Sunday, January 15, 2012

“၀ိုးတ၀ါးရာသီ..နဲ့…ခရီးရှည်” ( မောင်ချင့်ချိန်)


                                 “၀ိုးတ၀ါးရာသီ..နဲ့…ခရီးရှည်”
မောင်ချင့်ချိန်

ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်နဲ့နှိမ်နှင်းအာဏာသိမ်းခဲ့ကထဲက မတရားဖမ်းဆီးခံခဲ့ရပြီး ၂၃နှစ်ကျော်ထောင်ချခံထားခဲ့ရာကနေ လွတ်မြောက်လာတဲ့ မြင်းခြံဆရာတော်ဦးသုန္ဒရရုပ်ပုံကို ဒေါက်တာလွဏ်းဘလော့မှာဖူးမြင်လိုက်ရတော့ ထောင်ထဲမှာအတူတိုက်ပိတ်ခံရ စဉ်က ဆရာတော်ရွတ်ပြခဲ့တဲ့ ကဗျာတပုဒ်ကို ပြန်သတိရမိပါတယ် ။ အဲဒီတုန်းက ညနေဘက်ထောင်ပိတ်ပြီးသွားရင် တခန်းနဲ့တခန်း သီချင်းတွေ ၊ ကဗျာတွေ ဆိုပြရွတ်ပြကြပြီး ပျင်းရိငြီးငွေ့စရာအချိန်တွေကို ကျော်ဖြတ်ကြပါတယ် ။

တစ်ညမှာ တခြားအခန်းတွေကနေ ဦးအုန်းမြင့်လွင် ၊ ဦးတင်သန်း ၊ ဦးတင်အေးကြူ (ကိုမှိုင်း) ၊ ကိုသန်းနိုင်ဦး ၊ ကိုတင်အေး စတဲ့ ရဲဘော် ကြီးတွေက သူတို့ကဗျာတွေရွတ်ပြကြပြီး ကျနော်တို့အခန်းအလှည့်ကိုရောက်တော့ ဆရာတော် (ကျနော်တို့အားလုံးရဲ့အခေါ် ဦးသုန်) က “ ကျုပ်ရဲ့ကဗျာကို ၀ိုးတ၀ါးရာသီလို့ အမည်ပေးထားပါတယ် ၊ တိုတိုလေးပါ” ဆိုပြီး သူ့ကဗျာကိုရွတ်ပြပါတယ် ။

“၀ိုးတ၀ါးရာသီ”

နှင်းခေါ်လေနုတံခါးချဲ့ …
ဂျစ်ပစီတိမ်ငိုမဲ့မဲ့ …
ကောင်းကင်တခြမ်းပဲ့ …။
                               ဦးသုန္ဒရ

ဆရာတော်ရွတ်ပြီးသွားတော့ အတူနေတဲ့ နွားထိုးကြီးကဦးဇဉ်းဦးဥတ္တမက “ဦးသုန်ကဗျာက မော်ဒန်လား ၊ ဟိုက်ကုလား ၊ ဘယ်လို ကဗျာအမျိုးအစားခေါ်မလဲ” လို့မေးတော့ “ ဘာအမျိုးအစားဆိုတာမျိုး သတ်မှတ်ပြီးရေးလိုက်တာမဟုတ်ဘူး ၊ ကျုပ်စိတ်ထဲခံစားရရာကို ရေးထားတာ ၊ နှစ်သက်သလိုသာတွေးပေတော့ ” တဲ့ ။ ဦးသုန်ရဲ့ကဗျာက ဘာကိုပြောချင်မှန်းရေရေရာရာမသိပေမဲ့ အဲဒီကာလရဲ့နိုင်ငံ ရေးအခြေအနေ ၊ တိုက်ခန်းကျဉ်းလေးထဲမှာ အပိတ်ခံထားရတဲ့အခြေအနေတွေနဲ့နှိုင်းယှဉ်ခံစားပြီး နှစ်သက်တာကြောင့် အလွတ်ကျက် မှတ်ထားခဲ့လိုက်ပါတယ် ။ ဦးသုန်နဲ့ကျနော်မတွေ့ဖြစ်တော့တဲ့ ဆယ့်ခြောက်နှစ်လောက်အချိန်ကာလမှာ ဦးသုန်အနေနဲ့ သူရေးခဲ့တဲ့ ကဗျာ ကို သူပြန်မှတ်မိ မမှတ်မိ မသေချာပေမဲ့ ကျနော်ကတော့ တိုက်ပွဲဝင်ဆရာတော်ကိုအမြဲအမှတ်ရနေခဲ့သလို သူ့ကဗျာစာသားတွေကိုလည်း တစ်လုံးမလွဲ မှတ်မိနေခဲ့ပါတယ် ။

