ရခိုင်သဟာရအသင်းကြီး
မှတ်စုမှတ်တမ်း
ဧပြီ ၅၊ ၂၀၁၁
(ရခိုင်သဟာရအသင်းအကြောင်းကို အသင်းတွင် အမှုဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးထွန်းဝင်း (နယူးယောက် ပြည်နယ်) ထံက မေးမြန်းပြီး စုစည်းတင်ပြပါသည်)
အသင်း၏ မြစ်ဖျားခံရာ - ဗြိတိသျှလက်ထက်၊ ကိုလိုနီခေတ်ကတည်းက Arakan Social Club ဆိုပြီးတော့ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အိုင်စီအက်စ် ဦးစိန်ညိုထွန်း၊ ဘီလူးဦးကျော်မင်း၊ ဦးအောင်သာထွန်းဆိုတဲ့ ရှေးက ရခိုင်လူကြီးများ ပါဝင်ခဲ့တယ်လို့ မှတ်မိပါတယ်။ အသင်းတည်နေရာက ဗိုလ်အောင်ကျော်လမ်းနဲ့ ဗိုလ်ချူပ်လမ်း ထောင့်မှာ ဖြစ်ပါတယ်။ ရှေးကကုန်သည်ကြီးတွေ၊ ပညာတတ်ကြီးတွေ၊ အရာရှိကြီးတွေ၊ ရှေ့နေကြီးတွေနဲ့ စုစည်းပြီး အသင်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
ရခိုင်သဟာရအသင်း စတင်ခဲ့ပုံ - ၁၉၆၁ ခုနှစ်မှာ ဒေါက်တာ ဦစောမြအောင်က ဥက္ကဋ္ဌအဖြစ် စတင်ပြီး ရခိုင်သဟာရအသင်း အမည်ဖြင့် စတင်ထူထောင်လိုက်တာဖြစ်ပါတယ်။ ရခိုင်သဟာရအသင်းမှာ မြို့နယ်ပေါင်းစုံက လူကြီးများ၊ မြို့မိ မြို့ဖများ ပါဝင်နိုင်အောင် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ဆိုတာက အမျိုးကို အစွဲပြုပြီး ခေါ်ဝေါ်တာ၊ သဟာရဆိုတာက အတူတကွ ပေါင်းသင်းဆက်ဆံရေးလို့ ဆိုလိုပါတယ်။
အသင်း၏ ဖွဲ့စည်းပုံ - ဆောင်ပုဒ်ကတော့ “ကိုယ်ကျိုးမပါ၊ အများကောင်းကျိုးရှာ” လို့ ခေါ်တွင်ပါတယ်။ အသင်း အမှတ်တံဆိပ်ကတော့ လူ ၂ ဦး လက်ချင်းယှက်နေပုံကို ယူပါတယ်။ အဓိက အသင်းလုပ်ငန်းစဉ်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ဒေသခံကျောင်းသားလူငယ်များကို ပညာသင်ကြေး ထောက်ပံ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ စတိုင်ပင်ကော်မီတီလို့ ခေါ်ပါတယ်။ တက္ကသိုလ် အဆင့်မြင့်ပညာများ တက်ရောက်သင်ကြားနိုင်ဖို့ ကူညီကြတာ ဖြစ်ပါတယ်။ အစဦးကာလမှာ အသင်းဝင်များ ဖိတ်ခေါ်ပြီး ရန်ပုံငွေ စုဆောင်းရာမှာ အသင်းဝင်ကြေး ၅ ကျပ်နဲ့ ရာသက်ပန်ကြေး ၁၀၀ ကျပ်မျှ တောင်းခံခဲ့တယ်လို့ အမှတ်ရပါတယ်။
အခြားလုပ်ငန်းစဉ်များ - ရခိုင်ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ပေါ်ထွန်းရေးအတွက် သက်ကြီးပူဇော်ပွဲများ၊ ရခိုင်သင်္ကြန်ပွဲတော်များ၊ ရခိုင်ကျင်ပွဲများ ကျင်းပပါတယ်။ ရခိုင်စာပေများကို ဖော်ထုတ်ဖို့အတွက်ကတော့ စာပေမဂ္ဂဇင်းများ ထုတ်ဝေပါတယ်။ စာအုပ်စာတမ်းများလည်း စုဆောင်းသိမ်းဆည်းကြပါတယ်။
ရန်ပုံငွေသုံးစွဲပုံ စည်းကမ်း - အသင်းရန်ပုံငွေမှာ လုပ်ငန်းစဉ်တခုစီအတွက် ရန်ပုံငွေတွေကို သီးသန့်ထားရှိပါတယ်။ အလုပ်တခုအတွက် အခြားအလုပ်က ရန်ပုံငွေကို မထိရပါဘူး။ အသင်းလူကြီးတွေက အသင်းမှာ လဘက်ရည် သောက်ချင်ရင်တောင် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး သုံးစွဲရပါတယ်။ ပထမဆုံး အသင်းစတင်တုန်းက အသင်းငွေ ကျပ် ၁ သိန်းကို ဘဏ်မှာ စာရင်းဖွင့် အပ်နှံပြီး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
