Thursday, April 7, 2011

ဘင်္ဂလာ ၀န်ကြီးချုပ် Sheikh Hasina မြန်မာ-ဘင်္ဂလာ ပေါင်းကူရထားလမ်း ဖေါက်လုပ်ရန်ပြောဆို

ဂစ္ဆပသတင်းဌာန
ဧပြီလ ၇ ရက်၊ ၂၀၁၁။
ဘင်္ဂလာ ၀န်ကြီးချုပ် Sheikh Hasina မြန်မာ-ဘင်္ဂလာ ပေါင်းကူရထားလမ်း ဖေါက်လုပ်ရန်ပြောဆို

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ချိအ် ဟာဆီးနာ (Sheikh Hasina)မှ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ပေါင်းကူးရထားလမ်း ဖေါက်လုပ်နိုင်ရေး စီမံကိန်းအား အလျှင်အမြန်အကောင်အထည်ဖေါ်နိုင်ရေးကို တနင်္ဂနွေနေ့က ဖွင့်ဟပြောဆိုလိုက်သည်။

အဆိုပါ ပေါင်းကူးရထားလမ်း ဖေါက်လုပ်နိုင်ရေးကို ကော့စ်ဘဇားမြို့(ဖလောင်းချိပ်မြို့)သို့ တနင်္ဂနွေနေ့က အလည်အပတ် လာစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်လူထုများ အနေဖြင့် ရခိုင်အမျိုးသမီး ကော့စ်ဘဇားခရိုင် အမတ် ဒေါ် အေးသိန်းနှင့်အတူ ချိအ် ဟာဆီးနာ ကော့စ်ဘဇားမြို့သို့ ဧပြီလ ၃ ရက်နေ့ အရောက်မှာ လိုက်လိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ဖေါက်လုပ်မည့် ရထားလမ်းအပေါ် အာရှကွန်ယက်လမ်းမကြီးအဖြစ်နှင့် အဆိုပါလမ်းမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် တချို့နိုင်ငံများ ဆက်သွယ်မှု လျှင်မြန်လာမည်ဖြစ်သောကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အချက်အခြာကျသည့် ကုန်သွယ်ရေးဇုံလမ်းအဖြစ် မျှော်လင့်ထားသည်သည်။

မြန်မာ-ဘင်္ဂလာ အိမ်နီးချင်းနိုင်ငံများမှ စီးပွားရေးသမားများ အနေဖြင့် ဖေါက်လုပ်မည့် ကုန်သွယ်ရေးလမ်းအပေါ်တွင် စိတ်ဝင်စားနေ ကြပြီး၊ အကယ်၍ အကောင်အထည်ဖေါ် ဖေါက်လုပ်နိုင်မည်ဆိုလျှင် ၎င်းတို့ အနေဖြင့် အင်တိုက်အားတိုက် ကူညီပံ့ပိုး ပေးသွားမည်ဖြစ် ကြောင်း နယ်စပ်စီးပွားရေးသတင်းရပ်ကွက်များမှ ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အနောက်ဖက်ရှိ ရခိုင်ပြည် နယ်စပ်အထိ ဖေါက်လုပ်မည့် ရထားလမ်းအတွက် တာကာငွေ ကုဋေ ၂၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကာ ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် အင်တိုက်အားတိုက် ဖေါက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အာဏာပိုင်များအကြား ပေါင်းကူးကုန်သွယ်ရေးလမ်းဖေါက်လုပ်ရန် ၁၉၉၈ ခုနှစ်တွင် ယာယီအားဖြင့် သဘောတူခဲ့ကြပြီး ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၅ ခုနှစ်တို့တွင် စတင်ဖေါက်လုပ်ရန် အကြိမ်ကြိမ် အတည်ပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံဖက်မှ နှစ်နိုင်ငံ သဘောတူ စာချုပ်များအရ အကောင်အထည်ဖေါ် ပူးပေါင်းလုပ်ဆောင်မှုများ မရှိသည့်အတွက် ကြောင်း ယခုအချိန်ထိ အဆိုပါလမ်းမှာ မရေမရာ ရှိနေဆဲကာလတွင် ၀န်ကြီးချုပ် ချိအ် ဟာဆီနာ က နယ်စပ်အထိ ရထားလမ်းဖေါက်လုပ်ရန် တိုးမြင့်ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်အုပ်စုမှ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်ရှိ စစ်တွေမြို့တော်မှ အမ်းသို့ ၂၂၅ မိုင်ကျော်ရှည်လျားသည့် ရထားလမ်း၊ အမ်းမှ ဆင်ခုံတိုင်၊ ရိုးတောင်လမ်း(၉၂ မိုင်) ခွဲရှိ ကချင်းကန်၊ ပတန်း၊ အိုင်းမမှ မင်းဘူးသို့ မိုင် ၃၀၀ ခန့်ရှည်လျားသည့် ရထားလမ်းများကို ဖေါက်လုပ်လျှက် ရှိနေရာတွင် ဒေသခံရခိုင်ပြည်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများ အသိမ်းခံ ရမှုများရှိနေကြောင်းနှင့် ပေါ်တာပေးနေရမှုများ ရှိနေကြောင်း ပြည်တွင်းသတင်းများက ဆိုသည်။