ကဗျာသမား ၊ စာသမား ရဲဘော်ကြီးတွေနဲ့အတူနေရလို့ ထောင်ထဲရောက်မှ ကဗျာဝါသနာပါဖြစ်ခဲ့တဲ့ကျနော်က ထောင်ထဲကရဲဘော်တွေ ရေးတဲ့ ကဗျာတွေအများကြီးကို ကျက်မှတ်ဖြစ်ခဲ့ပါတယ် ၊ အဲဒီကဗျာတွေထဲမှာ လက်တွေ့နိုင်ငံရေးအခြေအနေနဲ့ မကြာခနလိုနှိုင်းယှဉ်ခံ စားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အားပေးဖြစ်တဲ့ကဗျာတစ်ပုဒ်ကတော့ ဦးတင်အေးကြူ(ကိုမှိုင်း)ရဲ့ “ ခရီးရှည် ” ဆိုတဲ့ ကဗျာပဲဖြစ်ပါတယ် ။

“ ခရီးရှည် ”

တောင်ဆိတ်တွေလို
ဒါဏ်ရာကိုလျှာနဲ့လျက်
ပြီးတော့ ခရီးဆက်..။
                         ဦးတင်အေးကြူ(ကိုမှိုင်း)

ဒီကဗျာနှစ်ပုဒ်ကိုပြန်ပြောပြနေရတဲ့အကြောင်းက ကျနော်ပေးထားတဲ့ခေါင်းစဉ် ၊ ကျနော်ပြောချင်တဲ့အကြောင်းအရာနဲ့ တိုက်ဆိုင်နေလို့
ဖြစ်ပါတယ် ။ ၀ိုးတ၀ါးရာသီ နဲ့ ခရီးရှည် ဆိုတဲ့အသုံးအနှုန်းအတွက် မူရင်းစကားလုံးပိုင်ရှင်တွေရှိတယ်ဆိုတာ ကြိုတင်ဝန်ခံထားတာ
လည်းဖြစ်ပါတယ် ။

လတ်တလော နိုင်ငံရေးအခင်းအကျင်း သို့မဟုတ် “၀ိုးတ၀ါးရာသီ”

၂၀၁၁ ခုနှစ်ထဲမှာ စစ်အုပ်စုရော ၊ ဒေါ်အောင်ဆန်းစုကြည်ရောဟာ အများစုတွေးထင်မထားတဲ့နိုင်ငံရေးကစားကွက်တွေကို ပြုလုပ်ခဲ့ကြပါ တယ် ။ အဓိကကတော့ စစ်အုပ်စုပါ ၊ ဒေါ်စုက စစ်အုပ်စုဖန်တီးထားတဲ့အခင်းအကျင်းထဲကို သူတို့ဖြစ်စေချင်တဲ့အတိုင်း (သိသိနဲ့) ၀င် ကစားပေးခဲ့ရသလိုမျိုးသာဖြစ်ပါတယ် ။

