Friday, September 30, 2011

ANFU၏ ပထမဦးဆုံးသော နှစ်ပတ်လည်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာ(၁)ရက်၊ ၂၀၁၁၊ နံက် (၉)နာရီ။


ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် - Arakan National Forum for Unity (ANFU)၏ ရှေ့လုပ်ငန်းစဉ်များကို တိုးမြင့်လုပ်ဆောင် နိုင်ရန်အတွက် ပထမဦးဆုံးသော နှစ်ပတ်လည်အစည်းအဝေးနှင့်အညီ ရွေးချယ်တင်မြောက်ခြင်းတရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စက်တင်္ဘာလ(၂၉ မှ ၃၀)နေ့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ANFU အနေဖြင့် ကော်မတီသစ်တခုကို အဖွဲ့ဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ကာ ကျယ်ပြန့်သော ညီလာခံတခုကို ကျင်းပသွားရန် စီစဉ် ဆောင်ရွက်လျှက် ရှိကြောင်းသိရှိရသည်။

ဂစ္ဆပမှ ANFU ခေါင်းဆောင် ဆရာ ခိုင်အာဏာနီအား ကျင်းပရခြင်းရွယ်ရည်ချက်နှင့် ဆုံရပ်၏ ရည်မှန်းချက် မဟာဗျူဟာများကို မေးမြန်းရာ အောက်ပါအတိုင်း ခြုံငုံ၍ ရှင်းပြသည်။

“ANFU၏ ရည်ရွယ်ချက်က ရခိုင်ပြည်ကိုကယ်တင်နိုင်မည့် နည်းလမ်းများကိုရှာဖွယ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊  ညီလာခံတွင် ANFU၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ယင်းအပြင် ရခိုင်ပြည်အမျိုးသားအကျိုးစီးပွား၊ ရခိုင်ပြည်အမျိုး သားရေးဝါဒ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေး သော့ချက်ပြဿနာများနှင့် ကော်မတီသစ် ရွေးချယ်တင်မြောက်ခြင်းတို့ကို အောင်မြင်စွာ အတည်ပြု ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးမဟုတ်ကြောင်း၊ နိုင်ငံခြားသားများ ဖြစ်ကြောင်းနှင့် စင်စစ်အားဖြင့် ရခိုင်နိုင်ငံတော်သားများသာဖြစ်ကြောင်း၊ ထို့အတူ ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း သွတ်သွင်းလို၍ တိုင်းရင်းသားဟုဆိုနေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားဆိုလျှင် ဒီမိုကရေစီအခွင့်အရေးများသာ တောင်းဆိုရမည်ဖြစ်ပြီး နိုင်ငံခြားသားဖြစ်သဖြင့် ကျွန်တော်တို့က လွတ်လပ်ရေးတိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း။”ပြောကြားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရောက် ရခိုင်အမျိုးသားတော်လှန်ရေး-နိုင်ငံရေး မျိုးချစ်များအနေဖြင့် အမျိုးသားရေးဝါဒ ရခိုင်နိုင်ငံရေးကို ပီပြင်အောင် လုပ်ဆောင်နိုင်ရန် ANFUကို လွန်ခဲ့သော (၂၀၁၀)ခု၊ စက်တင်္ဘာလ(၁၁)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ANFU၏ ဋ္ဌာနဆိုင်ရာမှ တနှစ်တာ လုပ်ဆောင်ခဲ့သည့် အားသာချက်၊ အားနည်းချက်၊ ဘဏ္ဍာရေးနှင့် စသည့် အစီရင်ခံမှုများကို ရှင်းလင်းခဲ့ကြပြီး သဘာပတိအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ဘဏ္ဍာရေးဋ္ဌာန၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဋ္ဌာနနှင့် ရုံးအဖွဲ့ ဋ္ဌာနဆိုင်ရာများကို ညီညီညွတ်ညွတ် ဖွဲ့စည်းနိုင်ခဲ့ကြသည်။

ANFUအနေဖြင့် ရခိုင်ပြည် ဂီရိမုန်တိုင်းသင့် ပြည်သူများ၏ တစုံတရာ အခက်အခဲများကို ပြေလည်နိုင်ရန် တာကာ ၈၀၀၀၀ (ရှစ်သောင်း) လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။

