Wednesday, April 6, 2011

အခြားမဲ့၌မှတပါး အခြားမရှိပြီ

အခြားမဲ့၌မှတပါး အခြားမရှိပြီ

နှင်းတွေငိုတဲ့နေ့ 
မည်သို့ဆိုစေ သည်နေ့သည်လည်း နှင်းတွေပြိုကျလာသည့်နေ့မှန်း မြင်နေရသည်။ ပြတင်းပေါက်က မြင်နေရသည်မှာ နှင်းမိုးတွေ တသဲသဲနှင့်။ လမ်းမပေါ်မှာ သွားနေသော ကားတွေခေါင်မိုးတွေကသာ နှင်းဖြူဖြူတွေ ဖုံးအုပ်ခံရမှုက လွတ်သည်။ ရပ်ထားသော ကားတွေက နှင်းတွေ ဖုံးလွှမ်းထားတာ မြင်ရတော့ စိတ်ထဲမှာ ပျော်စရာလိုလို၊ ပြတင်းပေါက်တွေကို မဖွင့်နိုင်လောက်အောင် အေးစက် နေသည်။ အခန်းထဲတွင် အပူချိန် ပေးထားသောကြောင့် နေရထိုင်ရတာ အဆင်ပြေ နေသည်။ သို့ မဟုတ်က ရေခဲအမှတ် သုညအောက် ရောက်နေသော အမေရိကန်နိုင်ငံ နယူးယောက်မြို့ အအေးဆုံးအချိန်မှာ လူ့တကိုယ်လုံး ရေခဲတုံးကြီး ဖြစ်သွားနိုင်သည်။ ခါတိုင်းလိုပင် မနက်စာ မစားသောက်ခင် သတင်းတွေ ဖွင့်ဖတ်ရန် ကွန်ပြူတာကို ဖွင့်လိုက်မိသည်။ သည်အချိန်မှာ ချက်ချင်းသတင်းပေး ထားသော သတင်းဆိုး တပုဒ်ကို မြင်လိုက်ရသည်။ တေးရေးဆရာ ရွှေကျော်ထွန်း ယနေ့  မနက် (ရ) နာရီမှာ ကွယ်လွန် သွားရှာပြီဆိုသော သတင်းဖြစ်သည်။

စိတ်ထဲတွင် မကောင်း လှတော့ပါ။ အနုပညာသည်တွေ ကွယ်လွန် သွားရှာကြပြီဆိုမှဖြင့် ကျွန်တော့်စိတ်မှာ အထူးနှမြော ၀မ်းနည်းတသ ယူကြုံးမရ ဖြစ်မိသည်။ ဆရာမောင်စံဘော် ဆုံးသွားသည့် သတင်းကို ဖတ်ရတော့ ရခိုင်စာပေနှင့် ပါတ်သက်၍ အထူး ရင်လေးမိစွာဖြင့် နှမြောရလိုက်ခြင်း။ အခြား စာပေသမိုင်း သုတေသီများ ရှိနေနှင့်သော်လည်း စင်စစ် ဆရာမောင်စံဘော်ကို ကွယ်လွန် သွားရခြင်းနှင့်ပါတ်သက်၍ အထူးဝမ်းနည်း ဖြစ်မိသည်။ ဆရာမြထွန်းအောင် ဆုံးသည့် သတင်း သိရပြန်တော့လည်း မျက်ရည်ဝဲစွာ ခံစားရမိသည်။ သမိုင်းသုတေသီ စာရေးဆရာကြီးတို့ ကြွေလွင့် သွားရခြင်းကို ကျွန်တော်အထူး ရင်နာမိသည်။ တားဆီး၍မရသော သေခြင်းတရားကို လက်ပိုက် ကြည့်နေရသော်လည်း စင်စစ် ယင်းသမိုင်းစာရေးဆရာကြီးတို့ ကိုကား မည်သို့ မှ အသေ မစောစေချင်ခဲ့။ သူတို့ လုပ်ခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်များကို မည်သူက လုပ်နိုင်ကြပါမည်နည်း ဆိုသော အပူသည် ကျွန်တော့်ရင်မှာ ထာဝရ ကိန်းအောင်း နေခဲ့သည်။ တချို့တတ်နိုင်သောသူများက လုပ်နိုင်ကြပေလိမ့်မည်ဟု ပြောဆိုနိုင်သည့် တိုင်အောင် ယင်းအဖြေဖြင့် အလွမ်းကို မဖြေ ဖျောက်နိုင်ခဲ့။ ရင်အပူကို မချွေးသိပ်နိုင်။