စစ်တုရင်အသုံးအနှုန်းနဲ့ပြောရရင် စစ်အုပ်စုဟာ သူတို့ကစားကွက်သစ်ရဲ့Opening ကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလကနေ စ တင်ခဲ့တာဖြစ်ပါတယ် ။ စစ်ဗိုလ်ချုပ်ကြီးတွေအရပ်ဝတ်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့မဲဆွယ်တာ ၊ စိတ်တိုင်းကျတဘက်သတ်လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ကြမဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်တာ ၊ ရွေးကောက်ပွဲရလာဒ်စိတ်တိုင်း ကျသွားတဲ့အချိန်မှာ အများပြည်သူမလိုမုန်းတီးနေတဲ့ သန်းရွှေနဲ့မောင်အေးလို အာဏာရှင်ကြီးတွေအနားယူပြလိုက်တာ ၊ ပွဲဆူလာတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကို ရပ်ထားမယ်ဆိုပြီး ကမ္ဘာသိကြေငြာလိုက်တာ ၊ ပြည်ပရောက်နေတဲ့ မြန်မာပြည်သားတွေကို ပြစ်မှုကျူးလွန်ထားတာမရှိရင် အရေးမယူပါဘူး ၊ ပြန်လာကြပါလို့ဖိတ်ခေါ်ပြတာ ၊ နအဖ နာမည်ခံခေတ်က ဆက်ဆံရေးဝန်ကြီးအဖြစ် သတ်မှတ်ခဲ့တဲ့ ဦးအောင်ကြည်အပါအ၀င် ၊ သမ္မတသစ်ရာထူးနဲ့သရုပ်ဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ကိုယ်တိုင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေပါပြီဆိုပြီး ဟန်ပြတာတွေဟာ ၂၀၀၈ဖွဲ့စည်းပုံခိုင်မြဲဖို့နဲ့ ဆက်ပြီးစစ်တပ်ကြီးစိုးခွင့်ရနေရေး တို့အတွက် ပုံသဏ္ဍာန်ပြောင်းလိုက်တဲ့ ကစားကွက်သစ်ရဲ့အစပိုင်းပဲဖြစ်ပါတယ် ။

စစ်အုပ်စုဘက်ကနေလူပြောင်းထိုင်လိုက်ပြီး ပွဲဟောင်းကြီးကိုပဲကစားကွက်ပြင်ရွှေ့လိုက်တာနဲ့ ပြိုင်ဘက်အတိုက်အခံဆိုသူတွေ ၀ိုးတ၀ါး ဖြစ်ကုန်ကြရပါတယ် ။ လူထုနဲ့အတိုက်အခံတွေဘက်ကနေမဏ္ဍိုင်ထားပြီး ရွှေ့ကွက်တွေကိုကိုင်ကစားခွင့်ရှိနေတဲ့ ဒေါ်စုနဲ့ NLD ပါတီကြီး ကလည်း စစ်အုပ်စုရဲ့ကစားကွက်ကိုချေဖျက်တဲ့နည်းနဲ့မကစားပဲ အလိုက်သင့်စီးမျောတဲ့နည်းနဲ့ပြန်ကစားလိုက်တော့ အားလုံးက “ဟာ” ကနဲဖြစ်သွားခဲ့ကြရပါတယ် ။ ၁၉၉၀ရွေးကောက်ပွဲနဲ့ရလာဒ် ၊ ရွှေရုံတိုင်ကြေငြာစာတမ်း ၊ ပြည်သူကိုဝန်ချတောင်းပန်ခဲ့တဲ့ NLD ပါတီရဲ့ ကြေငြာချက် ၊ ဒီပဲရင်းမှာ ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ကြရသူတွေကိစ္စ ၊ ဒုတိယပင်လုံညီလာခံ ၊ ပါတီကတရားဝင်ပြီးသား ၊ မှတ်ပုံပြန်တင်ဖို့မလို ဆိုတာတွေအားလုံးကို ရေငုံနှုတ်ပိတ်ပြီး ၂၀၀၈ကြံ့ဖွတ်ဖွဲ့စည်းပုံဥပဒေအောက်ခေါင်းလျှိုဝင် ပါတီပြန်မှတ်ပုံတင်ခဲ့တာ ၊ စစ်တပ်သြဇာ လွှမ်းနေဆဲလွှတ်တော်ထဲကိုဝင်ခွင့်ရဖို့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရအောင်ကြိုးစားတာတွေဟာ စစ်အုပ်စုကိုမလိုလားတဲ့သူအချင်းချင်း ကြားမှာတောင် အငြင်းပွားပဋိပက္ခဖြစ်ကြရတဲ့အထိေ၀၀ါးကုန်ကြရပါတယ် ။

