Sunday, October 9, 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရန် ဥပဒေကြမ်းတင်သွင်း

ရွှေယင်းမာဦး
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)
ယမန်နှစ် မတ်လက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမျိုးသား လွှတ်တော်သို့ အောက်တိုဘာလ ၅ ရက်နေ့က တင်သွင်းခဲ့သည်။

အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်သည့် ရှင်းလင်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဖတ်ကြားရာတွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၌ ပုဒ်မ ၂၇ ခု ရှိသည့် အနက် ပုဒ်မခွဲနှစ်ခုနှင့် ပုဒ်မခွဲငယ်တစ်ခု တို့ကို ပြင်ဆင်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ပထမပြင်ဆင်ချက်မှာ လက်ရှိဥပဒေပုဒ်မ(၆) ပုဒ်မခွဲ (ဂ)၌ ဖော်ပြထားသည့် ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် လျှောက်လွှာ တွင် ဖော်ပြရမည့်အချက်များအနက် 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး' ဟူသည့်အချက်တွင် 'ထိန်းသိမ်းစောင့်ရှောက်ရေး'ဟူသည့် စာသားအား 'လေးစားလိုက်နာရေး'ဟု ပြင်ဆင်ရန်ဖြစ်သည်။
ယင်းပြင်ဆင်ချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၅(ခ)တွင် ဖော်ပြထားသည့် 'ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေ များကို လေးစားလိုက်နာရမည်' ဟူသောအချက်နှင့် ကိုက်ညီစေရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုတိယပြင်ဆင်ချက်မှာ ပုဒ်မ (၁၀) ပါတီ ၀င်များ၏ အရည်အချင်းများတွင် 'ထောင်ဒဏ် ကျခံနေရသူ မဟုတ်ခြင်း'ဟူသည့်အချက် ကို ပယ်ဖျက်ရန်ဖြစ်ပြီး နိုင်ငံတော်၏ လက်ရှိ အနေအထားအရ နိုင်ငံသားများ၏ အခွင့် အရေးကို အလေးထားခြင်းကြောင့်ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ကဆိုသည်။

တတိယပြင်ဆင်ချက်မှာ နိုင်ငံရေး ပါတီ အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိခြင်းနှင့် ပတ်သက်သည့် အခန်းတွင် ပုဒ်မ(၁၂) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁)၏ နောက်၌ ရှင်းလင်းချက် ထည့်သွင်းဖော်ပြရန် ဖြစ်သည်။

မူလဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ အထွေ ထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ တိုင်းဒေသကြီး၊ သို့ မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများဝင် ရောက်ယှဉ်ပြိုင်မှု မပြုနိုင်သည့် နိုင်ငံရေးပါတီ များသည် ပါတီဝင်အဖြစ် ဆက်လက်ရပ်တည် ခွင့်မရှိခြင်းဖြစ်သည်။

ထပ်မံထည့်သွင်းမည့် ရှင်းလင်းချက်မှာ အထွေထွေရွေးကောက်ပွဲပြီးမှ မှတ်ပုံတင်ခွင့် ရသည့် နိုင်ငံရေးပါတီများသည် ယင်းလွှတ်တော် ၏ လွှတ်တော်သက်တမ်းအတွင်း မဲဆန္ဒနယ် သုံးနယ်ထက်မနည်း ကျင်းပပြုလုပ်သော ကြား ဖြတ် ရွေးကောက်ပွဲများ၌ မဲဆန္ဒနယ် သုံးနယ်တွင် ၀င်ရောက်မယှဉ်ပြိုင်နိုင်ပါက ယင်းပြဋ္ဌာန်းချက် တွင် အကျုံးဝင်စေရမည်ဟူ၍ ဖြစ်သည်။

ပါတီသစ်များအား အထွေထွေ ရွေးကောက်ပွဲ မတိုင်မီကတည်းကတည်ရှိနေသည့်မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့် တန်းတူ သတ်မှတ် နိုင်ပြီး မျှတမှုရှိစေရန်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အရေးကြီး သည့် ဥပဒေတစ်ရပ်ဖြစ်သည့်အတွက် ဥပဒေ ကြမ်းကို လက်ခံရရှိသည်နှင့် အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီကိုပေးပို့ကာ စိစစ်စေခဲ့ပြီး ကော်မတီအဖွဲ့ဝင် ဦးဆွန်ဒုတ် ကျင့်က ကော်မတီ၏ အစီရင်ခံစာကို အောက်တို ဘာလ ၅ ရက်နေ့တွင်ပင် ဖတ်ကြား တင်သွင်းသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက လက်ခံ ရရှိသည့် အောက်တိုဘာလ ၄ ရက်နေ့တွင်ပင် စိစစ်ခဲ့ကြောင်း၊ အပိုဒ်သုံးပိုဒ်ပါရှိသည့် အဆိုပါ ဥပဒေကြမ်းအရ မူလဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းမှာ လျော်ကန် သင့်မြတ် သည်ဟု ကော်မတီက မှတ်ချက်ပြုကြောင်း ဦးဆွန်ဒုတ်ကျင့်က ပြောသည်။

အဆိုပါဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သဘော တူညီပြီးဖြစ်ရာ အရေးကြီးသည့် ဥပဒေကြမ်းဖြစ် သည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် တိုက်ဆိုင်ကာ ဆွေးနွေးကြရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် များအား ပြောကြားသည်။ http://www.freerakhaing.blogspot.com

ဆွေးနွေးလိုသူများအား အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရန် လွှတ်တော် ဥက္ကဋ္ဌက ကြေညာ ထားသည်။
 http://www.myanmar.mmtimes.com/2011/news/538/news03.html

No comments:

Post a Comment