Sunday, October 9, 2011

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်းအပေါ်လွှတ်တော်မှအသံများ

ရွှေယင်းမာဦးနှင့် စိုးသန်းလင်း
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)
 
စက်တင်ဘာလ ၃၀ ရက်နေ့ လွှတ်တော်အစည်းအဝေးများ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက် ခြင်း စီမံကိန်းအား လက်ရှိအစိုးရသက်တမ်း (ငါးနှစ်) ပြီးသည်အထိ ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း အချက် ၁၀ ချက်ပါ သ၀ဏ်လွှာ ဖြင့် ပေးပို့ခဲ့ရာ အဆိုပါဆုံးဖြတ်ချက်အားလွှတ်တော် ကိုယ်စားလှယ်များက တစ်ခဲနက် ကြိုဆိုခဲ့ကြသည်။

ဦးဂျေယောဝူ

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကချင်ပြည် နယ်မဲဆန္ဒနယ် ၁၂၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ)ကျွန်တော်တို့သမ္မတကြီးက တအား သဘောထားကြီးမားပြီး ပြည်သူများအသံကို နားဆင်ပြီးမှ ဒီလို ပိတ်ပင်ပေးလိုက်တာ ကျွန်တော်တို့ ပြောမကုန်အောင်ပဲ ၀မ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ တိမ်ကောပပျောက်သွားတော့မယ့်၊ ဆုံးပါးသွားတော့မယ့် ကျွန်တော်တို့မြစ်ကို ပြန်အသက်သွင်းပေးတယ်။ ဆုံးပါးသွားတော့မယ့် ကိုယ့်အမေ ပြန်အသက်ရှင်ကျန်းမာလာတဲ့သဘော ဖြစ်သွား လို့ ၀မ်းသာပါတယ်။ သမ္မတရဲ့ ခေါင်းဆောင်ကောင်းပီသမှုပေါ့လေ။ မပြောတတ်လောက်အောင် ကျွန်တော်တို့ ပြည်သူတွေ ၀မ်းသာ တယ်။ သမ္မတရဲ့ စီမံခန့်ခွဲမှု၊ အမြော်အမြင်ကြီးမားမှုတွေ တအားပါပါတယ်။ ကျွန်တော်ဆို ငိုပါတယ်။ မျက်ရည်တွေ တအားကျလာ တယ်။ လွှတ်တော်ရဲ့အသံ၊ ပြည်သူ့အသံတွေကို တကယ်ပဲ ထိရောက် နေပါလားဆိုပြီး ...။ ကိုယ်ကလည်း ဒီလို ဖြစ်စေချင်လို့၊ ကိုယ် စားလှယ်တွေကလည်း ၀ိုင်းဝန်းပြီး မြစ်ဆုံကို မပပျောက်စေချင်တဲ့အကြောင်း ပြောနေကြတာပဲ။ အားလုံးက ဒီလိုဆုံးဖြတ်ပေးလိုက်တဲ့ အတွက် တော်တဲ့၊ ခေါင်းဆောင်ကောင်း ပီသတဲ့ သမ္မတကြီးပဲလို့ မှတ်ချက်ချချင်ပါတယ်။

ဦးခက်ထိန်နန်

(အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်၁၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်)မြစ်ဆုံစီမံကိန်းရပ်သွားတော့ ကချင်ပြည်နယ်သားတစ်ယောက်အနေနဲ့ရော၊ စဒကပါတီရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ရော၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ရော ကျွန်တော့ဘ၀မှာ အပျော်ရွှင်ဆုံးအချိန် ဒီအချိန်ဖြစ်တယ်။ ဒီမြစ်ဆုံ Dam ကြီးဟာ ကချင်ပြည်နယ်သာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးကို ကောင်းကျိုးလည်းပေးနိုင်သလို အဆိုးဝါး ဆုံး အခြေအနေလည်း နိုင်ငံနဲ့ချီပြီးပေးနိုင်တဲ့ဟာကို ကျွန်တော်တို့ အားလုံး ပြည်သူရဲ့ဆန္ဒ၊ လွှတ်တော်ရဲ့ဆန္ဒ၊ ပြည်ထောင်စုအစိုးရ အားလုံးကပါ ဒါကိုအကောင်းဆုံး စီစဉ်ဆောင်ရွက်တဲ့အတွက် ကျွန်တော် အတိုင်းမသိဝမ်းသာသလို တစ်နိုင်ငံလုံးအတွက် ၀မ်းသာ စရာ အကောင်းဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်

(အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ)မြစ်ဆုံဆိုတာလေ National Heritage Area တစ်ခုဖြစ်တာပေါ့။ Landmark ပဲလေ။ Reservoir Areaထဲမှာ ပါသွားမယ့် သစ်တွေက ကုန်သွားပြီ။ ကျွန်တော်တို့ ကြားထားတယ်..ဆိုတော့ ဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်တို့လူထုက ဧရာဝတီကြီးကို စိတ်ပူပြီးကာမှ ဆွေးနွေးကြတယ်။ ပညာရှင်တွေက ပါဝင်ပြီးတော့ ဆွေးနွေးကြတဲ့အခါကျတော့ ဧရာဝတီကို ကယ်တင်ချင်ကြတဲ့ ပြည်သူတွေရဲ့ ဆွေးနွေးကြတဲ့ အသံတွေကို ပစ်ပယ်မှုမလုပ်ဘဲ သမ္မတကြီးကလည်း ဒါကြီးကို ပြန်ပြီးကာမှ စဉ်းစား ဆင်ခြင်သုံးသပ်တယ်။ နောက် မြစ်ဆုံနဲ့ပတ်သက်လို့ သုံးသပ်ပါလိမ့်မယ်။ မြစ်ဆုံ ဆိုတဲ့ဟာမျိုးက တကယ်ကျတော့ ဧရာဝတီရဲ့အစပေါ့။ မြန်မာ ပြည်သူတွေအတွက် ရော၊ တကယ့် origin ကချင် လူထုအတွက်ရော မြစ်ဆုံကို ရှောင်ကွင်းခြင်းအားဖြင့် ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုရဲ့ သွေးစည်း ညီညွတ်မှု စိတ်ဓာတ်ကို ပြန်လည်ရလာနိုင်မယ့် ညီညွတ်မှုကို သမ္မတကြီးက အမိန့်နဲ့အရယူလိုက်တဲ့သဘောပေါ့။ မြစ်ဆုံကို အခုလိုရပ်ဆိုင်းလိုက်တယ်ဆိုတာဟာ ပြည်သူတွေရဲ့ နှလုံးသားကို ရယူနိုင်သလိုပေါ့။ အဲဒါကြောင့် ကျွန်တော့အနေနဲ့ ပါတီ ဥက္ကဋ္ဌ အနေနဲ့လည်း ထောက်ခံတယ်။ အစိုးရ ကတိက၀တ်တွေကို စိစစ်ရတဲ့အမျိုးသားလွှတ်တော်ရဲ့ ကော်မတီဥက္ကဋ္ဌတစ်ဦးအနေနဲ့ရော။ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်လမ်းဟာ တော်တော်လေးကို transition period တစ်ခုရဲ့ အစကို လှမ်းနေကြပြီလို့ မြင်တယ်။ ဒါကြီးဟာ အင်မတန်ပြောင်းလဲမှုမြန်တယ်လို့ ပြောလို့မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ၊ အတော်ကို ရုန်းနိုင်မှ၊ ကုန်းလုပ် နိုင်မှဆိုတာလေ။ ဒီလောက် speed နဲ့ သွားနိုင်မှ။ အဓိကကတော့ မြစ်ဆုံကစပြီး တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို နိုင်ငံတော် သမ္မတကြီးက ရသွားပြီ။

ဦးဌေးဦး

(ပြည်သူ့လွှတ်တော် ဟင်္သာတမဲဆန္ဒနယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)(သမ္မတရဲ့ သ၀ဏ်လွှာနဲ့ ပတ်သက်ပြီး) ဘာမှပြောစရာမရှိပါဘူး။ (ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် ဘယ်လိုသက် ရောက်မှုရှိမယ်ဆိုတာ) မပြောတတ်ဘူး။ ဒီကိစ္စတစ်ခုတည်းအတွက်တော့ မထင်ဘူး။ ကျန်တာတွေလည်း ရှိလိမ့်ဦးမယ်ထင်တယ်။ လက်တွေ့ဖြစ်လာတဲ့အပေါ်၊ သမ္မတကြီးရဲ့ သ၀ဏ်လွှာကို ဒီနေ့ ကြေညာတယ်ဆိုတဲ့အပေါ်၊ ပြန်ပြီးဂယက်ရိုက်လာမှာပေါ့။ မြစ်ဆုံ တစ်ခုတည်းနဲ့တော့ မဆိုင်ဘူးထင်တယ်။ ကျန်တာတွေနဲ့လည်း ဆိုင်မှာပေါ့။
http://www.myanmar.mmtimes.com/2011/news/538/news02.html

No comments:

Post a Comment