ခံချက်များအရ ဒီပုံစံအတိုင်း လူဦးရေမွေးဖွားနှုန်းအတိုင်းသွားပါက နောင်အနှစ် ( ၂၀ ) တွင်ပင်စင်ယူကြမည့်အလုပ်သမားများနေရာတွင် လူစားထိုးဝင်ရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းတော်တော်များများမှာအရေးတကြီး လိုအပ်ပေလိမ့်မည် ။ထို့ကြောင့် လူသားအရင်းအမြစ်ရှာဖွေစုဆောင်းမှုများကို စီမံကိန်းများချပြီး အပူတပြင်းလုပ်ကိုင်လျက်ရှိသည်ကိုတွေ့မြင်ကြရသည် ။ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံများက လူ့အခွင့်အရေးများ အပြည့်အ၀ပေးပြီး လူသားများကို သူ့ထက်သူသာအောင်ဆွဲဆောင်ပြီး လူသားအရင်းအမြစ်များအား စုဆောင်းနေကြချိန် ကျနော်တို့မြန်မာပြည်ကတော့ လူသားအရင်းအမြစ်များသာမက သဘာဝအရင်းအမြစ်များပါ ဖြုန်းတီးနေလျက်ရှိသည်ကို စိတ်မကောင်းဖွယ်မြင်တွေ့နေရသည် ။ အနောက်နိုင်ငံတိုင်းပြည်များတွင် အလုပ်လုပ်ပါက ၀င်ငွေအနည်းအများပေါ်မူတည်ပြီး ၀င်ငွေ၏အနည်းဆုံး ၁၀% မှ ၁၅% အထိ အစိုးရကို အခွန်ဆောင်ရသည်။ ဒီမိုကရေစီအစိုးရများက ပြည်သူလူထုကို အခွန်ပေးဆောင်မည့်သူများဟုမြင်ပြီး လူထုကိုကောင်းကောင်းမွန်မွန်ဆက်ဆံသည် ၊ စစ်အစိုးရကတော့ သူတို့၏ဖောက်ပြန် မှုများကိုတော်လှန်မည့်သူများဟု လူထုကိုသဘောထားကာ ဖိနှိပ်အုပ်ချုပ်သည် ။

ကနေဒါနိုင်ငံအပါအ၀င်တိုးတက်သောနိုင်ငံတော်တော်များများတွင် လူငယ်အများစုသည် ခေတ်မီတိုးတက်မှုနဲ့အညီ ရုပ်ဝတ္တုများနောက်လိုက်ကာ အလုပ်ခွင် ၊စာသင်ခန်များတွင် အချိန်ကုန်သူများရှိသလို တခြားတဖက်တွင်လည်းအရာရာကိုပေါ့ပေါ့တန်တန်သဘောထားကာ မူးယစ်သောက်စားပျက်စီးလျက်ရှိသည် ၊ ကျောင်းသားသမဂ္ဂလို နေရာတွင် လူနည်းသလောက် အရက်ဘားမှာ လူစည်ကားလျက်ရှိသည် ၊ ကနေဒါ အစိုးရအနေဖြင့် လူငယ်ထုအတွက်နွေရာသီနှီးနှောဆွေးနွေးပွဲ များ ၊ အလုပ်အကိုင်သစ်ရှာဖွေဖန်တီးခြင်းများ ကိုကွန်မြူနတီ အဖွဲ့အစည်းများမှတဆင့်ငွေကုန်ကြေးကျခံကာ လုပ်ဆောင်လျက်ရှိသည် ၊
မြန်မာစစ်အစိုးရကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းမှာကို မလိုလားယုံမက တိုင်းချစ်၊ပြည်ချစ်မျိုးချစ်စိတ်ရှိသူများအားအခုချိန်ထိမတရားဖမ်းဆီးထားရာမှလွှတ်မပေးပဲ ထောင်နှစ်ရှည်ချကာ၊ လူငယ်များနိုင်ငံရေးစိတ်မ၀င်စားပဲ မူးယစ်သောက်စားပျက်စီးမှာလိုလားပုံရသည် ။

လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်၏တိုးတက်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံတကာသို့ရောက်နေသော အဝေးရောက်မြန်မာများကိုဖိတ်ခေါ်၍ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ရပေမည် ။ သို့သော် ယခုအခြေအနေကို လက်တွေ့ကျကျ သုံးသပ်ရလျှင်နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားခြင်း ၊ တိုင်းရင်းသားနယ်စပ်ဒေသများသို့ထိုးစစ်ဆင်နေခြင်းများမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အစွမ်းကုန် ကြိုးစားတည်ဆောက်နေခြင်းသာဖြစ်နေပေသည် ။ ဦးသိန်းစိန် အစိုးရသည် အဝေးရောက် တိုင်းချစ် ပြည်ချစ်မြန်မာများကို ပြန်ခေါ်ဖို့ဝေးစွ ၊ မျိုးဆက်သစ်လူငယ်များ လူမျိုးခြားနဲ့ညားတဲ့အချိန်ထိစောင့်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ဖို့များ ကြိုတင်ပြင်ဆင်နေပုံရသည် ။ဒါပေမဲ့ စစ်အုပ်စုသည် တိုင်းရင်းသားများခြားတွင် နယ်ခြားစောင့်တပ်လုပ်ရေး မလုပ်ရေးဆိုကာ တိုင်းရင်းသားအချင်းချင်း သပ်ရှိုဖြိုခွဲသလို အဝေးရောက်မြန်မာများကြားတွင်လည်း အောက်လမ်းနည်းမျိုးစုံသုံး၍ ဖြိုခွဲလျက်ရှိသည်။

ကျနော်တို့မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက အပင်ပမ်းဆင်းရဲခံလျက် ဘာကြောင့်တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်နေသလဲဆိုတာကို ကိုယ်ကိုတိုင်နယ်စပ်ဒေသကိုဖြတ်သန်းတောခိုမှပိုမိုသိလာရသည် ၊စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်မှုကို လျစ်လျှူရှုယုံမက နယ်စပ်ဒေသရှိတိုင်းရင်းသားတို့မှာ ပြည်တွင်းစစ်ရဲ့သားကောင်များဖြစ်ခဲ့ရသည် ။

စစ်အာဏာရှင်စနစ်အောက်မှာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ဖို့ပင် အခွင့်အရေးမရခဲ့ပဲ ပေါ်တာဆွဲ ၊ မုဒိန်းကျင့် ၊ ရွာမီးရှို့၊ ကြက်စွဲ ၊၀က်စွဲ၊ နွားစွဲ မယားစွဲဒဏ်တွေကြောင့်နောက်ဆုံးမှာဖိနှိပ်မှုကို ပုန်ကန်ဖို့တော်လှန်ရေးလုပ်နေကြခြင်းဖြစ်သည် ။တိုင်းရင်းသားများအနေဖြင့် ဒီလောက် မတရားအနိုင်ကျင့် ဗိုလ်ကျဖိနှိပ်ကြမ်းကြုတ်သည့်စစ်အစိုးရကိုလက်ကိုင်တော်လှန်သော်လည်း ပါလက်စ္စတိုင်းလို စူဆိုက်ဗုံးသမားများအဖြစ် လက်နက်ကိုင်တော်လှန်ရေးသမားများကိုအသွင်မပြောင်းခဲ့ပေ။
ကျနော်ဆိုလိုသည်မှာ ကျနော်တို့ ၈၈၈၈ အရေးအခင်းမှထွက်ခွာပြီးနယ်စပ်သို့ရောက်ရှိပြီးတောခိုတုန်းအချိန်က ကျနော်တို့ရင်ထဲအသွေးအသားထဲတွင် စစ်အစိုးရကိုမုန်းတီးစိတ်များ ပြင်းပြင်းထန်ထန်ကိန်းအောင်းလျက်ရှိသည် ။လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းစိမ်းဝတ်ကျောင်းသားလူငယ်များအပါအ၀င် လက်နက်မဲ့ပြည်သူလူထုကို စစ်အုပ်စုက လမ်းမပေါ်တွင် ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်သွေးချောင်းစီးခဲ့မှုများကို ဘယ်လိုမှမေ့ပျောက်လို့မရအောင် ရင်ထဲအသည်းထဲမှာနာကျင်နေခဲ့သည် ။

အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကသာ ကျနော်တို့သွေးဆူနေတဲ့ကျောင်းသားများကို ဆူစိုက်ဗုံးသမားများအဖြစ် သင်တန်းပေးလျှင်ကျနော်တို့လုပ်ဖြစ်ကောင်းလုပ်ဖြစ်ပေလိမ့်မည်။တိုင်းရင်းသားခေါင်းဆောင်တို့သည် အနာဂတ်ရေရှည်ကိုကြည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအားမျှော်ကိုးပြီး ကျနော်အထက်ကတင်ပြခဲ့သလို ဆူစိုက်ဗုံးသမားများအဖြစ်မလုပ်ခဲ့ခြင်းဖြစ်မည်ဟုကျနော်ထင်သည် ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားခေါင်းဆောင်းများကို ဒီတချက်ထဲနှင့်ပင် ကြည်ညိုလေးစားနေမိသည်၊ ဒါကြောင့်တိုင်းရင်းသားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်အမြဲပြောဆိုတင်ပြနေသော အမျိုးသားပြန်လည်သင့်မြတ်ရေးအဆိုကို စိတ်ဝင်စား ထောက်ခံပြောဆိုကြသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ကြွေးကြော်နေသောစစ်အစိုးရသည်စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားကြောင်းမပြပေ၊ စစ်အစိုးရ အနေဖြင့် တိုင်းရင်းသားအချင်းချင်းက်ု သွေးခွဲပြီးအိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းခဲ့ပေါင်းလည်း များပြီကို သမိုင်းကသက်သေခံလျက်ရှိသည် ။ ဒါပေမဲ့ စစ်အုပ်စုကသာ ဒီလို မတရားအကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေပါက တချိန်ချိန်တွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ဘုန်းတော်ကြီးများအပါအ၀င် ငြိမ်းချမ်းရေးလိုလားသော လူထုများကြားမှာ စူဆိုက်ဗုံးသမားများ မပေါ်လာနိုင်ဘူးဟု ဘယ်သူအတတ်ပြောနိုင်မှာလဲ...။

အချုပ်ဆိုရသော် ဦးသိန်းစိန်အစိုးရအနေဖြင့် ကလင်တန်တင်ပြပြောဆိုသလို ဒီမိုကရေစီအရေခြုံအစိုးရလုပ်မည်လား ၊ ဒါမှမဟုတ် လူထုကို ကိုယ်စားပြုသည့်အစိုးရကို အသွင်ကူးပြောင်းဖို့ လူထုခေါင်းဆောင်ဒေါ်အောင်စုကြည်အပါအ၀င် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမည်လား ရွေးချယ်ရမည့်အချိန်ရောက်ပါပြီ.....။