ဒေါ်စုနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရတာတွေ ၊ တိုက်ပွဲဖေါ်ဆောင်တဲ့နည်းမဟုတ်ပဲ စစ်အုပ်စုရဲ့ပိုက်ကွန်ထဲကို တိုးဝင်တဲ့နည်းက မထိရောက်နိုင်ဘူး ၊ စစ်အုပ်စုကို ဘယ်လိုအခြေအနေမှာမှ မယုံကြည်သင့်ဘူးဆိုတာတွေ ကျနော်အပါအ၀င် ဆောင်းပါးရေးသူတချို့က ပုံစံအမျိုးမျိုးနဲ့ ရေးသားထောက်ပြခဲ့ကြပါတယ် ။ အဲဒီမှာ ဒေါ်စုဘာလုပ်လုပ်မှန်တယ်ဆိုသူတွေနဲ့ အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ် ။ ဒေါ်စုရဲ့ ပြောင်းလည်းမှုအပေါ် အမှန်အမှားငြင်းခုန်ကြရင်း ပြဿနာရဲ့အရင်းခံဖြစ်တဲ့ စစ်အုပ်စုရဲ့ကောက်ကျစ်မှု ၊ သွေးခွဲမှုဆိုတာတွေ ပျောက်ကွယ်ဝေ ၀ါးခဲ့ကြရပါတယ် ။ လူထုတိုက်ပွဲနည်းနဲ့ကလည်းမဖြစ်နိုင် ၊ လက်နက်ကိုင်တော်လှန်ရေးကလည်းအားရစရာမရှိဆိုတဲ့ အခြေအနေမို့ ဒေါ်စုက လိုက်လျောညီထွေအဖြစ်ဆုံးနည်းလမ်းကိုရွေးလိုက်ရတာနေမှာပဲပြောပြော ၊ ခေါင်းဝင်ကိုယ်ဆံ့သီအိုရီနဲ့ တွေ့တဲ့ အပေါက်ကျဉ်းကျဉ်းလေးကနေ ရသလောက်တိုးဝင်ကြည့်နေတာနေမှာပါလို့ပဲခန့်မှန်းခန့်မှန်း ၊ သူ့နာမည် ၊ သူ့ဂုဏ်သိက္ခာ ၊ သူ့သမိုင်း အားလုံးကိုပုံအောပြီး ရဲရဲဝံ့ဝံ့လောင်းကြေးထပ်လိုက်တာနေမှာလို့ပဲယူဆယူဆ စစ်အုပ်စုလိုချင်တဲ့ကစားကွက်ပုံစံထဲမှာပဲရှိနေတယ် ဆို တာတော့ အမှန်ပါပဲ ။

ကျနော်ပြောတာသေချာစဉ်းစားကြည့်ကြပါ ။ နှစ်ပေါင်းများစွာကြာအောင် မကောင်းမှုမျိုးစုံလုပ် ၊ အပျိုအအိုမရွေး မုဒိန်းကျင့် ၊ ရဟန်းသံ
ဃာမချန်သတ်ဖြတ်ခဲ့တဲ့လူယုတ်မာတွေကို နောင်တရပြုပြင်ပြီးသူတော်စင်တွေပဲဖြစ်သွားသယောင်ထင်ကြတာမျိုး ကောက်ကာငင်ကာ ဖြစ်လာတယ် ။ စစ်ခွေးလို့ခေါ်နေကြတာကနေ  သမ္မတကြီး ၊ သမ္မတကြီးနဲ့ဖြစ်တဲ့သူတွေဖြစ်လာတယ် ။ စစ်အာဏာရူးတွေဆိုတဲ့ အခေါ် အဝေါ်နေရာမှာ အစိုးရသစ်လို့ဖြစ်လာတယ် ၊ အပြုသဘောဆောင်လာတဲ့ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်တွေကို ကြိုဆိုတယ်လို့ နိုင်ငံ တကာ အသိုင်းအ၀ိုင်းဝင်ဆံ့တဲ့အခြေအနေမျိုး ပြန်ဖြစ်လာတယ် ၊ စစ်ရာဇ၀တ်မှုအမျိုးမျိုးကျူးလွန်ထားတဲ့သူတွေအပေါ် ဒါဏ်ခတ်အရေး ယူမှုပြုထားတာတွေ ရုတ်သိမ်းပေးတော့မဲ့အခြေအနေတွေဖြစ်လာတယ် ၊ စစ်အုပ်စုအနေနဲ့ အဲဒီလိုအမြတ်တွေ အများကြီးရသွားခဲ့တယ်။
စစ်အုပ်စုဟာ ဗမာပြည်နိုင်ငံရေးကျားကွက်ပေါ်က အရှိတရားကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်လို့ဆိုရမှာပါ ။ အဓိကအားကိုးအား ထားပြုရပ်တည်နေရတဲ့ စစ်တပ်ထဲက အောက်ခြေအဆင့် တပ်သားကနေ ဗိုလ်ချုပ်ကြီးတွေအထိအခြေအနေ ၊ ရဲလို ပြည်ထဲရေးဌာနအပါ အ၀င် ၀န်ကြီးဌာနအသီးသီးမှာရှိနေတဲ့ ၀န်ထမ်းတွေရဲ့အခြေအနေ ၊ ပြည်သူတွေရဲ့အခြေအနေ ၊ ဖမ်းဆီးထမ်းသိမ်းထားရတဲ့ နိုင်ငံရေး သမားတွေရဲ့အခြေအနေ ၊ ဒေါ်စုနဲ့ပြည်တွင်းပြည်ပအတိုက်အခံတွေရဲ့အခြေအနေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အခြေအနေ ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့သဘောထား ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထား ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ဖိအားဆိုတာ တွေကို သူ့ဘက်ကိုယ့်ဘက်ကစားရုပ်တစ်ရုပ်ခြင်းရဲ့တည်ရှိမှုကိုချစဉ်းစားသလိုမျိုး အသေအချာတွက်စစ်ပြီးမှ Middle Game လို့ ခေါ် တဲ့ ပွဲအလယ်ပိုင်းရွှေ့ကွက်တွေကို စီစဉ်ခဲ့တာဖြစ်ပါတယ် ။

