Friday, July 1, 2011

ခလရ (၃၄) ရတ စစ်ကြောင်းမှ တိမ်းရှောင်သူ တသအား ကွက်မြက်

ဂစ္ဆပသတင်းဌာန
ဇွန်လ(၂၃)ရက်၊ ၂၀၁၁၊ နေ့လည်(၄) နာရီ။
http://gissapa.blogspot.com

ခလရ (၃၄) ရတ စစ်ကြောင်းမှ တိမ်းရှောင်သူ တသအား ကွက်မြက်

ရခိုင်ပြည်နယ် ပလက်ဝမြို့နယ် ရှေ့တန်း (ရတ)တွင် စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေး တာဝန်များ ထမ်းဆောင်နေသည့် ခလရ (၃၄) ရတ စစ်ကြောင်းမှ တပ်သားတဦးမှာ ဇွန်လ(၁၅)ရက်နေ့ တပ်မှတိမ်းရှောင်သွားခဲ့၍ သက်ဆိုင်ရာမှ ခြေရာကောက် လိုက်လံပြီး ကွက်မြက်လိုက်ရကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ရင်းမှာ ကျောက်ဖြူမြို့တွင် အခြေစိုက်သော တပ်ရင်းဖြစ်သည်။ ပလက်ဝမြို့နယ် ရတအခြေစိုက် စစ်ကြောင်းကို ဦးဆောင်သူမှာ ဗိုလ်မှူး မင်းသိန်းစိုးဖြစ်ပြီး တပ်မှတိမ်းရှောင်သူ တသ ၀င်းအောင် အား စစ်ကြောင်းမှူး၏ အမိန့်ဖြင့် ကွက်မြက်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကွက်မြက်ခံရသည့် ရဲဘော် ၀င်းအောင်မှာ ၎င်း၏တပ်စုအတွင်း တပ်ကြပ်ကြီး ၀င်းလိုင်နှင့် စကားများ၍ လုံခြုံရေးကင်းတာဝန် ထမ်းဆောင်နေရာမှ ညဥ့်(၁)နာရီကျော်တွင် မိမိကိုင်ဆောင်ထားသော MA11 သေနပ်နှင့်အတူ မဂ္ဂဇင်း (ကျဉ်ကပ်) ၃ ခုနှင့် ကျပ်ဆံ ၂၄၀ ယူပြီး တိမ်းရှောင်ခြင်းဖြစ်ကြောင်း အတည်မပြုရသေးသော မြန်မာ့စစ်အုပ်စု သတင်းရပ်ကွက်က ပြောသည်။

ကွက်မြက်ခံရသည့် တသ ၀င်းအောင်မှာ ပလက်ဝမြို့နယ် ရတ စစ်ကြောင်းလက်အောက်ရှိ ဒုဗိုလ် ဝေဖြိုးအောင် တာဝန်ခံဦးဆောင်သည့် တပ်စုမှဖြစ်ကြောင်းနှင့် ခလရ (၃၄)မှ အဆိုပါ ရတ စစ်ကြောင်းမှာ ပလက်ဝမြို့နယ် အနောက်တောင်ဘက်ခြမ်းတွင် လှုပ်ရှားလျှက် ရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့စစ်အုပ်စု တပ်ဖွဲ့အတွင်း အထက်အောက်အလယ် အဆင့်တိုင်းတွင် ပဋိပက္ခများ တိုးပွားလျှက်ရှိနေကြောင်းနှင့် ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အောက်ခြေတပ်သားများမှာ နှစ်စဉ်နှစ်တိုင်း ကွက်မြက်ခံရသူများ တိုးမြင့်လာကြောင်း သိရှိရသည်။

နပခ စစ်တပ်မှ “အခုလို သေနပ်နဲ့ ထွက်ပြေးတဲ့ အကြပ်တပ်သားတွေကို တဖက်နိုင်ငံမှာ ရှိနေတဲ့ သောင်းကျန်းသူတွေနဲ့ အဆက် အသွယ်ရှိလို့ ပြေးသလားလို့တော့ ဖမ်းဆီးမိတိုင်း မေးမြန်းတာက အဲဒါအလေ့အထ ရှိပါတယ်၊ တခြားဟာတွေက မသိပါဘူး။”ဟု အမည်မဖေါ်လိုသူ နစကတဦးက ပြောသည်။

No comments:

Post a Comment