ANFU ၏ အမျိုးသားရေးဝါဒ ရည်မှန်းချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် နှစ်ပတ်လည်ရွေးချယ်တင်မြောက်ခြင်းကို စက်တင်္ဘာလ(၂၉)ရက်နေ့မှ (၃၀)ရက်များတွင် ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက်များရယူပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ 

ANFUနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် “ယထာဘူတ ဂျာနယ် - Reality Journal” စာစောင်တခုကို စတင်ထုတ်ဝေနိုင်ရန် ကြိုးပမ်း လျှက်ရှိပြီး၊ ANFUအောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သဘောထားတရပ်ကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။  

Thursday, September 29, 2011

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)



ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး - ဒေါ်အောင်ဆန်းစုကြည် လီလီပန်း အဖြူရောင် လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှ ကြီးကျယ်ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။ ဘိသိက်ခံမင်္ဂလာ မောင်နှံမှ သတို့သမီးမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦး အဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီး ဒေါ်ဘေဘီစောမှ မွေးဖွားသော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။ ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်း ကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ်ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တမြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။
“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေ သော့ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ ဩော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ”ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာ ငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။ ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှတဖြည်းဖြည်း ရုန်းထွက် လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေကြာလာ သည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သားသမီးမြေးများလက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန်ရင်က ယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည်ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုး ၀ါးဝါးကြီးတော့ မဟုတ်ပါဘူး”“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်း တစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။ “ကလေးတွေမှာ ခံစားချက်ရှိတယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရ တာပေါ့။”ဟု အဘိုးဖြစ်သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ်သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်ကပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေးသည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“အန်တီ့ကိုငယ်ငယ်ကတည်းက မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများတွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှပြန်မပြော ရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီး ဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။ သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကို ဖတ်ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။ “သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလိုဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်။”ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။ မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရ လျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ ဩော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုးဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွား တုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့။”ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။ ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည်မှာ သားကြီးက ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင် လုပ်လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန်မွန်ရင် အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ”ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ်မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။ ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီတိုင်းပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်းတွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှအကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံ လာရောက်၍ အားပေးနှစ်သိမ့်စကား ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာသိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ဆိုတာနဲ့ နောက်နှစ်တွေကစပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်။”ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာမရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။ နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်း လာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ ကျောင်းပြောင်း စတွင် သူ့ကိုအတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး။ ဩော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီး သွားတာပါပဲ။”ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်း များကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစော မိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။
ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက်အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့် ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့ လေ။ ဘာနဲ့မှနှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့ တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ။”ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာမရှိအောင်ပင် ကွာခြားမှုများ ပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။ ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုး ကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေ ချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။”ဟု ဆိုလေသည်။ ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် ရီပျေ Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
http://www.freerakhaing.blogspot.com

Wednesday, September 28, 2011

အငတ်ဘေးနှင့် မြေပုံမြို့နယ်ကျွန်းသာယာဒေသ


မုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသော မြေပုံမြို့နယ် ကျွန်းသာယာကျွန်းမှ ဒေသခံပြည်သူ တစ်ချို့မှာ နပ်မှန်အောင် ထမင်း မစားရဘဲ ငတ်နေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

" ကျွန်တော်တို့ နေထိုင်နေတဲ့ ကျွန်းသာယာကျွန်းမှာ ရွာပေါင်း (၄) ရွာရှိပါတယ်။ အုန်းချောင်း၊ ပြင်ချောင်း၊ ပြင်ဝန်းနဲ့ ကျွန်းသာယာ ဖြစ်ပါတယ်။ အခု အများစုထမင်းငတ်နေတဲ့ ရွာသားတွေက အုန်းချောင်း၊ ပြင်ချောင်းနဲ့ ပြင်ဝန်း ရွာသုံးရွာက
လူတွေ ဖြစ်ကြပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

မုန်တိုင်းတိုက်စက အကူအညီ ရရှိခဲ့သော်လည်း ယခု အချိန်တွင် ယခင်ကလို အကူအညီမရတော့ပါ။ ထမင်းငတ်နေသော မိသားစု မည်မျှ ရှိသည်ကို တိတိကျကျ မသိရသော်လည်း အနည်းဆုံးမိသားစု ၂၀၀ ခန့်ရှိနိုင်ကြောင်းသူက ပြောသည်။

