Saturday, July 2, 2011

စီးပွားရေး ၀န်ကြီးချုပ်နှင့် ဒုတိုင်းမှူး လိုက်ပါလာသည့် သင်္ဘောမှ ရာဘား(၆၀၀၀၀)ကျော် ဖမ်းဆီးရမိ

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ (၁) ရက်၊ ၂၀၁၁၊ ညနေ (၇)နာရီ။
http://gissapa.blogspot.com

စီးပွားရေး ၀န်ကြီးချုပ်နှင့် ဒုတိုင်းမှူး လိုက်ပါလာသည့် သင်္ဘောမှ ရာဘား(၆၀၀၀၀)ကျော် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ဒုဝန်ကြီးချုပ် ဗိုလ်မှူးချုပ် စိုးရီနှင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် တင်အောင်သန်းတို့ စစ်တွေမြို့မှ လိုက်ပါလာသည့် မေလိခ အမြန်ယဉ်သင်္ဘောမှ ရာဘား မြင်းဆေးလုံး စုစုပေါင်း(၆၀၀၀၀)ကျော်အား ဌာနဆိုင်ရာမူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့က ဘူးသီးတောင် ဆိပ်ကမ်း အရောက်တွင် ဇွန်လ(၂၂)ရက် နေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။




အဆိုပါ ရာဘားမြင်းဆေးလုံးများအား အလုံးအရင်း သယ်ဆောင်လာသူများမှာ မောင်တောရဲစခန်းမှ ဒုရဲအုပ် ရွှေမောင် ယောခမဖြစ်သူ ချင်းအမျိုးသမီး ဒေါ် မအုန်းကြည်နှင့်အတူ ဘူးသီးတောင်မြို့ ယဉ်ထိမ်းရဲတပ်ဖွဲ့ဝင် ဦးသန်းရွှေ၏ ဇနီး ဦးခင်သန်းတို့မှာ ရာဘား(၄၀၀၀၀) နီးပါးအား ပူးပေါင်းသယ်ဆောင် လာခြင်းဖြစ်ကြောင်းနှင့် ဦးလှရွှေ (ကမန်အမျိုးသား)မှာ သီးသန့် ရာဘား(၂၀၀၀၀)ကျော် သယ်ဆောင် လာခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာမူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

သို့သော်လည်း ဌာနဆိုင်ရာအဖွဲ့က မူးယစ်ဖေါက်ကားသူ ဦးခင်သန်းအား နားလည်မှုဖြင့် လွတ်ပေးလိုက်ကြောင်းနှင့် သူမနှင့်အတူ ပါလာသည့် ဒေါ် မအုန်းကြည်နှင့် ဦးလှရွှေတို့ (၂)ဦးအား ဖမ်းဆီးပြီး ယခုအခါ ဘူးသီးတောင်မြို့ အချုပ်ခန်းတွင် စစ်ဆေးမေးမြန်းမှုများ သက်ဆိုင်ရာက ပြုလုပ်နေကြောင်း အဆိုပါ သတင်းနှင့်နီးစပ်သူ ဘူးသီးတောင်မြို့မှ အမည်မဖေါ်လိုသူ တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “မူးယစ်ဆေးဝါး ရောင်းဝယ်ရေးသမားတွေကိုတော့ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့ ရဲဌာနအဖွဲ့အနေနဲ့ အခုလို ဌာနဆိုင်ရာအထူးအဖွဲ့က ဖမ်းဆီးတာကို မလိုလားပါဘူး၊ အဲဒီရဲအဖွဲ့တွေက ရာဘားသမားတွေကိုမဖမ်းဆီးဘဲ ထောက်ခံပေးနေပြီး အပေးအယူတွေ ရှိနေတယ်လို့ သိရပါတယ်၊ အာဏာပိုင်နဲ့ နီးစပ်တဲ့ အမျိုးသမီးတွေရဲ့ ရာဘားဆေးပြားက (၄၀၀၀၀)နီးပါး ဖြစ်ပေမဲ့ အခုက (၃၀၀၀၀)ကျော်လောက်သာ ဖမ်းဆီးရမိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။”ဟု သူက ပြောသည်။