ပထမအဆင့်အနေနဲ့ မီဒီယာထိမ်းချုပ်မှုတွေ ဖယ်ရှားပေးလိုက်တယ် ၊ ကိုဇာကနာနဲ့နိုင်ငံရေးသမားတချို့ကို လွှတ်ပေးလိုက်တယ် ၊ လွတ်လပ်ခြင်းအနုပညာပြောပြော ၊ ရုပ်ရှင်ပွဲတော်ပြောပြော ၊ အနုပညာနဲ့ဘယ်လိုဆော်ပလော်တီးတီး ခွင့်ပြုထားလိုက်တယ် ၊ လမ်းပေါ် ထွက်ဆန္ဒပြဖို့လူစုတာမဟုတ်ရင်ပြီးရော ဒေါ်စုဘာလုပ်မလဲ ၊ လွှတ်ပေးထားလိုက်တယ် (ပါတီမှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ မှာဝင်အရွေးခံမယ်ဆိုကထဲက သူတို့လိုချင်တဲ့ရွှေ့ကွက်ကို ဒေါ်စုကရွှေ့ပေးလိုက်ပြီကိုး) ၊ အိတ်ပေါက်ထဲကနေပြန်ထွက်ကျသွားတဲ့ DKBA ကို ပြန်ဆွဲစိတယ် ၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဆိုတာနဲ့ ပြည်ပအတိုက်အခံတွေကြားထဲ လိုက်မွှေတယ် ၊ KNU ကို အဓိက ခေါင်းတည်ပြီး အပစ်ရပ်ဖို့ ကမ်းလှမ်းတယ် ၊ အဲဒီအချက်တွေအားလုံးကို တချက်ခြင်းတကွက်ခြင်းရွှေ့နေရင်း ကချင်နဲ့ကရင်နီဒေသတွေ မှာ စစ်ရေးအရထိုးစစ်ဆင်နေတာတွေကိုလည်း မရပ်မနားပဲဆက်လုပ်နေခဲ့တယ် ။