" ထမင်းငတ်နေတယ်ဆိုတာက နပ်မှန်အောင် မစားရတဲ့သူ၊ မနက်စားရင် ညနေ မစားရ။ ညနေစားရင် မနက်စားရတဲ့ သူတွေကို ပြောတာပါ။ လုံးဝ မစားရဘဲ နေ့စဉ် ရက်ဆက်ငတ်နေတာမျိုးတော့ မရှိပါဘူး။ အဲသလို ထမင်း ပုံမှန် မစားရဘဲ ဖြစ်နေတဲ့
မိသားစုကတော့ ကျွန်းတစ်ခုလုံးမှာ ဆိုရင် ၂၀၀ နီးပါး ရှိမယ် ထင်ပါတယ်" ဟု သူကပြောသည်။

အဆိုးဆုံး ငတ်ပြတ်မူကို ရင်ဆိုင်နေရသော ကျေးရွာမှာ ပြင်ဝန်းအောက်ရွာ ပိုက်ဆိပ်ဖြစ်ပြီး အိမ်တိုင်းစေ့ လိုလို ပုံမှန် ထမင်း မချက်နိုင်ဘဲဖြစ်နေကြောင်း သူက ပြောသည်။

" ဟိုအပတ်ကတည်းက မိုးဆက်တိုက်ရွာပြီး ရေကြီးတယ်။ လေတိုက်တယ်။ ကျွန်းပေါ်မှာက အကုန်လုံး ရေလုပ်သားတွေ ဖြစ်ကြတယ်။ ဒီလို လိုင်းကြီး- ရေကြီးနေတော့ ငါးဖမ်းမထွက်နိုင်ဘူး။ ငါးဖမ်း မထွက်နိုင်တော့ ဆန်မ၀ယ်နိုင်ဘူး။ ဒီတော့ ငတ်တလှည့်
ပြတ်တလှည့် ဖြစ်နေကြတယ်။ အများစု မိသားစုကတော့ ရှိတာတွေကို ချရောင်းပြီးစားနေကြရပါတယ်။ အခြေအနေအဆိုးဆုံးက ပြင်ဝန်း ပိုက်ဆိပ်ရွာ ဖြစ်ပါတယ်" ဟုပြောသည်။

ထိုကဲ့သို့ ကျေးရွာသားများ အခက်အခဲ ကြုံနေရကြောင်းကို ကျွန်းသာယာမှ လူကြီးတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့ရွာမှာလည်း လူတွေ အဆင်မပြေကြဘူး။ ပင်လယ်ထဲကို မထွက်နိုင်တော့ငွေရှားတာကြောင့် ရွာသား အတော်များများ အခက်အခဲ ဖြစ်နေကြတယ်။ အကူအညီတွေလိုအပ်နေပါတယ်။ အကူအညီရရင် အမြန်ဆုံး လိုချင်ပါတယ်" ဟု ပြောသည်။

အဆိုပါ ကျေးရွာတွင် ရွှေဝါထွန်း အမျိုးအစား အညံ့စား ဆန် (၃) သစ် နို့ဆီ ၁၂ဗူးကိုကျပ် ၁၀၀၀ ဖြင့် ရောင်းချနေသော ဆန်ရောင်းသူများ ရှိသော်လည်း အများစုမှာမ၀ယ်စားနိုင်ဘဲ ဖြစ်နေကြကြောင်း သူက ပြောသည်။

အန်ဂျီအိုများမှ မုန်တိုင်း တိုက်စတွင် အကူအညီများ ပေးခဲ့သော်လည်း လွန်ခဲ့သော(၃) လခန့်ကတည်းက အကူအညီများကို ရပ်တန့် ပစ်ခဲ့သဖြင့် မိုးတွင်းကာလတွင် ပို၍အခက်အခဲ ဖြစ်နေကြရသည်ဟု ရွာသားများက ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းဒဏ်ကိုကျွန်းသာယာကျွန်းသည် အကြီးအကျယ်ခံခဲ့ရပြီး အဆိုပါ ကျွန်းတစ်ကျွန်းတည်းမှလူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။

