Monday, October 10, 2011

နိုင်ငံရေးအကျဉ်းသား ရက်ပိုင်းအတွင်းလွတ်နိုင်ဟု ဦးရွှေမန်းပြော



By ဗွီအိုအေ (မြန်မာဌာန) စနေ, 08 အောက်တိုဘာ 2011

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကိစ္စ မကြာခင် ရက်ပိုင်းအတွင်း အကောင်အထည် ပေါ်ပါလိမ့်မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Espen Barth Eide နဲ့ အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ သူရဦးရွှေမန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“မကြာခင်ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ပါမယ်။ မကြာခင် ရက်ပိုင်းအတွင်းပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစိုးရကပြောဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် အကျဉ်းထောင်တွေထဲမှာ ရှိနေပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း       က တောင်းဆိုနေကြတာဖြစ်ပါတယ်။

နော်ဝေနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့အဖွဲ့ဟာ အောက်တိုဘာလ ၆ ရက်ကနေ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပြီး မနေ့က စနေနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide ဟာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီး နောက်ပိုင်း အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

No comments:

Post a Comment