Thursday, September 8, 2011

(၇၂)နှစ်မြောက် အသျှင် ဦးဥတ္တမနေ့ ကမ္ဘာအ၀ှမ်းဂုဏ်ပြုပွဲတော်ကျင်းပ


ဂစ္ဆပသတင်းဋ္ဌာန - စက်တင်္ဘာလ (၉)ရက်၊ ၂၀၁၁၊ နံက် (၉)နာရီ။ - http://www.gissapa.blogspot.com
(၇၂)နှစ်မြောက် အသျှင် ဦးဥတ္တမနေ့ ကမ္ဘာအ၀ှမ်းဂုဏ်ပြုပွဲတော်ကျင်းပ

မြန်မာနိုင်ငံရေးသမိုင်းတွင် ပြည်သူလူထုကို ပထမဦးဆုံး နိုင်ငံရေးတရား မျက်စီဖွင့်လှစ် ဟောကြား၍ ပထမဦးဆုံး ဖမ်းဆီးခံရသော အသျှင် ဦးဥတ္တမ၏ (၇၂)နှစ်မြောက် ပျံလွန်တော်မူနေ့ အောက်မေ့၊ ဂုဏ်ပြုဖွယ် အထိမ်းအမှတ်ပွဲတော်ကို ကမ္ဘာအ၀ှမ်းတွင် ကျယ်ကျယ် ပြန့်ပြန့် ယနေ့ ကျင်းပ နေကြကြောင်း သတင်းရရှိသည်။ 

ရခိုင်ပြည်နယ်တွင် နေရာအနှံ RNDPမှ ဦးဆောင်၍ နည်းမျိုးစုံ ဂုဏ်ပြုမှုများဖြင့် ကျင်းပနေကြသည့်အပြင် ဗမာပြည်နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရန်ကုန်မြို့မှ ဦးဆောင်ပြီး ဗဟန်းမြို့နယ် ဦးထောင်ဘိုလမ်း ဓည၀တီသာသနာပြု ကျောင်းတိုက်နှင့် ကမ္ဘာအ၀ှမ်း ကျင်းပလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကမ္ဘာအ၀ှမ်း ကျင်းပနေကြသည့် အခမ်းအနားများတွင် အသျှင်၏ ယနေ့မျိုးချစ်ပြည်ချစ်များ မမေ့အပ်နိုင်သော ဆုံးမ သြ၀ါဒများနှင့် စွန့်လွှတ် အနစ်နာခံမှုများကို ကောက်နှုတ်ပြီး အဓိကဂုဏ်ပြု ကြမည်ဖြစ်သည်။ 

အသျှင်၏ သြ၀ါဒများမှာ “တယောက်တည်း ကောင်းစားချင်ရင် ကြိုးစားပြီး အလုပ် လုပ်ရမယ်၊ တမျိုးသားလုံး ကောင်းစားချင်ရင် တမျိုးသားလုံး အမျိုးသားနိုင်ငံရေးကိုလုပ်ရမည်၊ ဒီတိုင်းပြည်သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီ လူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ၊ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ၊ ကျွန်သာသနာအဖြစ်ကလွတ် အောင် သံဃာတော်များ ကျောင်းတွင်ကျိန်းအိပ်မနေကြဘဲ သံဃသ မဂ္ဂီ အဖွဲ့များဖွဲ့ပြီး ဒီတိုင်းပြည်၊ ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက် သင့်တယ်။” စသည့် သြ၀ါဒများမှာ ယနေ့တဖြည်းဖြည်း ပိုမို၍ ရခိုင်အမျိုးသားများ နှလုံးသားတွင် တန်ဖိုးကြီးမားလာနေသည်။ 

အာရှနေ၀န်း အသျှင် ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူ အဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်သူ အဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေ အသင်းကြီး’၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော် အသျှင်က များစွာအထောက်အကူ ပြုခဲ့ကြောင်း သိရသည်။

၁၉၅၆-ခုနှစ်၊ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းမှ ထုတ်ဝေသော  “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်”တွင်“ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောင်္ကျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခုမြန်မာနိုင်ငံတော်သူ၊ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား၊ စံစား နေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း။”ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း အသျှင်၏သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင် အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြ သော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်း ဖြစ်ပေသည်။ မျက်မှောက်မှာကား အသျှင်၏သမိုင်းအား ဖျက်ဆီးသူများသာ ပျက်နေရပြီတည်း။

ဘင်္ဂလာတွင် RWUမှ နယ်စပ်တနေရာ၌ ကျင်းပနေကြောင်း၊ အိန္ဒိယနိုင်ငံတွင် ရခိုင်မျိုးချစ်များက ဦးဆောင်၍ ကျင်းပနေကြောင်း၊ ထိုင်းနိုင်ငံရောက် မျိုးချစ်များက ဦးဆောင်ကျင်းပနေကြောင်းနှင့် အခြားနိုင်ငံများတွင် အခြေအနေအရ လုပ်ဆောင်နေကြကြောင်း သိရ သည်။ ရခိုင်အမျိုးသားများ အနေဖြင့် အသျှင်နိန့်ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ဂုဏ်ပြုကျင်းပကြဖို့ စိုင်းပြင်းလျှက်ရှိနေသည်။

No comments:

Post a Comment