ယခုကဲ့သို့ ကျွန်းပေါ်တွင် မိသားစု အများအပြား အငတ်ဘေးနှင့် ရင်ဆိုင်နေရသော်လည်းသက်ဆိုင်ရာ အစိုးရပိုင်းမှ မည်သို့မှ ကူညီ ဖြေရှင်းပေးမူများ မရှိကြောင်းသိရသည်။
By: A.K.ARAKAN (QATAR)

ဒေါ်အောင်ဆန်းစုကြည်၏ (၂၃)နှစ်ပြည့် NLD နှစ်ပတ်လည် မိန့်ခွန်း

ဂစ္ဆပသတင်းဋ္ဌာန                             စက်တင်္ဘာလ(၂၈)ရက်၊                                http://www.gissapa.blogspot.com By: အောင်ခိုင်

ဒေါ်အောင်ဆန်းစုကြည်၏ (၂၃)နှစ်ပြည့် NLD နှစ်ပတ်လည် မိန့်ခွန်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ကြွရောက်လာကြတဲ့ ပရိသတ်အားလုံးကို ကျမကျေးဇူး တင်ပါတယ်။ ဒါကြောင့်မလို့ (၂၃)နှစ်ဆိုတာ နည်းတဲ့အချိန်မဟုတ်ပါဘူး။ အကြမ်းဖျဉ်းအားဖြင့်တော့ ကျမကဘယ်လိုမြင်လဲဆိုတော့ အတိတ်၊ လက်ရှိရယ်၊ နောက်လာမယ့်အနာဂတ်ရယ်လို့ မြင်ပါတယ်။ ယခုကျွန်မတို့ဟာ လက်ရှိမှာရောက်နေတဲ့အခါမှာ အတိတ်ကို မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့နဲ့ ပြန်ပြီးကြည့်ရမယ်။ အတိတ်ရဲ့ စိတ်ဓာတ်တွေကို သင်ခန်းစာယူရမယ်။ လက်ရှိနဲ့ အနာဂတ်အတွက် အကျိုးရှိအောင် တစ်ချိန်တည်းမှာပဲ အတိတ်ရဲ့ ချုပ်နှောင်မှုကိုမခံရအောင်နေရမယ်။ ဒါမှလဲ လက်ရှိမှာ မှန်မှန်ကန်ကန်နဲ့ ဆက်ပြီး သွားရမှာဖြစ်ပါတယ်။ ကျမတို့ NLDကို စပြီးတော့ ထူထောင်ကတည်းက  ကျမတို့ လူမှုရေးရယ်၊ စည်းကမ်းရှိရေးရယ်၊ သတိရှိရေးကို အမြဲတမ်းရှေ့တန်းတင်ပြီး ပြောခဲ့ပါတယ်။ ဒီသုံးခုစလုံးက လိုအပ်ချက်အရ ရှိနေပါတယ်။ ညီညွတ်ရေးဆိုတာတော့ ဆရာဦးဝင်းတင် လဲပြောသွားပြီးပါပြီ။ ဘာမှထွေထွေထူးထူးပြောစရာ မလိုတော့ပါဘူး။ ညီညွတ်မှုဟာ စည်းကမ်းရှိမှု ဖြစ်ပါတယ်။ စည်းကမ်းမရှိပဲ ညီညွတ်ရေးဆိုတာ ကျစ်လစ်မှုမရှိပါဘူး။ စည်းကမ်းဘောင်အတွင်းမှာလုပ်တဲ့ သူကသာ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မှာပါ။ ဒါကြောင့်မလို့ စည်းကမ်းနဲ့ ညီညွတ်မှုဟာ ဒွန်တွဲပြီးသွားနေတယ်လို့ ကျမမြင်ပါတယ်။ သတိရှိရေးဆိုတာက အမျိုးမျိုးရှိပါတယ်။ ကျမတို့က ခံရဲ့တဲ့သတိဆိုတာလဲရှိတယ်။ လုပ်ရဲတဲ့သတိလဲရှိတယ်။ အသစ်အဆန်းကို ရင်ဆိုင်ရဲတဲ့သတိဆိုတာလဲရှိတယ်။ အတွေးအခေါ်တွေကို သုံးသပ်ပြီးလက်ခံနိုင်တာကို လက်ခံတဲ့သတိလဲရှိပါတယ်။ သတိဆိုတာ အမျိုးမျိုးရှိပါတယ်။ ကျမတို့ဟာ သတိအမျိုးမျိုးကို ဒီ(၂၃)နှစ် တစ်လျှောက်လုံမှာ ကြုံခဲ့ရတယ်။ ယခုလဲထပ်ပြီးတော့ အရင်လိုပဲ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အနိုင်ရသူကို ရင်ဆိုင်ရဲ့တဲ့သတိဆိုတာ လက်ရှိနဲ့ အတိတ်ကိုရဲရဲဝံ့ဝံ့ ညှိုနှိုင်းမှဖြစ်ပေါ်လာမှာပါ။ အတိတ်နဲ့ လက်ရှိကို ရဲရဲဝံ့ဝံ့နဲ့ မညှိုနှိုင်းတဲ့သူတွေက အနာဂတ်ကို သတိရှိရှိနဲ့ ရင်ဆိုင်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ကျမတစ်လျှောက်လုံး တိုင်းပြည်ကို လိုအပ်ခဲ့သူတွေဖြစ်ခဲ့ပါတယ်။ ဆရာဦးဝင်းတင် ပြောခဲ့တဲ့ အတိုင်းပဲ အင်မတန်မှခံခဲ့ရတဲ့ အထုတ်တွေပါ။ ခင်ဗျားတို့ရဲ့  တိုက်ခိုက်မှုတွေက အမျိုးမျိုးသောဒုက္ခ၊ သုခတွေကို ခံခဲ့ရပါတယ်။ ဒီလိုခံခဲ့ရတဲ့အခါမှာ တစ်ခုတော့သတိပေးချင်ပါတယ်။ ကျမကိုယ်တိုင်မှ ခံခဲ့ရတာကို အနစ်နာခံတယ်လို့စိတ်ထဲမှာ မထားပါဘူး။ ဒီလိုပဲ ကျမတို့အဖွဲ့ဝင်တွေက ပြည်သူ့အကျိုးအတွက် တိုင်းပြည်အကျိုးအတွက် ကျမတို့ယုံကြည်ချက်တွေအတွက် အနစ်နာခံခဲ့ရတယ်ဆိုတဲ့ အတွေးကိုစိတ်ထဲမှာ မထားစေချင်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ အနစ်နာခံရတယ်ဆိုတဲ့ စိတ်ပေါ်လာရင် တစ်ခါတစ်လေ ဒီစိတ်နဲ့ ဒွန်တွဲပြီးတော့ လက်စားချေချင်စိတ်တွေ၊ မကျေနပ်တဲ့စိတ်တွေ  တခါတည်းပေါ်လာနိုင်တယ်။ ကျမကတော့ ကျမရွေးတဲ့ လမ်းကြောင်း ကို အနစ်နာခံရတယ်လို့ မမြင်ပါဘူး။ ရှေးတုန်းကဆိုရင် ခေါမတိုင်းမှာရစ်ပူဇော်တဲ့ အလေ့အထရှိခဲ့ပါတယ်။ အဲတုန်းကသူတို့က အယူအဆဘယ်လိုရှိခဲ့လဲဆိုရင် တစ်ခုခုအောင်မြင်ချင်လို့ ပူဇော်ကြတာများပါတယ်။ အဲလိုရစ်အပူဇော်ခံရတဲ့သူက တိရိစ္ဆာန်လို ပူဇော်တာပေါ့။ အပူဇော်ခံရတဲ့သူက လိုလိုလားလားနဲ့ အပူဇော်ခံရမှ သူတို့ရဲ့အပူဇော်ကအောင်မြင်မယ်လို့ အတွေးခေါ်ရှိခဲ့တယ်။ ဒါအရင်တုန်းက ရှေးတုန်းက ယခုခေတ်နဲ့ မညီညွတ်တဲ့ အပြုအမူပေါ့။ အဲအတွေးရဲအနောက်က အတွေးအခေါ်ကို ကျမကသဘော ကျတယ်။ ဆိုတာက ကိုယ်လုပ်နေတဲ့  ကိုယ်ကလိုလိုလားလားပေးမှ ငါကတော့လုပ်ရချည်ရဲ့ ငါကတော့အနစ်နာခံရချည်ရဲ့ဆိုပြီး လိုလိုလားလားနဲ့ပေးဆပ်သူ မဟုတ်တော့ဘူး။ အကြွေးတောင်းသူနဲ့ အကြွေးတင်သူ လုပ်လာနိုင်တယ်လို့ ကျမမြင်ပါတယ်။ ကျမတို့ အားလုံးဟာ ဆက်ပြီးသွားတဲ့ အခါမှာ ကျမတို့လုပ်တာမှသမျှဟာ ယုံကြည်ချက်ကြောင့် လုပ်တာကိုမမေ့သင့်ပါဘူး။  ကိုယ့်ယုံကြည် ချက်နဲ့ကိုယ်လုပ်တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ဘယ်သူကမှ အတင်းဝင်ပါဆိုပြီး ဝင်ခဲ့တဲ့သူတစ်ယောက်မှမရှိဘူး။ အဲဆန္ဒအရသာဝင်ကြတာပါ။ ဆန္ဒအရမဝင်ချင်ရင်လဲ ထွက်သွားနိုင်ကြတယ်။ ထွက်သွားတဲ့လူတွေလဲရှိပါတယ်။ ဒါကြောင့်မလို့ ဆက်ပြီး လုပ်နေတဲ့သူတွေက ကိုယ့်ရဲ့ယုံကြည်ချက်အရ လုပ်နေတာပဲဖြစ်တယ်။ ဒါကြောင့်လိုလိုလားလားနဲ့ ကိုယ့်လုပ်ကိုင်ခွင့်တွေနဲ့  ကိုယ့်ရဲအင်အားတွေကို ကိုယ်ယုံကြည်တဲ့အရေးအတွက်သုံးကြပါလို့ ပြေချင်ပါတယ်။ ဒီလိုပဲသုံးကြရင် မအောင်မြင်ပဲမရှိပါဘူး။ အောင်မြင်မှုဆိုတာလဲ လွယ်လွယ်နဲ့ မရပါဘူး။ လွယ်လွယ်နဲ့ရတဲ့ အရာကလဲတန်ဖိုးရှိတဲ့ အရာမဟုတ်ပါဘူး။ တကယ်တန်ဖိုးရှိတဲ့ အရာအတွက်ကျမတို့အင်မတန်မှ ရုံးကန်ရပါတယ်။ ပေးဆပ်ခြင်းဆိုတာကို ပူဇော်ခြင်းလို့ပဲ စိတ်ထဲမှာထားပါ။ ကျမတို့ယုံကြည်ချက်အရ ပူဇော်လိုက်တာပါ။ ကျမတို့ ဘယ်သူကမှအတင်းသွေးဆောင်တာမဟုတ်ပါဘူး။ ဒီလိုစိတ်ဓာတ်တွေနဲ့ ကျမတို့ဆက်ပြီးသွားမယ်ဆိုရင် မုချအောင်မြင်မယ်။ မြန်သလားနှေးသလားဆိုတာတော့ ကျမမပြောနိုင်ဘူး။ ဒါပေမယ့် အမြန်ဆုံးတော့ ပြည်သူလူထုလိုချင်တဲ့ လူထု အဆောက်အအုံဖြစ်အောင်လို့ကြိုးစာပြီး ဆောက်တည်သွားမှာ ဖြစ်ပါတယ်။ လုပ်တဲ့အခါမှာ ကျမတို့အဖွဲ့ချုပ်နဲ့ တခြားဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေနဲ့  ညီညီညွတ်ညွတ်နဲ့ ရဲဘော်ရဲဘက်စိတ်ရှိရှိလုပ်သွားမယ်ဆိုရင် ကျမတို့ဟာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်သွား မှာပါ။ ဆရာဦးဝင်းတင်က ကျမရဲ့ခေါင်းဆောင်မှုကိုခံယူပါတယ်လို့ ပြောသွားပါတယ်။ ကျမနည်းနည်းတော့ မျက်နှာပူ ပါတယ်။ ဒါပေမယ့်တာဝန်ဆိုတာ ကျရောက်လာရင် ထမ်းဆောင်ရပါမယ်။  ဒီလိုဦးဆောင်တဲ့ တာဝန်ကိုလဲလိုချင်လို့လဲ ရတဲ့ကိစ္စ မဟုတ်သလို လိုချင်လို့လဲဖယ်လို့မရတဲ့ကိစပါ တာဝန်ဆိုတာ တာဝန်ပါပဲ။ တာဝန်ဆိုတာ ကိုယ်လိုချင်မှလုပ်တယ်ဆိုတာ တာဝန်မဟုတ် တော့ဘူး။ ဒါကတော့ စိတ်ကိုအလိုလိုက်ခြင်းဖြစ်တယ်။ တာဝန်ဆိုတာမလုပ်ချင်လဲလုပ်ရတာပဲ။ ဘယ်လိုပဲ ပင်ပန်းပင်ပန်းတာဝန်အရ ကျမကတော့ အတက်နိုင်ဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဦးဆောင်ပြီးတော့ ကြိုးစားသွားပါမယ်။ ဒါပေမယ့် တာဝန်ကျေပွန်ဖို့ ကျမကိုဝိုင်းဝန်းပြီး ကူညီဖို့အများကြီးလိုပါတယ်။ တစ်ယောက်တည်းလုပ်လို့ရတယ်။ ဆိုတဲ့စိတ်ဝင်ပြီဆိုကတည်းက ဒီမိုကရေစီ မဆိုင်တော့ဘူးလို့ အဲဒါကိုခေါင်းထဲထည့်ကြပါ။ ကျမအနေနဲ့ တစ်ယောက်တည်း လုပ်သွားဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အားလုံးက လျှောက်ခဲ့တဲ့ခရီးမှာ ရဲဘော်ရဲဘက်နဲ့ သစာရှိရှိနဲ့ အတူတွဲပြီးတော့လုပ်ခဲ့တဲ့သူတွေကဆက်ပြီးတော့ ကျမတိုကိုကူညီပါ။ ဆက်ပြီးတော့ ကျမတို့နဲ့ အတူပူးပေါင်းဆောင်ရွက်ကျပါ။ နောက်ပြီးဆရာဦးဝင်းတင်ပြောသလို မေးခွန်းတွေလဲထုတ်ကြပါ။ ကျမတို့ပြည်သူတွေက မေးခွန်းမထုတ် ကြဖူး။ လုပ်လို့ရင်ခံလိုက်တာပဲ။ လိုက်လို့ရှိရင်ဘာလို့လုပ်တာလဲ။ လုပ်ပိုင်ခွင့်ရှိသလား။ ဘာကြောင့်ခံရမလဲ ဆိုတာ မေးခွန်းထုတ်ရမယ်။ ဘာမှပြန်မလုပ်သည့်တိုင်အောင် ပထမဦးဆုံးမေးခွန်းကိုထုတ်ရမယ်။ မေးခွန်းထုတ်ပြီးတော့ မေးခွန်းရဲ့အဖြေအရ ကိုလုပ်သင့်လုပ်ထိုက် တာကိုလုပ်ရမယ်။ ကျမအနေနဲ့ ကျမတို့ဘာလုပ်လုပ် တကယ်အဓိကအရေးကြီးတဲ့ ခြေလှမ်းကိုလှမ်းဖို့ဆိုရင် ကျမတို့အဖွဲ့ချုပ်အနေနဲ့  ပြည်သူလူထုကိုမရှင်းပြပဲနဲ့ ကျမတို့လုံးဝမလုပ်ဘူး။ ရအောင်ယူဖို့ကိစ္စကို ဒီမိုကရေစီရဲ့ အနှစ်သာဟာ ပြည်သူလူထုကို ကိုယ်လုပ်စေချင် တာဖြစ်စေချင်တာတွေကို လက်ခံလာအောင်ဆွဲဆောင်နိုင်ရမယ်။ အတင်းအဓမ လုပ်ခိုင်းလို့မရဘူး။ ဒီလိုပဲ ကျမတို့ဒီမိုကရေစီ လမ်းကိုထပ်ပြီးလျှောက်လှမ်းတဲ့အခါမှာ ခြေးလှမ်းအသစ်တစ်ခုလှမ်းရင်း ကျမတို့အဖွဲ့ချုပ်အနေနဲ့ ကျမတို့ပြည်သူ လူထုကိုဘယ်ပုံ ကြောင့်ယခုလို ဆုံးဖြတ်လိုက်တယ်ဆိုတာကို ကျမတိုကစဉ်းစားမှာဖြစ်ပါတယ်။ ကနဦးကတည်းက တွေ့ဆုံဆွေးနွေးရေး၊ အကြမ်း မဖက်နဲ့လမ်းနဲ့သွားမယ် လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါတွေကမူတွေပါ။ မူပေါ်မှာကျမတို့ မားမားမတ်မတ်ရပ်တည်ဖို့ ဒီမူပေါ်မှာရပ် တည်ပြီးတော့ ကျမတို့ပြောင်းသာပြင်သာရှိတဲ့နေရာမှာ ကျမတို့နေသွားမှာဖြစ်ပါတယ်။ ဒီလိုင်္ဒအတိုင်းအပြောင်းလဲပဲ လုပ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကျမတို့မထားပါဘူး။ ကမာကြီးကပြောင်းလဲနေတော့ အချိန်ကာလအပြောင်းအလဲကိုလဲ၊ တရားအရပြောရ မယ်ဆိုရင်တော့ အနိစတရားဆိုတာအမြဲရှိနေတယ်။ ဒီလိုပဲ အပြောင်းလဲပဲရှိနေတဲ့ လောကကြီးမှာ ကျမတို့မပြောင်းလဲပဲသွားမယ် ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လဲ ကျမတို့မူပဲ။ မူတွေပေါ်မှာရပ်တည်ပြီးတော့ တရားနာတယ် တရားဆိုတာရှိတာပေါ့။ ဒီတရားဆိုတာရပ် တည်ပြီးတော့ ဒီကိစကိုလက်ခံရမယ်။ ကျမတို့ကကျမတို့ရဲလူတွေ ဒီမိုကရေစီရရှိရေးအတွက်ကိုင်ဆုပ်ထားတဲ့ မူတွေပေါ်မှာရပ် တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့  ဆက်ပြီးတော့လုပ်သွားမှာ ဖြစ်ပါတယ်။ အဲလိုလုပ်သွားတဲ့အခါမှာ ကျမတို့ကို အကြံပေးချင် တာရှိရင်လဲပေးပါ။ ကျမတို့ပါတီကတော့ ဖြေရှင်းရမယ့်ကိစကို ဖြေရှင်းနိုင်မယ့်အချိန်မှာ အမြဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒီလိုအပြန် အလှန်တွေလုပ်နိုင်မှ ဒီမိုကရေစီနည်းကျမမှာ။ ယခုလိုနေ့မျိုးမှာ ကျမတို့ကိုလာအားပေးတဲ့နေ့မျိုးမှာ ကျမကလဲဆက်လက် ပြီးတော့ အားပေးကြပါ။ အားပေးကြတယ်ဆိုတာ စိတ်နဲ့အားပေးလို့မရပါဘူး။ အပြောအဆိုနဲ့ကော အလုပ်အကိုင်နဲ့ကော အားပေးကြပါ။ ကျမတို့အနေနဲ့ကော ဒီလိုအားပေးမှုကို အင်မတန်မှ တန်ဖိုးထားပါတယ်။ ကျမတို့ကိုကူညီတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျေးဇူး တင်တယ်ဆိုတာကလဲ ကျမအမြဲတမ်းကျေးဇူးတင်တယ်ပြောရင်းနဲ့ လူတွေကသတိမထားမိတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကို ပြောပါရစေ ဥပမာရုံးလာပြီး ထမင်းချက်ပေးတဲ့လူတွေ ရုံးမှာလာပြီးနေ့တိုင်းသန့်ရှင်းရေးလုပ်ပေးတဲ့လူတွေ၊ လူမသိသူမသိကုတ်ကုတ်လုပ်ပေးတဲ့ ကျမတို့ရဲ့ ကူညီဖော်ကူညီဖက် ရဲဘော်ရဲဘက်ကိုလဲအထူးကျေးဇူးတင်ပါတယ်လို့ပြောရင်နိဂုံးချုပ်ပါတယ်။
့http://www.freerakhaing.blogspot.com