Friday, September 16, 2011

တိုက်ကြီးအုတ်များအ၀င်နည်း၍ ရန်ကုန်ဈေးကွက်တွင် အုတ်ဈေးအပြောင်းအလဲများဖြစ်ပေါ်လာ

ထားထားခင်
အတွဲ ၂၇ ၊ အမှတ် ၅၃၅ ( ၁၆-၂၂ ၊ ၉ ၊ ၂၀၁၁)
undefined
နေပြည်တော်ရှိအုတ်စက်ရုံလုပ်ငန်းခွင်တစ်နေရာ။ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးမြို့နယ်တွင် အုတ်လုပ်ငန်း
များ ပိတ်သိမ်းရမည်ဟုဆိုသောကြောင့် ရန်ကုန်အုတ်ဈေးကွက် တွင် တိုက်ကြီးအုတ်အ၀င်နည်းလာမှုနှင့်အတူအုတ်ဈေးများမြင့်တက်သွားခဲ့သည်။

ဩဂုတ်လမှစ၍ ရန်ကုန်အုတ်ဈေးကွက်သို့ တိုက်ကြီးစက်အုတ်များ သိသိသာသာ အ၀င်နည်းလာရာ ထိုလမှစ၍ သိသာသော ဈေးမြင့် တက်မှုများရှိလာကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အခြေစိုက် လက်ကားဒိုင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်းများအတွက် အဓိက အားထားရသည့် အုတ်လုပ်ငန်း အများစု တည်ရှိရာ တိုက်ကြီး မြို့နယ်တွင် လိုင်စင်မဲ့ အုတ်လုပ်ငန်း အများအပြား ပိတ်သိမ်းခဲ့ ရခြင်းသည် အဆိုပါ ဒေသမှ ထွက်ရှိသော အုတ်များ ရန်ကုန် ဈေးကွက်တွင် ဈေးမြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

"တိုက်ကြီးဘက်က အုတ်ဖိုတွေက ပိတ်ရမယ်ဆိုတဲ့ သတင်း ဇူလိုင်လ လောက်မှာ စကြားရပါတယ်။ ဒီအရှိန်နဲ့ အုတ်တွေ ဈေးတက်ကုန်တယ်။ တိုက်ကြီးစက်အုတ်တစ်လုံးက ဇူလိုင်လောက်မှာ ၇၅ ကျပ်ကနေ လက်ရှိမှာ ၁၀၀ လောက်အထိ တက်သွားပါတယ်" ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ဒေါ်ငွေဝင်းနှင့်သားများ ဆောက်လုပ် ရေးပစ္စည်းဆိုင်မှ အရောင်းကိုယ်စားလှယ် ကိုသန်းအောင်က စက်တင်ဘာ ဒုတိယပတ်တွင် ပြောသည်။
"ဒါကြောင့် ၀ယ်လိုအား သိသိသာသာ နည်းသွားတယ်။ ဇူလိုင်လလောက်နဲ့ နှိုင်းယှဉ်ရင် လက်ရှိအချိန်မှာ တစ်ဝက် လောက်နည်း သွားတယ်လို့တောင် ပြောနိုင်တယ်"ဟု ၎င်းက ရှင်းပြသည်။

ဈေးကွက်တွင် တိုက်ကြီးစက်အုတ်များကို အရည်အသွေးကြောင့် လက်အုတ်ထက်ပိုအသုံးများပြီး ရန်ကုန် ရှိ ဆောက်လုပ်ရေးများမှ ၀ယ်ယူလေ့ ရှိကြောင်း သိရသည်။


ယခုကဲ့သို့ တိုက်ကြီးအုတ်ဖိုများ ပိတ်သိမ်းလိုက်ခြင်းကြောင့် ပဲခူးသို့သော ရန်ကုန်ပြင်ပဧရိယာများသို့ အုတ်ဖိုများ ရွှေ့ပြောင်းလာ နိုင်သောကြောင့် သယ်ယူပို့ဆောင်စရိတ်က အမြတ်ပါး လာနိုင်ကြောင်းလည်း ကိုသန်းအောင် က ပြောသည်။

"တိုက်ကြီးက အုတ်ဖိုတွေလည်း ပိတ်ရတော့မယ်။ ပြီးတော့ တခြားအုတ်ဖုတ်တဲ့နေရာတွေလည်း ဆက်မလုပ်ရတော့ဘူးလို့ အသံ ကြားနေတော့ အမြတ်ကတော့ အရင်ထက် နည်းနိုင်တယ်။ ၀ယ်လိုအားကောင်းနေအောင် ဈေးကိုလည်း ထိန်းရောင်းရမှာ ဖြစ်တဲ့အတွက် အမြတ်ကတော့ ပါးနိုင်တယ်"ဟု ပြောသည်။