သူတို့အချင်းချင်းကြားမှာလည်း အခုလိုရွှေ့ကွက်တွေဟာ အရင်းအနှီးများလွန်းသွားမလား ၊ သိပ်ပြီး (Sacrifice) လုပ်ရာ ၊ စွန့်စားလွန်း ရာများကျနေမလားဆိုတာမျိုး အငြင်းပွားနေခဲ့ကြပုံရတယ်လို့ယူဆရပါတယ် ၊ ပျော့ပြောင်းတော့မယောင် သမ္မတအမည်ခံပုဂ္ဂိုလ်က ယုံ ကြည်ချက်ကြောင့်အကျဉ်းကျနေသူတွေကို လွှတ်ပေးမှာပါပြောလိုက် ၊ ဥပဒေအရအရေးယူထားသူတွေပဲ ရှိပါတယ်လို့ပြောလိုက် အမျိုး မျိုး ဗလောင်းဗလဲပြောခဲ့တာတွေ ၊ အချိန်တိုတိုအတွင်း လွတ်ငြိမ်းချမ်းသာခွင့်အကြိမ်ကြိမ်ပေးတဲ့နိုင်ငံလို့ ကမ္မည်းတင်ရလောက်အောင် အခေါက်ခေါက်လုပ်နေတာတွေ ၊ ကာလုံအဖွဲ့က တိုင်းပြည်တည်ငြိမ်ရေးစိတ်မချရသေးဘူးတားလို့ ကြေငြာကာနီးမှပြန်ရုပ်သိမ်းထားရ ပါတယ်ဆိုတာတွေဟာ သိန်းစိန်ကိုပဲ ဒေါ်စုကိုယှဉ်ပြိုင်ဖို့ နာမည်ကောင်းတခုရအောင် တမင်လုပ်နေတာလား ၊ ချီတုန်ချတုန်တကယ်ပဲ ဖြစ်နေကြတာလားဆိုတာ စဉ်းစားစရာပါ ။

၂၀၁၂နှစ်ဦးမှာ လျှော့ပေါ့သက်သာခွင့်ဆိုတဲ့အမိန့်ထုတ်ပြန်ပြီးလို့ ဆယ်ရက်ဆိုတဲ့အချိန် ၊ ကိုမင်းကိုနိုင်တို့ကိုလွှတ်မပေးလို့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေ စတင်လာတဲ့အချိန် ၊ တော်လှန်ရေးအဖွဲ့ကြီးအဖြစ် ၆၃နှစ်ကာလ ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ KNU နဲ့ အပစ်ရပ်ရေးစာချုပ်တွေချုပ်ပြီးတဲ့အချိန် ၊ စစ်အုပ်စုနိုင်ငံရေးကစားခဲ့သမျှထဲမှာ ရွှေ့ကွက်အလှဆုံးနဲ့အစွန့်စားဆုံးဖြစ်နိုင်တယ်လို့ မှတ်တမ်းတင်ရမဲ့ ကစားကွက်လို့ပဲပြောရမလား ၊ Middle Game ကနေ ကစားကွက်အသာနဲ့ End Game ကိုကူးပြောင်းတော့မယ်လို့ ပိုင် ပိုင်နိုင်နိုင်ပဲတွက်ဆုံးဖြတ်ခဲ့လေသလား ၊ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအပါအ၀င် ထင်ရှားတဲ့နိုင်ငံရေးသမား အများစုကို ထောင်ကလွှတ်ပေးလိုက်ပါတော့တယ် ။ တကွက်ချန်ထားသေးတာကတော့ သူတို့ကိုနည်းလမ်းမျိုးစုံနဲ့ ထိထိရောက်ရောက် တိုက်ပွဲဝင်ခဲ့လို့ နိုင်ငံတော်ပုန်ကန်မှု ၊ တရားမ၀င်အသင်းအဖွဲ့မှာပါဝင်မှု ၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု ၊ ဖေါက်ခွဲရေးပြုလုပ်မှု ၊ လူသတ်မှု စတဲ့ပုဒ်မတွေအမျိုးမျိုးတပ်ဖမ်းဆီးထားတဲ့ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆက်နွယ်ရာပုဂ္ဂိုလ်တွေ လွှတ်ပေးတဲ့အထဲမှာ မပါသေးတာပဲဖြစ်ပါတယ် ။