သမိုင်းဆရာကြီးတို့၏ ပေးခဲ့သော အသိပညာတို့ကား လွန်စွာမှာ ကျေးဇူးကြီးလှပါ၏။ ယင်းကျေးဇူးကြောင့်ပင် မျိုးဆက်သစ် ရခိုင်လူငယ်တို့မှာ ရခိုင်သမိုင်းနှင့် ပါတ်သက်၍ သိကြရပြီ။ ဤအသိတရားသည်ပင် သမိုင်းဆရာကြီးတို့၏ ကျေးဇူးကား ဆပ်၍ မကုန်နိုင်ဖြစ်ကြရသည်။ တချိန်တည်းမှာပင် မျိုးဆက်သစ် သမိုင်းစာရေးဆရာ သုတေသီတို့ကိုလည်း မွေးဖွါး ပေါက်ဖွါးရန် အတွက် မြေခံရေခံ မျိုးစေ့ချပေးနိုင်ခဲ့ကြရာ အပူ မငြိမ်းသော်လည်း ဖြေစရာအကွက်ကတော့ ရှိခဲ့ဖြစ်သည်။ သမိုင်းဆရာတို့က သမိုင်းအကြောင်းကို ပြောမှရေးမှ သိခွင့်ရခဲ့သော အကျိုးကျေးဇူးကား ဆပ်၍မကုန်။

ခုတော့ နှင်းတွေငိုတဲ့နေ့မှာ ရခိုင်တေးသီချင်းများကို လွမ်းလွမ်းဆွတ်ဆွတ်နှင့် စိတ်ဓါတ်အားမန်တက်စရာ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ရွှေကျော်ထွန်း ကွယ်လွန်သွားရှာပြီတဲ့။ သူ့ သတင်းကို အဆိုတော် ညီမင်းခိုင်နှင့် ဦးဇင်းဘလူးတို့က နိုင်ငံတကာကို သတင်းတွေပေးယင်း သိလိုက်ရသည်။ ရွှေကျော်ထွန်း ရေးခဲ့သော တေးသီချင်းများကို နားထောင် ခဲ့ဖူးပါသည်။ အဆိုတော် မြတ်ခိုင်ကျော်က သူ့သီချင်းများနှင့် ဝေသာလီ အားကစားကွင်းတွင် သီဆိုနေချိန် ကျွန်တော်တို့က လက်ခုပ်လက်ဝါး တီးကာ အားပေးခဲ့ ကြသည်။ ကျောင်းသားအားကစားပွဲတော် ဖွင့်လှစ်ရာ၌ အဆိုတော် နာမည်ကြီး စိုင်းထီးဆိုင်တို့နှင့် မြတ်ခိုင်ကျော်က ယင်းသီချင်းကို စင်ပေါ် သီဆိုနေချိန် ယင်းတေးသီးချင်းသံသည် ကျွန်တော်တို့၏ ပါးစပ်ဖျားတွင်မက ရင်ထဲတွင်ပါ မြည်ဟီး ဆူပွက်နေဖြစ်သည်။ တေးရေးဆရာရွှေကျော်ထွန်းကား ယင်သို့ လက်ရာမြောက်အောင် ရခိုင်အနုပညာရှင်တဦးပီပီ ရေးဖွဲ့ခဲ့သူ (၂၁) ရာစု အနုပညာရှင် ဖြစ်သည်။ သူချစ်သောရခိုင်ပြည်နှင့် သူချစ်သောအနုပညာတို့ကို အသက်အရွယ် ငယ်ငယ်နှင့် ကျောခိုင်းထွက်ခွါသွာေးသာအခါ ကျွန်တော့ရင်မှာ အလွန်နာကျင် ခံစားဖြစ်တော့သည်။ အသက်အရွယ်က (၄၅) နှစ်ရှိသည် ဆိုသော်လည်း လူ့လောကမှာ နေထိုင်ရန် သက်တမ်း ရှိနေပါသေးသည်။