မောင်တောမြို့ ရဲစခန်းမှ ဒုရဲအုပ် ရွှေမောင် ယောခမဖြစ်သူ ဒေါ် မအုန်းကြည်နှင့် ဘူးသီးတောင်မြို့ ယဉ်ထိမ်းရဲတပ်ဖွဲ့ဝင် ဦးသန်းရွှေ ဖြစ်သူ၏ ဇနီး ဒေါ် ဦးခင်သန်းတို့မှာ မူးယစ်ဆေးဝါးအကျိုးတူ ပူးပေါင်းလုပ်ဆောင်သူများဖြစ်ကာ အတူတူမူးယစ်ဆေးဝါး ရောင်းဝယ်ရန် အတွက် အဆိုပါ မေလိခသင်္ဘောဖြင့် ချဉ်းကပ်လိုက်ပါလာသူများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဘူးသီးတောင်မြို့ခံက “အဲဒီမူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူများက စီးပွားရေးဝန်းကြီးချုပ် ဦးမြအောင်နဲ့ ဒုတိုင်းမှူးတို့ လိုက်ပါလာတဲ့ မေလိခ သင်္ဘောနဲ့ ချဉ်းကပ်လိုက်ပါလာတာ ဖြစ်ပါတယ်၊ မူးယစ်ဆေးဝါး(၄၀၀၀၀)နီးပါးနဲ့ သူတို့နှစ်ဦးအတူ လိုက်ပါ လာတာ ယဉ်ထိမ်းရဲတပ်ဖွဲ့ဝင် ဦးသန်းရွှေရဲ့ ဇနီး ဦးခင်သန်းမှာ ဌာနဆိုင်ရာ အထူးမူးယစ်ဆေးဝါးလိုက်လံဖမ်းဆီးရေးအဖွဲ့ကို လာဒ်ထိုးပြီး လွတ်သွားတာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မောင်တောမြို့ ရဲစခန်းကဒုရဲအုပ်ရွှေမောင် ယောခဖြစ်တဲ့ မအုန်းကြည်နဲ့ တချိန်တည်းမှာ မေလိခတွင် လိုက်ပါလာတဲ့ လှရွှေကို ရာဘား(၂၀၀၀၀)နဲ့ ဖမ်းဆီးမိပါတယ်၊ အခုဘူးသီးတောင်မြို့ အချုပ်ခန်းမှာ စစ်ဆေးမေးမြန်းမှုများ ခံနေသေး ပါတယ်။”ဟု ရှင်းပြသည်။

ဌာနဆိုင်ရာအထူးမူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့မှ တချိန်တည်းမှာ အဆိုပါ မေလိခသင်္ဘောတွင် ချဉ်းကပ်လိုက်ပါလာသည့် မူးယစ် ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူ လှရွှေ(၆၀)နှစ် ထံမှလည်း ရာဘားမြင်းဆေးလုံး (၂၀၀၀၀)ကျော်အား လက်ပူးဖမ်းလိုက် ကြောင်း သူကပြောသည်။

အဆိုပါ မောင်တောနှင့် ဘူးသီးတောင်မြို့ အာဏာပိုင်အသိုင်းအ၀ိုင်းမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စုစုပေါင်း (၆၀၀၀၀)နီးပါး တန်ဖိုးမှာ ကာလပေါက်ဈေး ကျပ်သိန်း (၁၆၀၀)ကျော်ရှိကြောင်း ပြောဆိုနေကြသည်ဟု နယ်စပ်သတင်းများက ဆိုသည်။

စစ်တွေမြို့မှ ဘူးသီးတောင်မြို့ဆိပ်ကမ်းသို့ မေလိခသင်္ဘောမှာ နေ့လည်(၃)နာရီကျော်တွင် ဆိုက်ရောက်လာခြင်းဖြစ်ကြောင်းနှင့် သယ်ဆောင်လာသည့် ရာဘားမူးယစ်ဆေးဝါးများမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ မှောင်ခိုလမ်းမှ တင်ပို့ရန်ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို နေကြသည်။

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် အခြေစိုက်နေကြသော စစ်အုပ်စု တပ်ဖွဲ့ဝင်အရာရှိများမှာ များသောအားဖြင့် မူးယစ် ဆေးဝါးနှင့် တခြားလာဒ်ပေးလာဒ်ယူမှုများနှင့် သက်ဆိုင်လျှက်ရှိနေကြောင်းနှင့် ပြည်သူလူထုများအား နည်းမျိုးစုံအကွက်ဆင် ဖိနှိပ်မှုများ ရှိနေကြောင်း အဆိုပါ ဒေသခံ အမည်မဖေါ်လိုသူက ပြောသည်။

ရခိုင်ပြည်နယ် ဒုဝန်ကြီးချုပ် ဗိုလ်မှူးချုပ် စိုးရီနှင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် တင်အောင်သန်းတို့မှာ ဘူသီးတောင်မြို့ စစ်ဗျူစာရုံးတွင် ညဥ့်အိပ်တည်းခိုခဲ့ပြီး မောင်တောမြို့သို့ ခေတ္တရောက်ရှိခဲ့ကာ မူးယစ်ဆေးဝါးများကြောင့် ပြန်လည်၍ ခရီးပြန်သွားကြောင်း သိရှိသည်။

No comments:

Post a Comment