အသင်းအမှုဆောင်လူကြီးများ ရွေးချယ်ပုံ - အသင်းဝင်တွေနဲ့ နှစ်စဉ် အသင်းလူကြီးရွေးချယ်ကြပါတယ်။ အမှုဆောင်လူကြီးများကို ရခိုင်ပြည်နယ်က မြို့နယ်စုံက လူကြီးတွေ အားလုံးပါဝင်နိုင်အောင်၊ အလှည့်ကျ ဦးဆောင်မှု ပေးနိုင်အောင် ရွေးချယ်ကြတာ ဖြစ်ပါတယ်။
အသင်းတည်နေရာ - ၁၉၈၈ အရေးအခင်းမဖြစ်ခင်က ဆိပ်ကမ်းသာလမ်း (ဘားလမ်း) မှာ အသင်းရုံးခန်းတခု ရှိခဲ့ဖူးပါတယ်။ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီမှာ အသင်းရုံးခမ်းကို အဲသည်ကနေ ရွှေတိဂုံဘုရားအနီးက ရခိုင်ဓမ္မာရုံကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲသည်တုန်းက အသင်းရုံးခန်းရွှေ့ပြောင်းရတော့ အခန်းကနေ ပြောင်းရွှေ့ရတဲ့ အလှူငွေ ကျပ် ၆ သောင်း ရတယ်လို့ မှတ်သားရပါတယ်။ ရခိုင်ဓမ္မာရုံဆိုတာက ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နဲ့ မြောက်ဖက်မုဒ်ကြားမှာ တည်ရှိပါတယ်။ နောက်တော့ ဓည၀တီ သာသနာပြုကျောင်းတိုက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲသည် ကျောင်းတိုက်ကတော့ ရေတာရှည်လမ်းသစ်၊ ပုလဲ ပိဋိကတ်တိုက်အနီးမှာ တည်ရှိပါတယ်။
လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ကြပုံ - ရခိုင်သဟာရအသင်းကြီးနဲ့အတူ ရခိုင်ဒေသက မြို့နယ်များစွာရဲ့ အသင်းအဖွဲ့တွေကိုပါ လက်တွဲ စည်းရုံးပြီးတော့ ကိုယ်စားလှယ်တွေအဆင့်ဆင့် တိုင်ပင်ပြီး ရခိုင်တိုင်းရင်းသားများနဲ့ ဒေသဆိုင်ရာ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စအ၀၀ကို တိုင်ပင် ဆောင်ရွက်လျက် ရှိပါတယ်။
ရွှေတိဂုံ ဘုရားဝန်းကျင်က စာသင်တိုင်းပေါင်း ၂၀ ကျော်ကို လှည့်လည်ပြီး သင်္ကြန်ရေသပ္ပါယ်တဲ့ ဘာသာရေးပွဲတော်ကို သီးခြား ရန်ပုံငွေ၊ သီးခြားအလှူခံပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အလှူခံရရှိငွေ ဥပမာ ငွေ ၂ သိန်းရလျင် တကျောင်းကို ငွေ ၁ သောင်းစီ ပဒေသာပင်အဖြစ် လှူဒါန်းပါတယ်။
ရခိုင်မိသားစုများ၊ မိတ်ဆွေများအတွက် နှစ်စဉ်ပျော်ပွဲစား နေ့ချင်းပြန် သဘောင်္ခရီးစဉ်ကိုလည်း စီစဉ်ပေးပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံ၊ ကျိုက်လတ်ဒေသများထံ အပျော်ခရီးထွက်ကြပါတယ်။ ရန်ပုံငွေ အလှူခံကြပါတယ်။ ယဉ်ကျေးမှုဆပ်ကော်မီတီက ဥာဏ်စမ်းပဟေဠိများ၊ ဟောပြောပွဲများ၊ ကစားခုန်စားပွဲများကို အသင်းသားများ၊ မိသားစုများ၊ မိတ်ဆွေများ ချစ်ခင် ရင်းနှီး စည်းရုံးမှုများ တိုးပွားစေရန် စီစဉ်ပေးပါတယ်။
