Tuesday, January 17, 2012

ခုံ သို့ မဟုတ် လွပ်နေသော နေရာများ၌

ခုံ သို့ မဟုတ် လွပ်နေသော နေရာများ၌

     ဗဟန်းမြို့ နယ်မှာ မဖြူဖြူသင်းက ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ် စည်းရုံးရေးဆင်းသည်။ လူထုတွေက ခုံပေါ်၌ တက်ရောက် နားထောင်ကြရာမှ ခုံကျိုး၍ ပြုတ်ကျကုန်ကြသည်။ ဒေါ်အောင်ဆန်းစုကြည့်က ဒီလောက်ခုံလေးမှာ လူတွေအများကြီး စုတက်နေတော့ ပြုတ်ကျမှာပေါ့ ဆိုသော စကားကို လူထုက အားရပါးရ ထောက်ခံကြသည်။ ယင်းဖြစ်ရပ်ကို ဒေါ်စုက လူထုက ညဏ်ပြေးတယ်ဆိုပြီး ချီးကြူးပြောလိုက်တော့ ဤဆောင်းပါးကို ရေးဖြစ်မိတော့သည် ။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ကြတော့မည်ြ
ဖစ်သည်။ သို့ အတူ အခြားသော ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ သည့် အခြားပါတီများကလည်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ဆိုသည်။  တလောက ပြောခဲ့ သည် အခြေအနေများကို သတိရလာပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက် ယှဉ်ပြိုင်မည့် နေရာများတွင် မယှဉ်ပြိုင်ဟု ပြောသံတွေ ကြားခဲ့ ရသည်။ ယခုမူ အခြားပါတီများက ယင်းသို့  အပြောအဆိုမဟုတ်တော့ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မည်သည့်နေရာကဘဲ ပြိုင်ပြိုင် ၀င်ရောက်ယှဉ်ပြိုင်မည့် လက္ခဏာများကို တွေ့ မြင်နေရပြီ ။ ယင်းမှာ ကောင်းသော လက္ခဏာဟု မထင်။
      ပြည်သူ့ လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က -၄၈-နေရာစလုံး၌ ပါလာခဲ့ လျှင် ကောင်းမွန်သွားမည့်  အခြေအနေများကို မြင်တွေ့ စရာရှိသည်။ အကြောင်းမှာ ဤပါတီမှာ လူထုထောက်ခံမှု ရရှိထားသော ဒေါ်အောင်ဆန်းစုကြည့်၏ စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုများကြောင့်ဟု ပြောစရာရှိသည်။ ကမ္ဘာအရပ်ရပ်မှလည်း ဒေါ်စုစကားကို နားထောင်ဆက်ဆံနေကြသည်။ ထို့ ကြောင့်ဒေါ်စုကို လွှတ်တော်မှာ ၀ိုင်းရံပေးဖို့  အခြားသောပါတီများက ပြုလုပ်ဆောင်ရွက်သင့်သည်ဟု မြင်သည်။ ယခုလက်ရှိ ကြံဖွံ့အစိုးရကိုယ်စားလှယ်များက လွှမ်းမိုးချယ်လှယ်နေသော စစ်အစိုးရ၏ လောင်းရိပ်မှုများသည် ဒေါ်စုတို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်နိုင်မည်ဟု မထင် ။ တခုကတော့ သေသေချာချာ ရှိသည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည့် တယောက်တည်းပင် လွှတ်တော်ထဲမှာ ရှိနေပါကလည်း ကြံ့ဖွံ့ကိုယ်စားလှယ်များထက် ပြောအားဆိုအား ရှိနေမည်ဆ်ုခြင်းကို မည်သူမျ ယုံမှား သံသယ ရှိကြမည်မထင်ချေ။