တေးရေးဆရာ ရွှေကျော်ထွန်းမှာ ကျောက်ကပ် အစားထိုးဖြင့် နေထိုင်ရသောသူမို့  ယခုလောက်သာ လူ့လောကမှာ နေထိုင်ခွင့် ရသွားရှာသည်ဟု တရားနှင့်သာ ဖြေသိမ့်ရပါတော့သည်။ အို – ရခိုင်သားချေ- စည်းလုံးကတ် – ရခိုင်သားချေ – ဆိုသော တေးသီချင်းမှာ အခုအချိန်ထိ ကျွန်တော့် နားထဲက မထွက်။ မစည်းရုံးနိုင်သေးသော ရခိုင်လူမျိုးများကို စည်းရုံးကြပါဟု တေးသီချင်းဖြင့် လှလှပပ ခံစားဖွဲ့နွဲ့ခဲ့သော တေးရေးဆရာ ရခိုင်အနုပညာရှင် ရွှေကျော်ထွန်းကား သူချစ်သော ကမ္ဘာကြီးက အပြီးအပိုင် စွန့်ခွါ သွားရှာပါပြီ။

သူ့တေးသံတို့သည် သူကွယ်လွန်ခါမှ လူတိုင်းရင်ကို ထိတွေ့ ခံစားနာကျင်စေပါတော့သည်။ သူ့နှလုံးသားမှ စီးကျ ထွက်လာသော ဂီတ အလင်္ကာသည်ကား မည်သို့မျှ မေ့ပျောက်နိုင်သောအရာ မဟုတ်။ အကြောင်းကား ဤသီချင်းကို ကျွန်တော်တို့  လိုလိုချင်ချင် ခုံခုံမင်မင် နှစ်လိုဖွယ် သီဆိုဖြစ်နေကြမို့  နောင်လည်းသူ့ ကိုလွမ်းတိုင်း သတိရတိုင်း သီဆို ဖြစ်နေကြမည်မှာ အသေအချာ ဖြစ်သည်။ ရခိုင် အနုပညာရှင်တဦးဖြစ်သော တေးရေးဆရာရွှေကျော်ထွန်း သတင်းကို ရေးပြီး သတင်းအဖြစ် ရေးသားလိုက်သည့်အခါ စာလုံးပေါင်းတွေက ခဏခဏ မှားနေ၍ တော်တော် ကြိုးစား ရေးသား ပေးပို့ရသည်။ သတိ ထားခါမှ ပို၍ပင် အမှားအယွင်းတွေ ပါနေတတ်သည်။ ကျွန်တော့်စိတ်ထဲ ဂယောင်ချောက်ချား ဖြစ်နေသည်ကို သတိထားမိပါသည်။

မည်သို့ပင်ဆိုစေ သတင်းတွေကို ရေးသား ပေးပို့သည့်အချိန်မှာ ညဥ့် (၁၂) နာရီကျော်သည့်အခါတွင်ကား စင်းလုံးချောသွားသည်မို့  အိပ်ရာထဲဝင်ဖြစ်သည်။

အိပ်ရာပေါ်မှ ပြင်တင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ကားတွေက တ၀ီဝီနှင့် သွားနေကြသည်။ နယူးယောက်ညကား လှုပ်လှုပ်ရှားရှားနှင့် ရှိနေသော်လည်း ပင်ပန်းစ ပြုနေသလိုလို။ သတိ ထားလိုက် မိသည်ကတော့ နှင်းတွေက စဲနေစ ပြုနေပြီ။

နှင်းတွေပြိုလို့  နှင်းတွေငိုတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲ အလွန် ခံစားခဲ့ရသည်။ ခုတော့ နှင်းတွေ စဲနေစ ပြုနေပြီ။

