Friday, October 28, 2011

ပခုက္ကူမြို့ ရွှေချောင်း ရေကြီး ရေလျှံမှု လူ ၃၀၀ ထက်မနည်း သေဆုံးနှင့်ပျောက်ဆုံးဟု သိရ

ပခုက္ကူမြို့ ရွှေချောင်း ရေကြီး ရေလျှံမှု လူ ၃၀၀ ထက်မနည်း သေဆုံးနှင့်ပျောက်ဆုံးဟု သိရ

အောင်ရှင်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ - ၄၊၁၁ ၊ ၂၀၁၁)
undefined
ပခုက္ကူမြို့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရွှေချောင်း တံတား ရေကြီးရေလျှံမှုကြောင့် ကျိုးပျက်သွားသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
မကွေးတိုင်းဒေသကြီးအတွင်း ယခုလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့
တို့က မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆိပ်ဖြူမြို့နယ်၊ မြိုင် မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုနှင့် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် လူသေ ပျောက်မှုအချို့ရှိခဲ့ပြီး ပခုက္ကူမြို့တွင်
ရွှေချောင်း ရေတိုက်စားမှုကြောင့် လူပေါင်း ၃၀၀ ထက် မနည်း သေဆုံးနှင့် ပျောက်ဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်အတွင်းမှ စတင်လာသော ရွှေချောင်းအထက်ဖျားတွင် သင်းပေါင်း ကန်ဆည်၊ သစ်ကြီးတောဆည်၊ မင်းကန်ဆည်၊ ကျောက်ဆောက်ဆည်၊ ဗလုံတောဆည်၊ ကိုင်းဆည်စသောဆည် ခြောက်ခုနှင့် ရေကန်ကြီးအချို့မှရေလျှံမှုနှင့်ကြောင့် ပခုက္ကူမြို့ရွှေချောင်း အနီးရှိ အမှတ်(၂)နှင့် (၃) ရပ်ကွက်များ အိမ်ခြေ ၃၀၀ ကျော် ရေထဲ မျောပါခဲ့ပြီးလူရာနှင့်ချီ၍ သေဆုံး ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
လူပေါင်း ၁,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အမြင့် ၁၀ ပေ မှ ၁၅ ပေခန့်ရှိသော လှိုင်းလုံးများနှင့် မျောပါလာသော သစ်ပင်ကြီး များကြောင့် ရွှေချောင်းအောက်ပိုင်း ဧရာဝတီ မြစ်အနီး ပခုက္ကူမြို့၏အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရွှေချောင်းတံတား ကျိုးပျက်ခဲ့သည်။

"ရွှေချောင်းတစ်လျှောက် ရွာပေါင်း ၂၀၊ ၃၀ လောက်ရှိမယ်။ ရွာတိုင်း အနည်းဆုံး လူတစ်ယောက် နှစ်ယောက် သေတယ်ကြား တယ်။ ပျောက်နေတဲ့လူတွေလည်း ရှိတယ်။ ပခုက္ကူ အမှတ် (၃) ရပ်ကွက်ကတော့ အဆိုးဆုံးပေါ့။ သေတဲ့လူ ရာချီရှိတယ်"ဟု ပခုက္ကူမြို့ခံ တစ်ဦးဖြစ်သူ ဒေါက်တာ သက်လွင်က ပြောသည်။
ယခုလ ၂၃ ရက်နေ့အထိ ရွှေချောင်းရေ တိုက်စားမှုကြောင့် သေဆုံးသူဦးရေ ၂၁၅ ဦး ရှိခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သေဆုံးသူ ၁၀၆ ဦးနှင့် ရေမျောအိမ်ထောင်စု အိမ်ခြေ အိမ်ခြေ၂,၀၂၃ ဦးဟု ဖော်ပြခဲ့ပြီး သက်ဆိုင်ရာ နှင့်စေတနာရှင်များက ငွေနှင့်ပစ္စည်း စုစုပေါင်း တန်ဖိုးသိန်းသုံးထောင်ကျော်ဖိုး လှူဒါန်းခဲ့ ကြောင်းလည်း ဖော်ပြထားသည်။
ပခုက္ကူမြို့ ရေဘေးသင့်ဒုက္ခသည်များ အတွက် ရွှေချောင်းအနီးရှိ ဘုန်းကြီးကျောင်း တိုက်များတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထား ပြီး တိလောကရာမ ဘုန်းတော်ကြီးသင်ကျောင်း တွင် ဒုက္ခသည် ၈၀၀ ကျော်နှင့် မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတွင် ဒုက္ခသည် ၆၀၀ ကျော်ရှိ ကြောင်း သိရသည်။