       ကျွှန်တော်ပြောချင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးခြင်းမှာ အပြောမဟုတ် လက်တွေ့ ကျသော နိုင်ငံရေးသဘာဝကို ပြောဆိုခြင်းဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုသော နိုင်ငံရေးပါတီများအနေဖြင့် သူတို့  ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များမှာ တနည်းအားဖြင့် ကိုယ်ကျိုးစွန့်  အနစ်နာခံခဲ့ သော နိုင်ငံရေးသမားများ ၊ အသိပညာရှင် အတတ်ပညာရှင်များ ပါရှိကောင်းပါရှိမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်ကလည်း နိုင်ငံရေးဝါနု ချင် နုနေအုံးမည် ဖြစ်သည်။ ယင်းပုဂ္ဂိုလ်များကို စော်ကား၍ ပြောဆိုခြင်းမဟုတ်မှန်း သိစေချင်သည်။ ဖြစ်သင့်သည်မှာ ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ကြံ့ဖွံ့ကိုယ်စားလှယ်များတို့ သာ စီးချင်းထိုး ယှဉ်ပြိုင်ရမည့်ပွဲဖြစ်သည် ။ သို့ မှသာ မည်သည့်လူထုက မည်သို့  ဒီမိုကရေစီစနစ်ကို လိုချင်၍ မည်သူ့ ကို လက်ခံကြသည်ကို ချပြနိုင်ကြမည်ဖြစ်သည်။
       နောက်တချက်မှာ ယခုလွပ်မြောက်လာသော -၈၈-မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့  နှင့် ပါတ်သက်နေခြင်းဖြစ်သည်။ သူတို့ တွေထောင်က လွပ်လာတော့ ကျွန်တော်တို့  မျက်ရည်ဝဲစွာ ခံစားရပါသည်။ မိဖရင်ခွင်ကို ပြန်လည်ရောက်လာသော သူတို့ တွေ၏ ပြောဆိုသံများမှာ စိတ်ထိခိုက်ကြေကွဲစရာများနှင့် အားမန်မလျော့ ဇွဲများမလျော့ဘဲ ဒီမိုကရေစီအရေးအတွက် ဆက်လက် လှုပ်ရှားသွားမည်ဖြစ်ကြောင်း ပြည်သူလူုထုရှေ့မှာ သစ္စတရားဆိုပြကြသည်။ သူတို့ တွေကို ပြည်သူတွေက မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့ အခွင်းအရေးရရှိရေးအတွက် ယုံကြည်စိတ်ချစွာ သူတို့ ကံကြမ္မာကို ထိုးအပ်ပေးနေကြပြီ ။ သည်တော့ ၈၈-မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များကို နိုင်ငံရေးအခင်းအကျင်းများ၌ ပါဝင်ရန်အတွက် စင်မြင့် တခု ပေးရတော့မည်ဖြစ်သည်။ ပြည်သူသာလျင် အမိ ပြည်သူသာလျင် အဖ ဖြစ်၍ ယခုသူတို့ တွေ၏ စင်မြင့်ကို ပြည်သူတွေက ဆုံးဖြတ်ပေးရန် အရေးတကြီး လိုလာသည်။
      ယင်းစင်မြင့်အတွက် သမတ ဦးသိန်းစိန်၏အစိုးရမှ လွပ်ငြိမ်းချမ်းသာခွင့်သည် ပြီးပြည့်စုံပြီလားဆိုသည်ကို ဆန်းစစ်ကြည့်ရန် လိုသည်။ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးရာ ယင်းပုဂ္ဂိုလ်များကို အမြန်ဆုံး လွှတ်ပေးရန်လိုနေသည်။ သူတို့ တွေ မလွပ်မြောက်သေးသမျှ အားလုံးပါဝင်သော နိုင်ငံရေးအခင်းအကျင်း တခု ဖြစ်လာနိုင်စရာ အကြောင်းမရှိ ။ လွှတ်ပေးပြီဟု ဆိုလျင်လည်း နိုင်ငံရေးအခင်းအကျင်းတခုအတွက် နေရာစင်မြင့် ရှိနေရန်လည်း လိုနေသေးသည်။ ဥပမာ အသင်းအပင်းဖွဲ့ စည်းခြင်းဆိုင်ရာ ဥပဒေများမှာ မည်မျ လွပ်လွပ်လပ်လပ် ရှိနေပြီလဲ ဆိုသော စံနုံး နှင့် တိုင်းတာကြည့်ရမည်ဖြစ်သည်။ သမဂ္ဂဖွဲ့ စည်းခွင့်ဆိုင်ရာများ ဥပဒေပြီးပြီစုံပြီလားဆိုသည်ကို ကြည့်ရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေကို မည်သည့်ရာဇ၀တ်ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် ဖမ်းဆီးခြင်းဆိုင်သော