နှင်းနှင့်အတူ တေးရေးဆရာ ရွှေကျော်ထွန်း လွင့်ပါးသွားနေစ ပြုနေပါပေါ့လား။

မှိုင်းရီပြာဝေတဲ့ နေ့ 
နောက်တရက်ဆိုလျှင် သူချစ်သော အနုပညာနှင့် သူချစ်သော ကမ္ဘာကြီးမှ စွန့်ခွါ သွားတော့မည့် ရခိုင်စတီရီယို တေးရေးဆရာကြီး ရွှေကျော်ထွန်း တယောက် သူ့ကိုချစ်သောသူများအား စောင့်နေ တော့သည်။ လဲလျောင်း နားနေရာ၌ သူမှတပါး အခြားသူမရှိ။ အို … ရခိုင်သားချေ ဟု တမ်းတမ်းတတနှင့် ဖွဲ့နွဲ့သီဆိုစေခဲ့သော သူချစ်သည့် ရခိုင်သား ချေတို့မှာ သူ့အတွက် အလွမ်းပြေ ကြပါစေတော့ဟု သူကများ ပြောနေလေသလား။ လူ့လောကတွင် သူရှိနေစဉ်က လူ့လောက ကောင်းကျိုးကို သူစွမ်းဆောင်နိုင်သမျှ လုပ်ပေးခဲ့၍ သူကား ကောင်းရာဘုံဂတိသို့  ရောက်မည် အမှန်ပင် ဖြစ်သည်။

ရှင်သောသူများ ပျော်ရွှင်နေထိုင်ကြစေဖို့ရှင်သောသူများ တေးသီဆိုဖို့  သူရေးသားခဲ့သော သီချင်းများကား ရခိုင်မြေမှာ လွင့်ပျံ့နေသည်။ လူ့ လောကသို့  တယောက်ထဲ ရောက်ရှိလာသော တေးရေး ဆရာကြီးကား လူ့လောကမှ စွန့်ခွါ သွားသည့်အချိန်တွင် လက်ထဲ၌ ကိုယ်ပိုင်ပစ္စည်းဆို၍ ဘာမျှ မပါသွား။ မယူသွားခဲ့။

သူ့တေးသံများနှင့် သူပျော်ပါး နေမည်ဖြစ်သော်လည်း သူပိုင်ဆိုင်သည်ဟု လက်ဆုပ်လက်ကိုင် ပြစရာ မရှိ။ သူ့ရင်ထဲမှာတော့ ဒါန ဆိုသော အရာတခုမှ လွဲ၍ မည်သို့မျှ နောက်ဘ၀သို့ ရဲဘော် ရဲဖက်အဖြစ် မယူသွားချေ။

သူကားအနိစ္စတရားကို ပြဆိုခဲ့ပြီ။
သင်္ခါရတရားကို ပြဆိုခဲ့ပြီ။
ဘ၀၏လှည့်ပါတ်ကောက်ကျစ်မူများကို ညွှန်းဆိုခဲ့ပြီ။
သံသရာကို စာဖွဲ့ပြောနိုင်လောက်အောင် သိသွားခဲ့ပြီ။
သူသေသွားပြီ။
တေးရေးဆရာရွှေကျော်ထွန်း သေဆုံးသွားပါပြီ။
သို့ သော် သူ့ နာမည်မသေ။ သူ့တေး လွင့်ပျံနေတုံး။
ကမ္ဘာလောကကြီးမှာ တည်တံ့နေသရွေ့သူ့ တေးသံကား မည်ဟီးနေလိမ့်မည်။
မည်သို့ မှ အစိုးမရသော ကမ္ဘာလောကကြီးမှာ အစိုးရစရာ ဘာများရှိနေပါသနည်း။ လောကကြီးမှာ သူမှမရှိတော့။

သည်တော့ မှိုင်းမှုန်ပြာဝေတဲ့နေ့ပါ။ အရာခပ်သိမ်းသောနေ့ တွေထဲမှာ တေးရေးဆရာကို မသဂြိုလ်ခင်နေ့သည် ပြာရီမှိုင်းမှုန် ရီဝေနေတဲ့နေ့ဖြစ်မှာ အသေအချာပါ။ သို့ ကြောင့် …..
အခြားမဲ့၌ မှတပါး အခြားမရှိပါပြီလေ။ ။

ခိုင်အောင်ကျော် (နယူးယောက်)
၁-၂၀-၂၀၁၁
နေ့ လည်- ၁၁ နာရီ နံနက်-၄၈ မိနစ

No comments:

Post a Comment