နေပြည်တော် ဇူလိုင် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.
Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ
တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ
ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေးကိစ္စနှင့် ရခိုင်ပြည်နယ်
အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးက
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊
လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန်
ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့်
မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈)
ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ
တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ်
လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈)
ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင်
ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊
နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို
ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသား
များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့်
ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊
နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR
သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က
ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင်
ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို
စဉ်းစားနေခြင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ
ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းလျက် ရှိပါကြောင်း
ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Thursday, July 12, 2012 - 14:15
No comments:
Post a Comment