စစ်အုပ်စု အနေဖြင့် ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့မ၀င်ဘဲ တိုက်ရိုက် ရသေ့တောင်မြို့ စေတီပြင်၊ ဂူတောင်မှ မောင်တော တောင်ပိုင်း အငူမော် ကားလမ်းများကိုလည်း ဖေါက်လုပ်လျှက် ရှိနေသည်။ မကွေးတိုင်းမှ ငသိုင်းချောင်း ကားလမ်းကိုပါ ဖေါက်လုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ လမ်းဖေါက်လုပ်မှုများတွင် ပြည်သူများ လုပ်အားပေးနေကြရ ကြောင်းသိရှိရသည်။

ရခိုင်ပြည်-ဘင်္ဂလာ ပေါင်းကူးကုန်သွယ်ရေးလမ်း (ယခုတဖန် ရထားလမ်း) စတင်ဖေါက်လုပ်မည်ဆိုလျှင် ရခိုင်ပြည်သူများမှာ ကျေးရွာ ပြောင်းရွေ့ခံရမှုများ၊ လယ်ယာမြေအသိမ်းခံရမှုများ၊ ဘုရားပုထိုးဇာတီများ အဖျက်အဆီးခံရမှုများ၊ ပေါ်တာဆွဲခံရမှု များအပြင် အိုးအိမ်မဲ့ ဘ၀သို့ ကျရောက်နိုင်မည် အခြေအနေများရှိသည်။

ဂစ္ဆပသတင်းဌာန အနေဖြင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ အတွင်းရေးမှူး ခိုင်မြ၀ါအား ရခိုင်ပြည်မှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အလွယ်တကူ သဘောတူစာချုပ်တွေအရ ပေါင်းကူးလမ်းစဖေါက်လုပ်ချိန်နဲ့ လမ်းဖေါက်ပြီးနောက်ပိုင်းမှာ ကုန်သယ်ယူ နေချိန်၊ ဘင်္ဂလီတွေ ရေအားလျှပ်စစ် တည်ဆောက်နေချိန်-ပြီးချိန်၊ ဘင်္ဂလီတွေ လယ်လုပ်ချိန်-ကာလအရှည်၊ ဘင်္ဂလီတွေ သစ်စတင်ခုတ်ချိန်-သစ်ပြုန်း တီးချိန်၊ ဘင်္ဂလီတွေ ငါးစဖမ်းချိန်-ငါးမျိုးပြုန်းတီးချိန် စတဲ့ကာလတွေမှာ ရခိုင်လူထုတွေ ဖြစ်ပေါ်ခံစားလာဖို့ လူမျိုးရောနှောမည့် ဆိုးကျိုးနဲ့ စစ်အုပ်စုအဖို့ စီမံကိန်းတွေ အောင်မြင်ဖို့ အခြေအနေကို အကျဉ်းချုပ် ရခိုင်ပြည်သူများကို သိခွင့်ရစေရန် ရှင်းပြစေချင်ပါတယ်။”