"ကျွန်တော့မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ တယ်။ ယောက္ခမရယ်၊ မိန်းမရယ်၊ သမီး သုံးယောက်ရယ်၊ သားနှစ်ယောက်ရယ် ပါ။ ရေက ညကတည်းက နည်းနည်းတက်တယ်။ မနက် အစောကြီးကျတော့ ရေလှိုင်းတွေ ကြီးလာတယ်။ နောက်တော့ အိမ်တွေပါသွားတယ်။ နီးရာ သစ်ပင်ကို ဖက်ထားရတယ်။ အဲဒီအထိ မိသားစု ၀င် အားလုံးအတူတူပါပဲ။ နောက်တစ်ခါ ရေလှိုင်း တွေလာတော့ အားလုံးကွဲ သွားတယ်။ ကျွန်တော် လည်း ရေထဲမျောပါသွားတယ်။ သတိမေ့ပြီး ဓမ္မာရုံမှာချိတ်နေတုန်း သူများတွေလာကယ်တာ။ ညဆိုအိပ် မရဘူး။ မျက်စိထဲမှာ ရေလှိုင်း တွေပဲမြင်နေတယ်"ဟု အသက် ၄၇ နှစ်ရှိ ဒုက္ခသည် ဦးမောင်စန်းက ပြောသည်။

ပခုက္ကူမြို့ ရွှေချောင်းရေတိုက်စားမှုကြောင့် မျောပါသေဆုံးခဲ့သူများတွင် အချို့မှာ မိသားစု ၀င်အားလုံး သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့မှာ မိသားစုဝင် တစ်ယောက် နှစ်ယောက်သာ ကျန်ခဲ့ သည့်အဖြစ်များလည်း ရှိသည်ဟု သိရှိရပါသည်။

ရွှေချောင်းရေတိုက်စားမှုကို အများဆုံးခံခဲ့ရ သော ပခုက္ကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်အများစုမှာ ချောင်းဧရိယာအတွင်း တည်ရှိနေခြင်းဖြစ်ပြီး အထက်ဆည်များ ရေကြီး ရေလျှံမှုနှင့် တာတမံအချို့ ကျိုးပေါက်ခဲ့မှုများ ကြောင့် ပခုက္ကူမြို့ရွှေချောင်းအတွင်း အောက်တို ဘာလ ၂၀ ရက်နေ့ လူအများ အိပ်မောကျနေချိန် နံနက် ၅ နာရီအချိန်မှစ၍ ပြင်းထန်သော ရေလှိုင်းလုံးများ ၀င်ရောက်ခဲ့ သောကြောင့် လူ သေပျောက်မှုအများဆုံးဖြစ်ပွားခဲ့ဖြစ်ကြောင်း သက်ဆိုင်ရာနှင့် ဒေသခံများက ပြောသည်။

"မိုးက တအားရွာတယ်။ ပခုက္ကူ တစ်ခရိုင်လုံး ရေကြီးတာတွေ၊ စိုက်ခင်းတွေပျက်တာ၊ လူတွေ၊ တိရစ္ဆာန်တွေ ရေထဲမျောပါတာ၊ သေဆုံးတာတွေ အများကြီးကြားရတယ်။ ရွှေချောင်းရေကြီး လို့ ပခုက္ကူကတော့ လူသေပျောက်တာ အများဆုံးပေါ့" ဟု ပခုက္ကူမြို့ခံ တစ်ဦးဖြစ်သူ ကိုခင် မောင်ကြည်က ပြောသည်။
ပခုက္ကူခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေချောင်းတံတားအပါအ၀င် တံတားခြောက်စင်း ပျက်စီးခဲ့သည်။
http://www.myanmar.mmtimes.com/

No comments:

Post a Comment