 “ သမ္မတကြီးဦးသိန်းစိန် တကယ်ငြိမ်းချမ်းရေးလိုလားပါပြီ ၊ အစိုးရကောင်းတရပ်ဖြစ်ဖို့ တကယ်ကြိုးစားနေ တာသေချာလောက်ပါပြီ ” လို့ ထင်သူတွေထင်ကြတယ် ။ “ တွေ့လား ဒေါ်စုရဲ့အရင်းအနှီးက အလကားမဟုတ်ပါဘူးကွ ၊ သူရဲ့တွေ့ဆုံဆွေးနွေးမှု ဘယ်လောက် အောင်မြင်လဲ တွေ့ပြီမဟုတ်လား” ။ “ မဟုတ်ဘူး ၊ KNU နဲ့ လက်နက်ကိုင်အင်အားစုတွေက အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ အချက်တွေ ထဲမှာ ပါနေလို့လွှတ်တာ” ။ “ တခုမှမဟုတ်ပါဘူးကွာ ၊ နိုင်ငံတကာက ဒါပဲအထပ်ထပ်တောင်းဆိုနေလို့ စီးပွားရေးပိတ်ဆို့မှုတွေရုတ်သွား အောင် လွှတ်ပေးလိုက်တာပါ” ။ ထင်ကြေးတွေအမျိုးမျိုး ကြားနေရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ ဘာကြောင့်ပဲဖြစ်ဖြစ်  မတရားအကျဉ်း ကျခံနေရတာကနေ ကိုယ့်ရဲဘော်တွေလွတ်မြောက်လာခဲ့တဲ့အတွက် အခြေအနေကောင်းတခုလို့ မှတ်ယူရမှာပါပဲ ။

တိုင်းပြည်အပြောင်းအလဲဖြစ်ပြီမဖြစ်သေးဘူးဆိုတာက ပြည်သူတွေရဲ့လက်တွေ့ဘ၀ကနေပဲတိုင်းတာနိုင်မယ်ဆိုတဲ့ ကျနော့ဆောင်းပါး တစ်ခုမှာ “ကိုမင်းကိုနိုင်တို့ကို လွှတ်ကောင်းလွှတ်နိုင်တယ် ၊ အရင်ကလည်းလွှတ်ပေးခဲ့ဘူးတာပါပဲ ၊ သူတို့အာဏာရှိနေသမျှ ဖမ်းချင်တဲ့ အချိန်ပြန်ဖမ်းနိုင်တာပဲဟာ ၊ သူတို့လွတ်ခြင်းမလွတ်ခြင်းက ကျနော်တို့လိုချင်တဲ့အခြေအနေတွေထဲက တခုမျှသာဖြစ်ပြီး သူတို့အဖမ်းမခံ ရခင်က တောင်းဆိုခဲ့ကြတဲ့အချက်တွေ ပြည်သူတွေခံစားရရှိနေပြီလား ၊ မရသေးရင်ဘာဆက်လုပ်ကြမလဲဆိုတာက အဓိကဖြစ်တယ်” ဆိုတာရေးခဲ့ဖူးပါတယ် ။ ခုလည်း ဒီအချက်ကိုပဲထပ်ပြောရမှာပါ ။

၂၀၁၁ခု ၊ နိုဝင်ဘာလထဲမှာ မိတ်ဆွေဒေါက်တာကြီးနဲ့ ဆွေးနွေးခွင့်ရတုန်းလေးခနက ဒေါက်တာကြီးသုံးသပ်ပြတာတွေ မှတ်မိနေပါသေး တယ် ၊ “ ကိုပေါ်ဦးတို့ကို လွှတ်ပေးလိမ့်မယ်လို့ ကျနော်ကတော့ထင်တယ်ဗျ ။ ပြီးမှ ပါတီထောင်ဖို့တို့ ၊ ရွေးကောက်ပွဲဝင်ဖို့တို့ကို ဒေါ်စု ကနေတဆင့်ပဲဖြစ်ဖြစ် စည်းရုံးသွားနိုင်တယ် ၊ ကိုပေါ်ဦးနဲ့ ၈၈မျိုးဆက်ကျောင်းသားတွေကတော့ ဒီကောင်တွေကြိုးဆွဲရာ မကလောက် ဘူး မျှော်လင့်ရတာပါပဲ ၊ ခက်တာက ခုအခြေအနေမှာ ဘယ်သူ့ဘယ်သူကိုမှ အရမ်းကြီးကြိုတွေးထားလို့မရနိုင်တာပါပဲ ၊ ကျနော်တို့ရဲ့ ဒေါ်စုတောင် ကြောက်စရာကောင်းလောက်အောင် ဂငယ်ကွေ့ ကွေ့ချလိုက်တာသာကြည့်တော့” တဲ့ ။