ပြစ်မှုများဖြင့် မဖမ်းဆီးရေး ဥပဒေများကို ထုတ်ပြန်ရန်လိုလာနေသည်။ ယခုအငြင်းပွါးနေသော ပြသနာမှာ ယင်းပြသနာကြောင့်ဖြစ်သည်။ တဖက်က နိုင်ငံရေးအကျဉ်းသား မရှိ ၊ ယုံကြည့်ချက်ကြောင့် အကျဉ်းကျနေသူများ မရှိဟု တစိုက်မတ်မတ် ပြောနေသည်ကို တဖက်ကလည်း နိုင်ငံရေးအကျဉ်းသားရှိနေသည်ဟု ပြောနေသော ပြသနာမှာ ယင်းဥပဒေမရှိ၍ကြောင့်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူကို ဆိုလိုသည်ဟု ပြောဆိုခြင်းထက် မည်ည့်ဝေါဟာရကမျ အဓိပ္ပါယ် အသက်ရောက်ပေ။
      နိုင်ငံရေးအကျဉ်းသားပြသနာမှာ အာဏာရှင် စစ်အစိုးရလက်အောက်၌သာ ရှိသော သူများဖြစ်ပြီး ဒီမိုကရေစီနိုင်ငံများ၌ မရှိ ။ နိုင်ငံတကာမှ မကြားဖူးခဲ့ သော နှစ်ပေါင်း ၁၆၀- ကျော် အကျဉ်းကျခံရသူများ ၊ သေဒဏ်ကျခံရသူများ လွပ်မြောက်လာသည်ကို ကမ္ဘာအရပ်ရပ်မှ ကြားသိခဲ့ ရပြီဖြစ်သည်။ ကောင်းပါပြီ ။ ယင်းသို့  လွပ်မြောက်လာသော သူတွေထဲတွင် ကျောင်းသားလူငယ်များ ။ မိန်းခလေးငယ်များ ။ မိခင်အရွယ်များ ။ အဖိုးအိုများနှင့် ဆရာတော် ရဟန်းသူမြတ်များ ပါနေရာ တဦးစီ၏ နစ်နာဆုံးရှုံးမှုများမှာ ကြားရမြင်ရသည်နှင့် လက်ခံ ခွင်လွှတ်နိုင်စရာ မရှိလောက်အောင် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားများမှာ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားရဘဲ ထောင်အကြောင်း ထောင်စာကိုသာ သင်ကြားခဲ့ ရသည်မှာ လွယ်လှသည်တော့ မဟုတ်ချေ။ ယခုသူတို့ တွေ၏ ဘ၀ကို မည်သူက တာဝန်ယူ ဆောင်ရွက်ရမည်နည်း။ မည်သူတွေက ထူမ ပေးကြရမည်လဲ ဆိုသည်မှာ လတ်တလော စဉ်းစားရမည့် ပြသနာဖြစ်သည်။ တချို့ က မိဘချမ်းသာသော အသိုင်းအ၀န်းက ဖြစ်ပြီး တချို့ မှာ ပြည့်စုံလုံလောက်သူများ မဟုတ်ကြ ။ ထောင်ဝင်စာကို မသွားတွေ့ နိင်ဘဲ ခေါင်းရွက်ဗျပ်ထိုး ဈေးလိုက်ရောင်းနေခဲ့ ရသော မိန်းမဖြစ်သူ၏ ဘ၀ကို လွပ်လာသော နိုင်ငံရေးအကျဉ်းသားက မည်သို့ နည်းနှင့်မျှ မိသားစုစားဝတ်နေရေးအတွက် ပြေလည်အောင် ဖြေရှင်းပေးနိုင်မည်ဟု မထင်။ အကြောင်းမှာ နှစ်ရှည်ထောင်ကျနေရခြင်းနှင့် ပြင်ပကမ္ဘာ၏ လူနေမှုစနစ်ဖြစ်ပေါ်နေမှုများကို ဆက်စပ်နိုင်စွမ်း မရှိနိုင်ချေ ။
      ဤအခါ ယင်းနိုင်ငံရေးအကျဉ်းသားများ၏ ဘ၀ရပ်တည်ရေးအတွက် ပြန်လည်ပြုစုပျိုးထောင်ရေးများကို ပြုလုပ်ရတော့မည်ဖြစ်သည်။ ယင်းသို့  ပြုလုပ်နိုင်ရေးအတွက် အသင်းအပင်းဖွဲ့ စည်းပိုင်ခွင့် ဆိုသည်မှာ အဓိကဖြစ်လာသည်။ ဆုံရပ်တခုကို အမြန်ဆုံးဖန်တီးပြီး ထောင်မှ လွပ်လာသော နိုင်ငံရေးအကျဉ်းသားများ၏ ဘ၀ရပ်တည်နိုင်ရေးအတွက် ပြန်လည့်ပြုစုပျိုးထောင်ရေး စီမံကိန်းချ ဆောင်ရွက်စရာ တွေ လုပ်ရတော့မည်ဖြစ်သည်။ သို့ မှသာ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ ဆောင်ရွက်စရာ တွေကို လက်တွဲ လုပ်နိုင်ကြမည်ဖြစ်သည် ။ နာမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေကိုသာ ဆုတွေ တသီတန်းကြီးပေးပြီး ခံစားစံစားနေရအောင် ပြုလုပ်ပေးတတ်သည်မှာ လောက သဘာဝဖြစ်သည်။ အညတရ နိုင်ငံရေးအကျဉ်းသားတွေမှာ ကုန်းကောက်စရာ မရှိအောင် မိမိတို့  မိသားစု အ၀ိုင်းအ၀န်းလောကထဲကို ရောက်သွားသောအခါ သူတို့ ဖြတ်သန်းသွားရမည့် ဘ၀ခရီးကို နိုင်ငံရေးခရီးထက် ဆင်းရဲ ရုန်းကန်စွာဖြစ်သန်းကြုံတွေ့ ရတော့မည်ဖြစ်သည် ။ သူတို့ တွေ၏ နိုင်ငံချစ်စိတ်နှင့် စေတနာစိတ်တွေ အရင်းခံမှုများကို နိုင်ငံ့အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရန် နောက်ဆံမတင်းရအောင် တခုခု လုပ်ရန်လိုသည်။
       မယုံကြည်ရသေးသော နိုင်ငံရေးအခင်းအကျင်းနှင့် လက်ခံနိုင်ဖွယ် မရရှိသေးသော ဖြစ်ဉ်များကို ယခုအချိန်မှာ စမ်းသတ်နေကြဆဲဖြစ်သည်။ ယင်းဖြစ်စဉ်များကို အဆုံးသတ်ရေးအတွက် တွေ့ ဆုံဆွေးနွေးရေးဆိုသည်မှာ မရှိမဖြစ် အရေးကြီးနေသည်။ အကျဉ်းထောင်မှာ လွပ်လာသော ဦးခွန်ထွန်ဦး၏ စကားကို ကိုးကားပြောရလျင် တပြေးညီ အပစ်အခတ်ရေးစဲရေး ဆိုသည်ကို ဆောင်ရွက်ပြရမည်မှာ သမတ ဦးသိန်းစိန်အစိုးရက လုပ်ပြရမည့် တာဝန်ဖြစ်သည်။ တဖွဲ့ နှင့် အပစ်အခတ်ရပ်စဲပြီး တဖွဲ့ နှင့် ဆက်လက်တိုက်ခိုက်နေခြင်းကို ပြုလုပ်နေသည်ဆိုလျင် လက်ခံနိုင်စရာ အကြောင်းမရှိ ။ အဓိပ္ပါယ် ရှိသော တွေ့ ဆုံဆွေးနွေးရေကို ပြုလုပ်ရေးဆိုသည်မှာ လူပေါင်းစုံ ပါဝင်ရေးဖြစ်သည် ။ ပြောရလျင် မြန်မာနိုင်င်အတွင်းတွင် လွှတ်တော်ပြင်ပနှင့် လွှတ်တော် အတွင်း နိုင်ငံရေးအခင်းအကျင်းသည် ပကတိအားဖြင့် လွှတ်တော်အတွင်းမှသာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာကို ကိုင်တွယ် ဖြေရှင်းနိုင်သော အ၈င်္ါရပ်မျိုးဖြစ်နေသည်။ လွှတ်တော်ပြင်ပ ဆိုသည်မှာ အတိုက်အခံ နိုင်ငံရေးလောက၏ ဆုံရပ်ဖြစ်နေသည်။ ယင်းဆုံရပ်မှာ စင်စစ်အားဖြင့် မြန်မာနိုင်ငံကို တိုက်ရိုက် နိုင်ငံရေးစံနုံးအားဖြင့် အကျိုး ထိရောက်မှု များ မဖြစ်ထွန်းချေ ။ ယခုဆိုလျင် အတိုက်အခံ များပင်လျင် လွှတ်တော်အတွင်း နိုင်ငံရေးအခင်းအကျင်းလောက ဖြစ်သော လွှတ်တော်အတွင်းဝင်ရောက်ကြမည်ဆိုတော့ ၈၈-မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့  အနေဖြင့် ယင်းအချက်ကို စဉ်းစားသင့်သည် ။
     တိကျစွာပြောရမည်ဆိုလျှင် အတိုက်အခံ ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လွှတ်တော်အတွင်း ၀င်ရောက်ကြမည်မို့  ဤအချက်ကို ဆန်းစစ်ရမည်ဖြစ်သည်။ အသင်းအပင်းဆိုင်ရာ ဖွဲ့ စည်းပိုင်ခွင့် ဥပဒေအရ ဖွဲ့ စည်းပိုင်ခွင့် ရှိသည်ထားဦး ။ နိုင်ငံရေးစနစ်တခုကို ဖန်တီးလှုပ်ရှားနိုင်သော အာဏာပိုင်အဆင့်တခု ရရှိခြင်း ရှိမရှိကို ဆန်းစစ်သုံးသပ်ရမည်ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ပြောရလျင် ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းကိုနိုင်တို့  