Wednesday, July 6, 2011

မောင်တောမြို့နယ်သို့ နစက ဗိုလ်ကြီးအသစ်(၂၀)ဦးရောက်ရှိ

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ(၆)ရက်၊ ၂၀၁၁၊ ညနေ(၅)နာရီ။
http://gissapa.blogspot.com

မောင်တောမြို့နယ်သို့ နစက ဗိုလ်ကြီးအသစ်(၂၀)ဦးရောက်ရှိ

ရခိုင်ပြည်နယ် စစ်တပ်အရာရှိအဆင့် အပြောင်းအလွှဲတွင် မောင်တောမြို့နယ်သို့ နစကအသစ် ဗိုလ်ကြီး (၂၀)ဦးမှာ စစ်အုပ်စု ခေါင်းဆောင်များ အမိန့်အရ တာဝန်ထမ်းဆောင်ရန် ဇွန်လ(၂၇)ရက်နေ့က ရောက်ရှိလာကြောင်း သိရှိရသည်။

အဆိုပါ နစကအသစ် ဗိုလ်ကြီး(၂၀)ဦးမှာ မောင်တောမြို့နယ် အခြေစိုက် နစက စခန်းကြီး စုစုပေါင်း(၂၆)ခုရှိရာသို့ စခန်းတခုစီတွင် တဦးကျ တာဝန်ထမ်းဆောင်ရန် ဖြစ်ကြောင်းနှင့် နစကဖွဲ့စည်းအပုံအရ နစက ဗိုလ်ကြီးသစ် ထပ်မံ၍ (၆)ဦးရောက်ရှိရန် ကျန်ရှိ နေသေးကြောင်း စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ်တွင် သတ်မှတ်ထားသော နစကနယ်မြေမှာ (၉)ခုရှိကြောင်း၊ နစက အရာရှိစုစုပေါင်း (၆၀)ကျော်ရှိသည့်အနက် စစ်တပ်မှ ကွပ်ကဲရေးမှူး အပါအ၀င် (၂၆)ဦးခန့်ရှိကြောင်း၊ နစကနယ်မြေ တခုတွင် အင်အား(၁၀၀)ကျော်ရှိကြောင်းနှင့် ကင်းစခန်း စုစုပေါင်း (၁၀၀)ခန့်ရှိကြောင်း နစကသတင်းများက ဆိုသည်။

ရခိုင်ပြည်နယ်သို့ ဧပြီလ(၂၈)ရက်နေ့က စစ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဆင်းခဲ့သည့် ဗိုလ်များအနက် (၈၀)ကျော် ရောက်ရှိခဲ့ကြောင်း၊ အမှတ်စဉ် (၁၁၃) သင်တန်းဆင်းဗိုလ် ရခိုင်ပြည်နယ်သို့ (၈၂)ဦးရောက်ရှိခဲ့ကြောင်းနှင့် ယခုအခါ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၁၅)သင်တန်းအတွက် မြန်မာတနိုင်ငံလုံးရှိ စစ်တပ်များမှ ဗိုလ်လောင်းသင်တန်း ဖြေဆိုတက်ရောက်နိုင်ရန် အသက်အရွယ် အကန့်အသတ်များဖြင့် ရွေးချယ်နေကြောင်း သိရှိရသည်။

တခြားတဖက်မှာ နစကတဦးက “ဗိုလ်မှူး သန်းဌေး (ရခိုင်အမျိုးသား-လောင်းချောင်းသား)၊ ဗမ သူရိန်ဇော် (ဗမာ)၊ ဗမ ကြည်လိုင် (နယ်မြေ-၅)မှူး၊ ဗိုလ်ကြီး ခင်မောင်မြင့်၊ ဗက ဆန်းလင်းထွန်း၊ ဗိုလ် အောင်ဌေးမြင့် အပါအ၀င် စုစုပေါင်း (၇)ဦးကို နယ်ပြည်တော်က ခေါ်သွားခဲ့ပါတယ်၊ အဲဒီ အသစ်တွေ မရောက်ခင်က ခေါ်သွားတာပါ၊ သူတို့ကို နယ်ပြည်တော်ရောက်တာနဲ့ အချုပ်ထဲတန်းပို့ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။”ဟု အမည်မဖေါ်လိုသူက အတည်ပြုပြောသည်။

ဆက်လက်ပြီး သူက “သူတို့အချင်းချင်း စားကွက်မတည့်ကြဘူးလို့ ကြားပါတယ်၊ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်မှုရှိပြီး ထောက်လှမ်း ရေးခေတ်က ကျန်ခဲ့တဲ့ အရာရှိတွေဖြစ်လို့ မသင်္ခါဘူးနဲ့ တူပါတယ်။” ဟု ရှင်းပြသည်။

မောင်တောမြို့ အုပ်ချုပ်ရေးနှင့် နီးစပ်သူတဦးက “စစ်တပ်က တခုခုလုပ်မယ်ဆိုရင် သူတို့အကွက်ကို သူတို့အသေးစိပ်ချိပ်ဆက် ဖန်တီး ပီးမှ သူတို့လုပ်တာပါ၊ ခေါ်ဆောင်သွားသူတွေကို အရေးယူမှာတော့ မဖြစ်လောက်ပါဘူး၊ နယ်မြေပြောင်းချင်တော့ ပြောင်းမယ်ပေါ့ဗျာ၊ အရေးယူနိုင်တယ်ဆိုတဲ့စကား အခုလို ဖြစ်လာအောင် သူတို့ဖန်တီးတာပဲ ဖြစ်ရပါမယ်၊ အဲလိုလဲဖြစ်လာအောင် သတင်းဌာနတွေကို အသုံးချဖို့ သူတို့ကိုယ်တိုင်လိုချင်တဲ့ပုံစံအတိုင်း သတင်းပေးပြီး ကြံဖန်တာတွေအများကြီး ရှိပါတယ်၊ ဒါပေမဲ့ ပုံသေတော့ ပြောဖို့ ခက်ပါတယ်။”ဟု အမည်မဖေါ်လိုသူက အခြေအနေကို ရှင်းပြသည်။

မောင်တောမြို့နယ် ဒေသအာဏာပိုင် အသိုင်းအ၀ိုင်းမှ အတည်ပြု သတင်းပေးပို့ခြင်းဖြစ်သော်လည်း ဂစ္ဆပမှ မသင်္ခါမှုဖြင့် ခေါ်ဆောင် သွားခဲ့သော နယ်ပြည်တော်တွင် စစ်ဆေးခံနေရသည့် သတင်းအချက်အလက်များကို အတည်မပြုရသေးပေ။

No comments:

Post a Comment