Sunday, July 31, 2011

ရခိုင်ပြည်နယ် မိုးရေလွှမ်းမိုးမှု လယ်ဧကများ ဆုံးရှုံးခဲ့ရ၊ ဒေသခံများ ယခုတိုင် ငတ်ဘေးနှင့် ဆိုင်ရင်နေရ

ဂစ္ဆပသတင်းဌာန
သြဂုတ်လ (၁) ရက်၊ ၂၀၁၁၊ နံနက် (၈း ၃၀)နာရီ။
http://gissapa.blogspot.com

ရခိုင်ပြည်နယ် မိုးရေလွှမ်းမိုးမှု လယ်ဧကများ ဆုံးရှုံးခဲ့ရ၊ ဒေသခံများ ယခုတိုင် ငတ်ဘေးနှင့် ဆိုင်ရင်နေရ

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မူကြောင့် ဒေသအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ စပါးစိုက်ပျိုးထားသည့် လယ်မြေဧက သောင်းချီပျက်စီးဆုံးရှုံးသွားခဲ့၍ လူထုများ အငတ်ဘေး အခက်အခဲဖြင့် ကြုံကြိုက်နေကြရဆဲဖြစ်ကြောင်း ပြည်တွင်း ဂစ္ဆပ သတင်းထောက် က ပြောသည်။


ဇူလိုင်လ ဒုတိယအပတ်အတွင်း ရွာသွန်းခဲ့သည့်မိုးမှာ နှစ်ပေါင်း (၃၀)အတွင်း ရွာခဲ့သည့်မိုးများထက် ပိုမိုရွာသွန်းနှုန်းကြီးခဲ့ပြီး ပင်လယ်ရေပြင် မျက်နှာမှာလည်း ယခင်နှစ်များကထက် ပိုမိုမြင့်တက်ခဲ့ကြောင်း သူက သုံးသပ်ရှင်းပြသည်။

“မြောက်ဦးမြို့နယ်မှာက ရေလျှံတာကတော့ လုံးဝမလျော့ဘဲ မြို့ပေါ်ရပ်ကွက်တွေမှာ လေးရက်လောက်နေခဲ့ပါတယ်၊ ဆိုးတာက လေနဲ့ဒီရေကြီးတာကြောင့် ရွံ့နွံတွေရေနဲ့အတူ ရောပါလာလို့ စပါးခင်းတွေက ရေကျသွားတာနဲ့ ရွံ့ဖိခံသွားရတယ်၊ ရေနစ်ပြီး ရွံ့ဖိသွားခဲ့တဲ့ စပါးခင်းတွေ အကုန်လုံး ပျက်စီးသွားခဲ့ပါတယ်၊ ဧကအတိအကျတော့ ပြောဖို့ခက်ပေမဲ့ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ပါတယ်၊ မိုးတအားရွာတော့ ခရီးသွားတွေလည်း ဆိုင်းငံ့ခဲ့ရပါတယ်၊ အဲဒီကြား ကုန်ဈေးနှုန်းတွေလည်း မသိမသာ တက်ခဲ့ပါတယ်၊ ဒါက အနည်းဆုံး မြို့နယ် ၈ မြို့လောက်မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်၊ သဘာဝဒဏ်ခတ်မှုကြီးတော့ အငတ်ဘေးတွေက ရှိမှာသေချာ ပါတယ်။”ဟု ပြောသည်။

အဆိုပါ မိုးကျရေကြီးပြီး လေပြင်းပါတိုက်ခတ်သွားသောကြောင့် မြောက်ဦးမြို့နယ်တွင် ဇူလိုင်လ (၁၈)ရက်နေ့ ကတည်းက စပါးစိုက်ခင်း များအပြင် လူနေရပ်ကွက်များပါ ရေဖုံးလွှမ်းခံခဲ့ရကြောင်း သိရှိရသည်။

၎င်းက ဆက်လက်၍ “အစိုင်အလာအရ ဒေသခံတွေက ရေကြီးကြီး၊ ဘာဘဲဖြစ်ဖြစ် ကုန်းမြင့်တွေမှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေ၊ ဘုရားကျောင်းကန်ဇရပ်တွေဆီသွားပြီး ခိုအောင်းလေ့ ရှိကြပါတယ်၊ ဒါပေမဲ့ ဒီနှစ်ရွာသွန်းတဲ့မိုးမှာ ဘုန်းကြီးကျောင်း၊ ဇရပ်တွေအပြင် ဘုရားတည်ထားကိုးကွယ်တဲ့ ကုန်းမြင့်တွေကိုပါ ရေလွှမ်းမိုးခံရတာကြောင့် တော်တော့ကို အခက်အခဲနဲ့ ရင်ဆိုင်နေရ ပါတယ်၊ လူနေဖို့မရမှတော့ နွား၊ ကျွဲ၊ ဆိတ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ အနည်းအများ သေကုန်ပါတယ်၊ အခုထိ ထမင်းမတွေ့တဲ့ မိသားစုတွေ ရှိနေတယ်လို့ သိရပါတယ်။”ဟု ရှင်းပြသည်။

အဆိုပါ မိုးကြီးခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့နယ်၊ မင်းပြား၊ ကျောက်တော်၊ ဂွ၊ သံတွဲ၊ မြေပုံနှင့် တချို့မြို့နယ်များတွင် ရေလွှမ်းမိုးမှု အများအပြားရှိခဲ့၍ ဒေသခံများ အခက်အခဲနှင့် ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သောနှစ်က ဖြစ်ပေါ်ခဲ့သည့် ဂီရိမုန်တိုင်းဒဏ်သင့် ဒေသခံများနှင့် လယ်မြေဧကများကို ယနေ့အထိ သက်ဆိုင်ရာမှ ပြန်လည်ထူထောင်ရေး စနစ်တကျ မပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။ ထို့ပြင် ယခုနှစ် မိုးရေလွှမ်းမိုးမှုကြောင့် စပါးစိုက်ခင်းများ တခြားဒေသများတွင်ပါ သေကြေပျက်စီးမှုများ ခံခဲ့ရမှုများကြောင်း ဒေသအသီးသီးမှ ဒေသခံများမှာ စပါးဝမ်းစာအတွက် ရင်မို့ နေကြရကြောင်း စုံစမ်းသိရှိ ရသည်။

No comments:

Post a Comment