ချမ်းမြေ့အောင် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးပိုင်ရှင်ကိုကျော်ဇင်ဦး ကလည်း တိုက်ကြီးအုတ်များ ဈေးကွက် သို့အ၀င်နည်းလာ သည့်အတွက် ယခင်လမှစ၍ ဈေးမြင့်လာကြောင်း ပြောသည်။

တိုက်ကြီးဘက်က အုတ်တွေ ဈေးတက်တယ်ဆိုတာ လိုင်စင်မရှိတဲ့ လုပ်ငန်းတွေ ပိတ်သိမ်းတာကြောင့်လို့ ကြားတယ်။ ဒီတော့ လုပ်ငန်းဆက်မလုပ်ရတော့တဲ့အတွက် အုတ်ဒိုင်တွေက ရှိတဲ့အုတ်တွေကို ဈေးတင်ရောင်းတယ်။ "ဒါကြောင့် ဒီကိုအုတ်အ၀င်နည်းလာ ပြီး ဈေးလည်း လိုက်တက်ရောင်းရတယ်။ ဩဂုတ်လထဲမှာ တိုက်ကြီးအုတ် တစ်လုံးကို တစ်ဆယ်လောက်တက် သွားတယ်"ဟု ကိုကျော်ဇင်ဦးက ပြောသည်။

ထို့ကြောင့် အမြတ်အစွန်းတွက်ခြေကိုက်ရန် ၀ယ်ယူသူလုပ်ငန်းရှင်များက ချိန်ဆလာကြသည့်အတွက် ဈေးကွက် ၀ယ်လိုအား ကျဆင်းလာကြောင်းလည်း ၎င်းက သုံးသပ်သည်။

"ရန်ကုန်တစ်မြို့လုံးအတိုင်းအတာနဲ့ ဈေးကွက်ဝယ်လိုအား တန့်သွားတယ်။ များများဝယ်မယ့်သူတွေက ချိန်ဆကြတယ်။ တချို့ဆိုရင် အုတ်သစ်ပေါ်မှပဲ စောင့်ဝယ်တော့မယ့်သူတွေ ရှိတယ်" ဟု ကိုကျော်ဇင်ဦးက ပြောသည်။

အကျိုးဆက်အနေဖြင့် ဩဂုတ်လထဲတွင် တိုက်ကြီးအုတ်ဝယ်လိုအား ၂၀-၃၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်ဟု ခန့်မှန်းကြောင်း လည်း ၎င်းက ပြောသည်။

ရန်ကုန်နယ်နိမိတ်စပ်တွင် တည်ရှိ သည့် တိုက်ကြီးမြို့နယ်တွင် အုတ်လုပ် ငန်းလုပ်ကိုင်သူများ၏ သုံးပုံနှစ်ပုံခန့်သည် တရားဝင် လိုင်စင်မရှိဘဲ လုပ်ကိုင် ကြပြီး သုံးပုံတစ်ပုံခန့်သာ လုပ်ငန်း လိုင်စင်ရှိကြောင်း သိရသည်။
အုတ်လုပ်ငန်းအများအပြား ပိတ်သိမ်းခြင်းနှင့်အတူ တိုက်ကြီးအုတ်များ ဈေးကွက်သို့ အ၀င်နည်းလာပြီး ၀ယ်လိုအား၊ သိုလှောင်အုတ် လက်ကျန်ပေါ် မူတည်၍ နောက်နှစ်လ၊ သုံးလအတွင်း တွင် ၁၀-၁၅ ကျပ်ခန့် ဆက်လက် မြင့်တက်သွားနိုင်ကြောင်း ၎င်းက ခန့်မှန်း သည်။

ရန်ကုန်အုတ်ဈေးကွက်ရှိ လက်ကား ဒိုင်များတွင် တိုက်ကြီး၊ ဆားတလင်း၊ လေးထောင့်ကန်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ၀ါးခယ်မ ဘက်မှ အုတ်များ ၀င်ရောက်လေ့ရှိကြောင်း မင်္ဂလာတောင်ညွန့် လက်ကားအုတ်ဈေးကွက်မှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြန်မာတိုင်း(မ်)မှ တိုက်ကြီးရှိ အုတ်လုပ်ငန်းရှင်တစ်ဦး သို့ဆက်သွယ်မေးမြန်းရာ တိုက်ကြီးမြို့နယ် အာဏာပိုင်များက ဩဂုတ်လနှောင်းပိုင်းတွင် လုပ်ငန်းပိတ်သိမ်းရန် အကြောင်းကြားစာပို့ခဲ့ပြီး စက်တင်ဘာလေးရက်နေ့ နောက်ဆုံး ထား၍ လုပ်ငန်းဖျက်သိမ်း ရန်ညွှန်ကြားထားကြောင်းပြောသည်။
http://www.blogger.com/post-create.g?blogID=2457337296352237567

No comments:

Post a Comment