အုပ်စုမှာ တိုက်တွန်းခြင်း၊ တောင်းဆိုခြင်း တို့ ထက် ဆောင်ရွက်နိုင်သော အာဏာပိုင်အဆင့်ကို ယခုအချိန်မှာ ရရှိသင်ြ့ပီဖြစ်သည်။ မြန်မာနိုင်ငံ၏ ချွတ်ချုံကျနေသော နိုင်ငံစီးပွါးရေး။ နိုင်ငံရေး အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူတို့ တွေမှာ ပေးဆပ်ရင်းနှီးခဲ့ ရသော နိုင်ငံရေးကာလများ၏ အတွေ့ အကြုံအရ ပြောင်းလဲဖန်တီးနိုင်စွမ်းရှိသူများဖြစ်နေပြီ ။ သို့ သော်  ယခုလွပ်မြောက်လာသောသူများအား လွှတ်တော်ထဲတွင် ၀င်ရောက်ပြီး နိုင်ငံရေးလောက အတွင်းရောက်အောင် သွားသင့်သည်ဟု ပြောဆိုခြင်းတော့မဟုတ်။ လွှတ်တော်ဆိုသည်ကလည်း ပြောစရာကို အယင်ဆုံး ပေးထားပြီးမှ ဆင်ဆာဖြတ်ပြီး ညီလာခံမှာ ဆွေးနွေးနေသော ဦးနေ၀င်း လွှတ်တော်မျိုး ဖြစ်နေရာ ယင်းအချက်ကို စဉ်းစားရမည်လည်းဖြစ်သည်။ အခြေအနေတို့ မှာ စမ်းသပ်ခံကာလများဖြစ်နေသည်ကို သတိထားရမည့်အခြေအနေမျိုး ဖြစ်နေသည် ။ ဤလွှတ်တော်သည် သမတဦးသိန်းစိန်အစိုးရအပါအ၀င်  ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်တို့ က နေပြည်တော်တွင် စံပျော်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်မှ ကင်းလွပ်ပါ၏လောဟု တိတိကျကျ သုံးသပ်နိုင်ထားရမည်ဖြစ်သည်။ စစ်တပ်နောက်ခံပြုထားသော ပြသနာများနှင့် ၂၀၁၀- ရွေးကောက်ပွဲဝင်များ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှု ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မှုများ ။ ၈၈ ကျောင်းသားများ၏ အာဏာရရှိရေး နိုင်ငံရေးဆောင်ရွက်မှု နှင့် အသင်းအပင်းဆိုင်ရာ သမဂ္ဂဖွဲ့ စည်းမှု အခြေအနေ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ မပြီးပြတ်သေးသော အပစ်အခတ်ရပ်စဲမှု ။ စီးပွါးရေးပိတ်ဆို့ မှုများ ရပ်စဲရေး စသည်တို့ မှာ လက်ငင်းဖြေရှင်းရမည့် ပြသနာများဖြစ်ရာ တထိုင်တည်း တရက်တည်းနှင့် ပြီးစလွယ် လုပ်၍တော့ဖြင့် ရမည် မဟုတ်။ သို့ သော် စေတနာထားပြီး ဆောင်ရွက်လျင် ဤပြသနာတို့ မှာ ပြီးမြောက်နိုင်စရာဖြစ်သည်။ တခုတော့ ရှိသည်။ တယောက်ကို တယောက် မလိမ်တမ်း မညာတမ်း လုပ်လျင် ဖြစ်နိုင်သော်လည်း ကောက်ကျစ်တတ်သော ညဏ်မျိုးနှင့် ဆိုလျင်တော့ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေနေတို့ မှာ ဒုံရင်းရောက်သွားနိုင်သည့် လက္ခဏာများ ရှိနေသည်။ ထို့ ကြောင့်လည်း နောက်ကြောင်းပြန်မလှည့်ရေးကို ပြောနေကြရသည်။ ခုတော့ ခုံ သို့  မဟုတ် လွပ်နေသော နေရာများတွင် သတ္တိရှိသူများဆိုပါက ယခုထောင်မှ လွပ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား နေရာဖယ်ပေးဝံ့ကြမည်ဟု ပြောလျှင် ရနိုင်သည် ။ သို့ သော် မည်သူက သူတို့  တွေကို ထိုင်ဖို့  ခုံ ပေးကြပါမည်နည်း ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment