Friday, September 16, 2011

တရားမ၀င် ကားတင်သွင်း သူများကို ထိရောက်စွာ အရေးယူမည်

ဝင်းကိုကိုလတ်နှင့် စုလှိုင်ထွန်း
အတွဲ ၂၇ ၊ အမှတ် ၅၃၅ ( ၁၆-၂၂ ၊ ၉ ၊ ၂၀၁၁)
တရားမ၀င်မော်တော်ကားများ မှောင်ခို တင်သွင်းခြင်းများကို စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီမှ ထိရောက်စွာ စုံစမ်းစစ်ဆေးအရေးယူသွားမည်ဟု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

"တကယ်တိုးတက်အောင်လုပ်ဖို့သင့်နေပါပြီ။ စက်မှုဇုန်တွေကနေ တရားမ၀င်တာတွေရှိမယ်ဆို လုပ်ငန်းတွေကို ပိတ်မယ်၊ ဖျက်သိမ်း သွားပါမယ်။ အလုပ်တကယ်လုပ်မယ့်သူတွေကိုသာ အားလုံး လုပ်ကိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဇုန်လုပ်ငန်းလုပ်ကိုင်မယ့် ဘယ်သူကို မဆို အားပေးသွားမှာပါ။ ရှေ့လျှောက် ဇုန်တွေက ကန့်သတ်ချက်မရှိ ယှဉ်ပြိုင်နိုင်ပါတယ်။ ကားထုတ်လုပ်ခွင့်ကိုလည်း ပိတ်ပင် မထားပါဘူး" ဟု စက်မှု(၁)နှင့် စက်မှု (၂) ၀န်ကြီးဌာနများ၏ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောသည်။

ပြီးခဲ့သည့်လပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆိပ်ကမ်းရောက် ကွန်တိန်နာများ စစ်ဆေးစဉ် မှတ်ပုံတင်ခြင်းမရှိသည့် အချိုရည်များနှင့် မော်တော်ကားများ ဖမ်းဆီး ရမိခဲ့သည့်နောက် ကွန်တိန်နာများအတွင်းရှိ သွင်းကုန်ပစ္စည်းများ စစ်ဆေးရာတွင် X-Ray ကို ဖြတ်သန်း စေသည့် စနစ်ပြောင်းလဲခဲ့ပြီး စစ်ဆေးရေးအဖွဲ့များကိုလည်း ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရသည်။

"တိုင်းပြည်ကို မညာနဲ့တော့။ အဝေးကြီး မှန်းမနေကြနဲ့။ လုပ်နိုင်သလောက်နဲ့ တစ်ထစ်ချင်း တက်သွားကြရပါမယ်။ ဆပ်ကော်မတီဝင် တွေအနေနဲ့လည်း စက်မှုဇုန်တွေကို စစ်ရပါမယ်။ ဒါတွေက အားလုံး ၀ိုင်းလုပ်သင့်တာတွေပါ" ဟု ပြည်ထောင်စုဝန်ကြီးက တက် ရောက်လာသူများကို ပြောကြားသည်။
http://www.myanmar.mmtimes.com/2011/naypyitaw/535/npt03.html

No comments:

Post a Comment