“ဗမာစစ်အာဏာရှင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို ရခိုင်ပြည်မှာရှိသမျှ မြစ်ချောင်းတွေမှ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့၊ သစ်-၀ါးတော တွေ ကိုခုတ်ဖို့၊ လယ်ယာမြေတွေကို ငှားရန်းဖို့၊ စတာတွေကို စာချုပ်ချုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ဗမာစစ်အာဏာရှင်က ရရှိတဲ့ငွေ တွေကို ရခိုင်ပြည် သူတွေ အကျိုးရှိဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ မသုံးပါဘူး၊ အဲဒီငွေတွေနဲ့ဘဲ ရခိုင်ပြည်သူတွေကို ဖိနှိပ်ဖို့၊ ဗမာစစ်အာဏာရှင်တွေရဲ့ စစ်တပ်ကို တိုးချဲ့ပြီးစစ်လက်နက်ပစ္စည်းတွေကိုသာ ၀ယ်မှာဖြစ်ပါတယ်၊ မြစ်ချောင်းတွေက ထုတ်လုပ်တဲ့ ရေအားလျှပ်စစ်ကိုလည်း နိုင်ငံခြားကိုသာ ရောင်းမှာဖြစ်တဲ့အတွက် ပိုင်ရှင်ရခိုင်ပြည်သူတွေသုံးစွဲခွင့် ရမှာမဟုတ် ပါဘူး၊ အရင်က လည်း ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့အပါအ၀င် သယံဇာတပစ္စည်း အမျိုးမျိုးကို ဗမာစစ်အာဏာရှင် အစိုးရအဆက် ဆက်က နိုင်ငံခြားကိုရောင်းခဲ့ပါတယ်၊ ရခိုင်ပြည်သူတွေအတွက် အကျိုးမရှိခဲ့ပါဘူး၊ အခုလည်း ရခိုင်ပြည်သူတွေက အရင်အတိုင်းဆင်းရဲမြဲဆင်းရဲနေမှာဘဲ၊ ဒါကြောင့်မို့ ဗမာစစ်အာဏာရှင်နဲ့ ဘင်္ဂလာအစိုးရတို့ ချုပ်ဆိုတဲ့ စာချုပ်တချို့ကို ANCက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောလိုပါတယ်။ ဖေါက်လုပ်ဖို့သဘောတူထားတဲ့ နှစ်နိုင်ငံ ပေါင်းကူလမ်းကိုတော့ မကန့်ကွက်ပါဘူး၊ ရေအားလျှပ်စစ် တည်ဆောက်မည်စာချုပ်၊ လယ်ယာမြေ ငှားရန်းသည့်စာချုပ်၊ သစ်ခုတ်ခွင့်သဘော တူညီမှုတို့ကို ကန့်ကွက်ပါတယ်၊ နယ်စပ်လမ်းတွေ ဖေါက်လုပ်လာမည့် အပေါ်မှာမှာ လူထုတို့၏ အိုးအိမ်ပြောင်းရွေ့မှုများ၊ ပေါ်တာခိုင်းစေမှုများအပြင် စစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုတွေ ဖြစ်ပေါ်လာမည်ကို မလုပ်မိစေဖို့ စစ်အာဏာရှင်ကို တိုက်တွန်းလိုပါတယ်။”ဟု ဆရာ ခိုင်မြ၀ါက ပြောသည်။

မြန်မာစစ်အုပ်စု အနေဖြင့် ရခိုင်ပြည်သူများအပေါ် တစုံတရာ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားမှုမရှိသည့် အာဏာရှင်စနစ်အရ လူမျိုးပြုန်းတီးရေး စီမံကိန်းဖြစ်သည်။ ၎င်းတို့အနေနန့် ရခိုင်ပြည်နှင့် လူထုအပေါ် ဘင်္ဂလာ-ရခိုင်ပြည် နှစ်နိုင်ငံ ပေါင်းကူလမ်း မကြီး၊ ရေအားလျှပ်စစ်၊ လယ်ယာ (ဧက ၅၀၀၀၀)၊ သစ်၊ ငါး၊ စပါး၊ ၀ါး၊ ငရုပ်ကောင်းစိနှင့် တခြားမြေပေါ်-မြေအောက် သယံဇာတများကို ၆ နှစ်မျှကာလအတွင်း ကုန်သွယ်လုပ်ပိုင်သယ်ယူပိုင်ခွင့် အလွယ်တကူ သဘောတူစာချုပ်များ ပြုလုပ်ခြင်း များကို ကြည့်ခြင်းအားဖြင့် သွယ်ဝိုက်သည့်နည်းဖြင့် ရခိုင်အမျိုးသားများ မျိုးပြိုန်းအောင် စီမံလုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုလို လမ်းဖေါက်လုပ်မှုမှာ စစ်အုပ်စုအကျိုးအမြတ်သာ ဖြစ်ထွန်းလာမည်ဖြစ်ပြီး ရခိုင်ပြည်နှင့် ရခိုင်လူထုအတွက် ကုန်းကောက်စရာ တခုမျှမကျန်အောင် ဖန်တီးခြင်းများသာ ဖြစ်သည်ဟု ရခိုင်ပြည်နိုင်ငံရေး အဖွဲ့အစည်းများက ဆိုသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)မှ ပြောရဲဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် စောမိမိသန်းက အောက်ပါအတိုင်း ပြောသည်။

