Friday, April 22, 2011

စစ်သားနှစ်ဦးထွက်ပြေးရာ တဦးမှာ ထပ်မံပစ်သတ်ခံရပြီးပြီ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

စစ်သားနှစ်ဦးထွက်ပြေးရာ တဦးမှာ ထပ်မံပစ်သတ်ခံရပြီးပြီ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ ထပ်မံ၍ စစ်သားနှစ်ဦး တပ်မှတိမ်းရှောင်ပြေးရာ လက်နက်နှင့်သူမှာ ထပ်မံကာ အသတ်ခံ လိုက်ရပြီး ကျန်တဦးမှာ ခြေရာကောက်အလိုက်ခံနေရကြောင်း သတင်းရရှိသည်။

အဆိုပါ ထွက်ပြေးသည့် တပ်သားနှစ်ဦးမှာ ရခိုင်ပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် တပ်ရင်းအမှတ် ခလရ(၂၈၉)မှဖြစ်သည်။ အသတ်ခံလိုက် ရသူမှာ တပ်မှဗိုလ်ကြီး ကျော်ဇော်ဟိန်း ပီစတိုသေနပ်အား ခိုးယူထွက်ပြေးသော တပ်သား ဇော်မင်းဦး ဖြစ်ကြောင်းနှင့် ခြေရာကောက် အလိုက်ခံနေရသူမှာ တပ်သား သန်းထွန်း သေနပ်မဲ့ တိမ်းရှောင်သော တပ်သားဖြစ်ကြောင်း စစ်တပ်သတင်းများတွင် ဖေါ်ပြချက်များအရ သိရှိရသည်။

အခုအခါ ပလက်ဝမြို့ အခြေစိုက် စစ်ဗျူဟာမှ ခလရ (၂၈၉)မှ တပ်ရင်းမှူး ဗိုလ်မှူး အောင်သူထွန်းနှင့် ဗိုလ်ကြီး ကျော်ဇော်ဟိန်း တို့အား ခေါ်ယူစစ်ဆေး မေးမြန်းနေကြောင်းနှင့် ခလရ (၂၈၉) တပ်ရင်းမှူးနှင့် ဗိုလ်ကြီးနေရာများတွင် အစားထိုးခန့်အပ်ထားကြောင်း သိရှိရသည်။ အဆိုပါ တပ်အတွင်း ရဲဘော်များမှာ တပ်ရင်းမှူးနှင့် ဗိုလ်ကြီးထံတွင် အတင်းအဓမ္မ ညှင်းပမ်းနှိပ်စက်မှုများ ခံခဲ့ကြရကြောင်း သိရှိရသည်။

အဆိုပါ စစ်သားနှစ်ဦးမှာ ဧပြီလ (၁၄)ရက်နေ့တွင် တပ်ခွဲမှူး သန်းထိုက်ထံခွင့်တောင်း၍ ငါးရှာထွက်ရာက တပ်မှတိမ်းရှောင်ခြင်းဖြစ် ကြောင်းနှင့် ဧပြီလ (၁၅)ရက်နေ့ တန်းစီသည့်အခါ တန်းမပြည့်သောကြောင့် ထွက်ပြေးသွားခြင်းကိုသိရ၍ ဗိုလ်ကြီး ကျော်ဇော်ဟိန်း အဖွဲ့ နောက်မှလိုက်လံရှာဖွေကာ ဧပြီလ (၁၇)ရက်နေ့တွင် ပစ်သတ်ခြင်းဖြစ်ပြီး ကျန်တယောက်မှာ လွတ်မြောက်နေခြင်းဖြစ်ကြောင်း စစ်တပ် သတင်းများက ဆိုသည်။

တိမ်းရှောင်ခဲ့ကြသော စစ်သားနှစ်ဦးမှာ ပလက်ဝမြို့နယ် ယောင်ဝ (ခမီး)ကျေးရွာမှ အဖ ဦးထင်ဇော်နှင့် အမိ ၀ှဲလုံးတို့၏သား အောင်ထွန်းလင်း (၁၅)နှစ်အား လမ်းပြအဖြစ် ဧပြီလ(၁၅)ရက်နေ့က ပေါ်တာဆွဲခေါ်သွားခဲ့ရာမှ ဗွီရုံးဝကျေးရွာအရောက်တွင် မလိုက် လို၍ သတ်ပစ်ခဲ့ကြောင်း၊ အဆိုပါ ဗွီရုံးဝကျေးရွာမှ လမ်းပြထပ်ခေါ်ရာ ကျေးရွာမှ တချို့ကို မလိုက်၍ဓါးဖြင့် ခုတ်လှီးထားခဲ့၍ ဒဏ်ရာများနှင့် ကျန်ရှိခဲ့ကြကြောင်းနှင့် တချို့ကို အတင်းအဓမ္မ ခေါ်ယူသွားရာလမ်းတွင် ထွက်ပြေးလွတ်မြောက်သွား၍ စစ်တပ်သို့ သတင်းပေးပို့ပြီး လမ်းပြခဲ့မှုကြောင့် ဆူးဘုတ်တောင်အနီး ပစ်ခတ်မှုများဖြစ်ပွားကြကာ တပ်သား ဇော်မင်းဦးမှာ ကျဉ်ဆံ ဦးခေါင်းတွင် တချက်နှင့် ရင်ဝတည့်တည့်တွင်တချက်ဖြင့် အမ်း-၁၆ ကျဉ်ဆံ ၂၀၀ နှင့်အတူ အသေဖမ်းဆီးရမိကြောင်းဖြစ်သည်ဟု အဆိုပါ တပ်ရင်းမှသတင်း ပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ ခမီးကျေးရွာများမှ ပေါ်တာဆွဲ၊ အနှိပ်စက်ခံခဲ့ကြရသူများအတွင်း ခမီးအမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ရင်းမှ လွန်ခဲ့သောနှစ်များက ယခုကဲ့သို့ ရဲဘော်များထွက်ပြေးသောကြောင့် စစ်ဗျူဟာထံတွင် တပ်ရင်းမှူး အရေးယူ အပြစ်ပေးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းများမှ ထွက်ပြေးသည့် တပ်သားများမှာ များသောအားဖြင့် စစ်တပ်ထံ ပစ်သတ်ခံကြရပြီး ယခုနှစ် အတွင်း အနည်းဆုံး စစ်သား ၆ ဦးထက်မနည်း အသတ်ခံကြရပြီးဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးသတင်းများအရ ဧပြီ ၂၂ ရက်နေ့ကလည်း ထပ်မံကာ တပ်သားများ ထွက်ပြေးသွားကြောင်း အတည်မပြုရသေးသော သတင်းရပ်ကွက်တခုမှ ဖေါ်ပြသည်။

No comments:

Post a Comment