ဒါမှမဟုတ်ရင် တရားနည်းလမ်းမကျတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ကြပ်တည်းတဲ့စီးပွားရေးကြောင့်ဖိနှိပ်ခံလူထုဟာနောက်တကြိမ် (၈​၈၈၈)လိုအုံကြွမှုမျိုးဆီဦးတည်နေသည်လို့ထင်ပါသည်၊ IT ခေတ်ဟာ လွန်ခဲ့တဲ့အနှစ် ( ၂၀ )ကလိုမဟုတ်ပဲ အားကောင်းမောင်းသန်နဲ့လူထုကိုတိုက်ရိုက်ထိတွေ့ပြီးအာရပ်ကမ္ဘာလိုလူထုအုံကြွမှုနဲ့ပြည်သူ့တော်လှန်ရေးစီသို့ အင်တာနက် ရေဒီယို ၊ သတင်းမီစီဒီယာများမှတဆင့် အရှိန်အဟုန်ပြင်းစွာရောက်ရှိေ​နပါသည် ။ပြည်တွင်းပြည်ပလူထု​ကွန်ယက်တွေကိုတည်ဆောက်ပြီးအာဏာရှင်စနစ်ပြုတ်ကျရေးကိုလူထုအုံကြွမှုဖြင့်အရေးဆို တောင်းဆိုလှုပ်ရှားခဲ့မှုကြောင့် အာရပ်နိုင်ငံတော်တော်များများမှာ လူထု၏အရေးဆိုမှုများကို အာဏာရှင်များမှလိုက်လျောနေရသည်၊ တခြားတဖက်တွင်လည်းလစ်ဗျားနိုင်ငံလို လူထုအပေါ် မတရားဗိုလ်ကျ ဖိနှိပ်သော အာဏာရှင် ကဒါဖီအစိုးရကို နိုင်ငံတကာမှ စစ်ရေးအရတိုက်ခိုက်ယုံမက လက်နက်ကို​င်တော်လှန်ရေးသူပုန်များကို ပေါ်ပေါ်ထင်ထင်ကူညီလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လူထုအုံကြွ​မှုအတွေ့အကြုံလည်းရှိထားပြီးဖြစ်သလို၊ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံလည်းရှိထားပြီးဖြစ်၍ အကယ်၍သာငြိမ်းချမ်းရေးလမ်းစဉ်ကိုဆုပ်ကိုင်သော အဖွဲ့အစည်းများ`၏ ငြိမ်းချမ်းစွာ လူထုစည်းရုံးရေးမှလူထုအုံကြွမှုသို့အသွင်ကူးပြောင်းမှုနှင့် အတူလက်နက်ကိုင်အင်အားစုများ၏စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တော်လှန်ရေးကိုဟန်ချက်ညီ​ညီတပြိုင်တည်းပေါင်းစပ်လုပ်ကိုင်နိုင်တဲ့နေ့ဟာဒီမိုကရေစီအောင်​ပွဲနေ့လို့ရိုးသားစွာယုံကြည်ပါသည်...။

ကျနော်တို့တတွေဟာ စူဆိုက်ဗုံးသမားတွေမဖြစ်သေး​ဘူး ၊စနိုက်ပါတွေနဲ့စစ်အုပ်စုခေါင်းဆောင်တွေကို မလုပ်ကြံသေးဘူး ၊နိုင်ငံတကာရောက်နေတဲ့စစ်အု​ပ်စုရဲ့မိသားစုတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေမလုပ်သေးဘူး၊ စစ်အုပ်စုစီးပွားရေးကို ကြားကန်ထားသော ရေနံသဘာဝပိုက်လိုင်းများကို မဖျက်ဆီးသေးဘူး ၊ မိုက်တယ်ဆိုတာ လွယ်ပါတယ် ဆိုတဲ့စကားလို မလုပ်တတ်လို့တော့မဟုတ်ဘူး..​အမျိုးသားပြန်လည်သင့်မြတ်ရေးများဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့နှစ်ကာလကြာေ​စာင့်ခဲ့ကြသည်။

သို့သော်နောင်အနာဂတ် ​မှာစစ်အုပ်စုရဲ့တိုင်းရင်းသားတွေအပေါ်လူ့အခွင့်ရေးချိုးေ​ဖာက်မှုများ ၊လူထုကိုပြင်းထန်တဲ့ဖိနှိပ်​ကြမ်းကြုတ်မှုတွေ၊လွန်ခဲ့တဲ့​ ၈၈ကာလကလိုဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင် ငြိမ်းချမ်းရေးရဲ့ဆ​န့်ကျင်ဖက် အကြမ်းဖက်မှုတွေ ၊လူထုအုံကြွမှုတွေတိုင်းပြည်​မှာထပ်မံဖြစ်ပွားလိမ့်ဦးမယ်လို့ယုံကြည်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

အောင်ခိုင်မြင့်

ကျနော် ဖြတ်သန်းလာခဲ့သော ဘ၀ခရီးတလျောက် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များပေါ်အခြေခံလျက် တိုင်းချစ်ပြည်ချစ် ၊အမျိုးသားရေးစိတ်ဓာတ်ဖြင့် အခုဆောင်းပါးကို ရေးသားခြင်းဖြစ်ပါသည် ၊

( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ ။

No comments:

Post a Comment