လက်ရှိ ထူးခြားသော စီမံကိန်း လူမှုရေးအလုပ်များ - ရခိုင်ပြည်ဟာ နှစ်စဉ် သဘာဝဘေးဒဏ်ခံနေရတော့ ဒေသခံများအတွက် နှစ်စဉ်ကယ်ဆယ်ရေး၊ ကူညီရေး လုပ်ငန်းတွေအတွက် သီးခြား ရန်ပုံငွေ ကောက်ခံပြီး လှူဒါန်းခြင်း ကူညီခြင်းတို့ကို ဆောင်ရွက်နေရပါတယ်။
ယခင်နှစ် ၂၀၁၀ ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများမှာ စားဝတ်နေရေးလုပ်ငန်းများ နလံမထူနိုင်အောင် ထိခိုက်ခဲ့ပါတယ်။ သောက်ရေသုံးရေ အခက်အခဲများပါ ရင်ဆိုင်နေရပါတယ်။ ကျေးရွာများမှာ ပြန်လည် ထူထောင်ရေးအလုပ်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် အသင်းကြီးက ရန်ပုံငွေသီးသန့်ထူထောင်ပြီး စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေရပါတယ်။ ဥပမာ - သောက်သုံးရေ စီမံကိန်း၊ နေအိမ်ထူထောင်ရေး စီမံကိန်း၊ ကျန်းမာရေး ပညာပေးနဲ့ စောင့်ရှောက်မှု စီမံကိန်း၊ ပညာရေးတည်ဆောက်မှုနဲ့ ထောက်ပံ့ရေး စီမံကိန်းများဆိုပြီး ဆောင်ရွက်နေပါတယ်။
စီမံကိန်းများ ဆောင်ရွက်ပုံ - ဆောင်ရွက်တဲ့အခါ ပြည်တွင်း ပြည်ပက ပညာရှင်များ၊ စေတနာရှင်များ၊ အလှူရှင်များ၊ လူကြီး လူငယ်များက ၀ိုင်းဝန်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ယခင်က စတိုင်ပင် ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာတတ် ကြီးတွေ၊ လူကြီးတွေ ဖြစ်လာသူ ရခိုင်လူငယ်မျိုးဆက်တွေက လက်ဆင့်ကမ်း ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။
ပညာသင်စီမံကိန်း - သီးခြား ပညာရေးထောက်ပံ့မှု စီမံကိန်းကတော့ ရခိုင်ပြည် ၁၇ မြို့နယ်က ပညာရေးမှူးများ၊ လူကြီးများနဲ့ ဆက်သွယ် အကြံတောင်းခံပြီးတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့် ပညာသင် ထောက်ပံ့မှုတွေကိုပါ တိုးချဲ့လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေးအဖြစ် ပျမ်းမျှ တနှစ်စာ ကျပ်ငွေ ၂ သိန်း ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ အမေရိကန်၊ ဂျပန်က ရခိုင်အသင်းဝင်တွေနဲ့ ဆက်သွယ်ပြီး ကူညီနိုင်တယ်လို့ ဆိုပါတယ်။
ထင်ရှားတဲ့ ရခိုင်အသင်းလူကြီးများ မှတ်မိသမျှ - ဒေါက်တာဦးအေး (ကျောက်ဖြူ)၊ ဦးစံအေး (သံတွဲ)၊ ဦးကျော်ဇံလှ၊ ဒေါက်တာကျော်သိန်း၊ ဦးမင်းကြည် (ကျောက်ဖြူ)၊ ဦးအေးဖေ၊ ဦးခင်မောင်စိုး (လက်ရှိဥက္ကဋ္ဌ)၊ ဒေါက်တာ ဒေါ်နန်းဦး၊ ဦးစံဦးခိုင်၊ ဦးစောလှဖြူ၊ ဦးရွှေဇံအောင်၊ ဒေါက်တာဒေါ်စံကျော့ဖြူ၊ ဦးရွှေသိန်းကျော်၊ ဒေါက်တာအေးထွန်း၊ သူရဦးစောဖြူ၊ ဦးသာကျော်၊ ဦးသန်းစိန်၊ ဓည၀တီကျောင်းတိုက် ဆရာတော် အစရှိတဲ့ လူကြီးလူကောင်းများ၊ ပညာရှိများက ရခိုင်သဟာရအသင်းကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စေတနာရှေ့ထားပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ သည့်ပြင်အမည်များ ပုဂ္ဂိုလ်များကိုလည်း ဆက်လက်ကောက်ယူ စုဆောင်းပြီး တင်ပြပါဦးမယ်။
No comments:
Post a Comment