“RWUအနေနဲ့ ဆက်စပ် ကြည့်ရသလောက် ဘင်္ဂလာ-ရခိုင်ပြည် ပေါင်းကူးလမ်းဖေါက်မဲ့ အပေါ်မှာ လမ်းနဲ့နီးစပ်တဲ့ ကျးရွာတွေက အမျိုးသမီးတွေအတွက် အန္တရာယ် ရှိလာမည့် အခြေအနေ တွေ့ရပါတယ်၊ အခုက ရခိုင်ပြည်ထဲမှာ ရခိုင်အမျိုးသားတွေ လုပ်တဲ့အလုပ် တွေကို အမျိုးသမီးတွေက လုပ်နေရတော့ လမ်းဖေါက်လာရင် အတင်းအဓမ္မ လုပ်အားပေးတာတွေ ဖြစ်ပေါ်လာမှု တွေမှာ အမျိုးသမီး တွေအပေါ် မုဒိမ်းမှုနဲ့ တဆက်တည်းမှာ ကလေးတွေအပေါ်မှာလည်း ထိခိုက်နစ်နာစရာ အများအပြားဖြစ်ပေါ် လာနိုင်ပါတယ်၊ ရေအားလျှပ်စစ် ဆည်ဆောက်လုပ်ရေးတွေကိုလည်း ကန့်ကွက်ပါတယ်၊ အဲတာတွေက သဘာဝပတ်ဝန်ကျင်မက ဒေသခံလူထုတွေကိုပါ သိပ်ပြီးတော့ အန္တရာယ်များတဲ့အတွက်ဖြစ်ပါတယ်၊ ဆည်တွေဆောက်လုပ်ဖို့ RWUအနေနဲ့ တားမြစ်ပါတယ်၊ ကန့်ကွက်ပါတယ်။”

စစ်အုပ်စုသည် ရခိုင်ပြည်မှ မြေပေါ်မြေအောက် သယံဇာတများကိုပြပြီး ဘင်္ဂလာ အစိုးရအား နည်းမျိုးစုံဖြင့် ရခိုင်ပြည် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို ဖြိုခွင်းရန် ဖိအားပေးခဲ့များမှု အမြောက်အများရှိသည်။

ရခိုင်ပြည်-ဘင်္ဂလာ လမ်းယာယီစတင်ဖေါက်လုပ်မှုအား ၂၀၀၄ ခု၊ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင် ၈ ဦးတို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်စပ်ရှိ မောင်တောမြို့နယ် ဘော်လီဈေးမှ ပြည်တွင်းသို့ ၆၃ ကီလိုမီ တာ ရှည်လျားသည့်လမ်းနှင့် ဘင်္ဂလာဖက် ရာမူးမြို့နယ်မှ နယ်စပ်သို့ ၄၀ ကီလိုမီတာနှင့် ထိုမှ မြန်မာဖက် ဘော်လီဈေးသို့ ၂၃ ကီလိုမီတာ ရှည်လျားသည့် လမ်းတို့အား အုပ်မြစ်ချဖေါက်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြရာ ဘင်္ဂလာဖက်မှ လမ်းကြမ်းဖေါက်လုပ်ပြီး လျှက်ရှိနေပြီးဖြစ်သည်။

လွန်ခဲ့သော ၂၀၀၄ ခုနှစ်က မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အကြီးအကဲများ အနေဖြင့် အဆိုပါ လမ်းကြမ်းဖေါက်လုပ်ရာတွင် တာကာငွေ ၉၈ ကုဋေမှ ကုဋေ ၁၂၀ ကျော်အထိ ကုန်ကျမည်ဟု ယာတားထားရှိခဲ့ကြသည်။

ထိုအချိန်ကတည်းက ဘင်္ဂလာဖက်မှ အကောင်အထည်ဖေါ်သည့် အနေဖြင့် ရာမူး၊ အိုခီးယားမှတဆင့် နယ်စပ်အဆုံးတောင်ပြိုထိ ၂၀၀၅ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက်တို့တွင် လမ်းကြမ်းဖေါက်လုပ်မှုကိုမူ ပြုလုပ်ပြီးစီးခဲ့သော်လည်း မြန်မာဖက်မှမူ အခုအချိန်ထိ တစုံတရာ နယ်စပ်လမ်းကြမ်း ပြုလုပ်နေသည်ကို မတွေ့ရသေးချေ။

လွန်ခဲ့သော ၂၀၀၁ မှ ၂၀၀၉ ခုနှစ်အထိ အဆိုပါ နှစ်နိုင်ငံနယ်စပ်တလျှောက် လမ်းကြမ်းဖေါက်လုပ်ရာတွင် ကုန်ကျမည့် ငွေများကို ဘင်္ဂလာဖက်မှ အကုန်အကျခံမည်ဟု သဘောတူခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ပေါင်းကူလမ်းဖေါက်လုပ်မည့် စီမံကိန်း သဘောတူညီချက်များ အပေါ် အလျှင်အမြန် ဖေါက်လုပ်ရန်စိုင်းပြင်းလျှက်ရှိနေပြီး၊ ဘင်္ဂလာဖက်မှ တာဝန်ရှိသူများ အနေဖြင့် မြန်မာအာဏာပိုင်များကို လုံးဝအားတက်သရောမရှိကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သတင်းစာများတွင် အကြိမ်ကြိမ် ဖေါ်ပြခဲ့သည်။

No comments:

Post a Comment