ဟုတ်ပါတယ် ၊ အခြေအနေက ၀ိုးတ၀ါးရာသီလိုဖြစ်နေတဲ့အတွက် ဘာကိုပဲဖြစ်ဖြစ် ကြိုတင်ခန့်မှန်းလို့မရနိုင်တော့ဘူးဆိုတာမျိုး ပြောရမ လိုဖြစ်နေပါပြီ ၊ စစ်အုပ်စုရဲ့အခြေအနေကို ခန့်မှန်းတွက်ချက်တဲ့နေရာမှာ အင်မတန်ထောင့်စေ့လေ့ရှိတဲ့ “ဗကပ” က နိုင်ငံရေးအကျဉ်း သားတွေလွတ်မြောက်ရေးကိစ္စနဲ့ပတ်သက်ပြီး မဖြစ်နိုင်ဘူးဆိုတာမျိုး သုံးသပ်ချက်ထွက်ပြီး ၅ ရက်မပြည့်ခင်မှာပဲ ကိုပေါ်ဦးတို့ကိုလွှတ် ပေးလိုက်တာကိုကြည့်ရင် ခန့်မှန်းရခက်မဲ့ ၀ိုးတ၀ါးရာသီဆိုတာ သိနိုင်ပါတယ် ၊ ဒါပေမဲ့ “ ဗကပ” ရဲ့ မမှားနိုင်တဲ့သုံးသပ်ချက်ကိုလည်း သတိပြုမိကြဖို့တော့လိုမယ်ထင်ပါတယ် ။ အဲဒါက “ နိုင်ငံရေးအကျဉ်းသားဆိုတာ အာဏာရှိသူက နိုင်ငံရေးအရပြန်ပေးဆွဲထားတာဖြစ် တယ် ၊ နိုင်ငံရေးစုဘူးဖြစ်တယ် ၊ လိုသလောက်ထုတ်သုံးမှာဖြစ်တယ် ၊ သူတို့တောင်းတဲ့ကြေးမပေးရင်လွှတ်မှာမဟုတ်ဘူး” ဆိုတာပဲဖြစ် ပါတယ် ။ စစ်အုပ်စုလိုချင်တဲ့ကြေး(အချက်အလက်တွေ) ရသွားလို့လွှတ်ပေးလိုက်တာပါ ။ ဘယ်သူတွေဆီက ရသွားခဲ့လဲ ၊ ဘာအချက် တွေရသွားလဲ ။ တကယ်လို့ အဲဒီအချက်တွေပြန်ဆုံးရှုံးမယ်ဆို ရင်ခုလွှတ်ပေးလိုက်တဲ့သူတွေကိုရော တခြားသူတွေကိုရော ပြန်ဖမ်းမဖမ်း ဆိုတာသတိထားစရာပါ ။ နောက်တချက်က စစ်အုပ်စုရဲ့ အခြေခံစရိုက်လက်ခဏာနဲ့ နောက်ကွယ်ကထောက်တိုင်တွေအကြောင်း ပြော ထားတဲ့အချက်ဖြစ်ပါတယ် ။ “တပ်ပြိုကွဲအောင်မလုပ်နဲ့ ၊ စစ်အာဏာရှင်စနစ်ယိမ်းယိုင်အောင် မလုပ်နဲ့ ၊ အာဏာပြိုင်မလုပ်နဲ့” လုပ်ရင် အောင်ကြီး ၊ ခင်ညွန့်တို့လိုဇတ်တူသားတောင်စားတာ ၊ မတတ်သာလို့ချစ်ဟန်ဆောင်နေသူရတွေလောက်ကိုတော့ ဆိုဖွယ်ရာမရှိပါဘူး ။

ဒီလိုအချက်တွေနဲ့ ၀ိုးတ၀ါးခြေအနေတွေကို ဒေါ်စုလည်း တွေးမိပုံရပါတယ် ။ စစ်ယူနီဖေါင်းဝတ်တွေနဲ့ ယူနီဖေါင်းချွတ်ထားတဲ့ စစ်ဗိုလ်ချုပ် ဟောင်းကြီးတွေကြားထဲ မြေခွေးတွေကြားရောက်နေတဲ့ယုန်သူငယ်လိုမျိုး လွှတ်တော်တက်ရမဲ့အခြေအနေမတိုင်ခင် ရွေးကောက်ခံကြရ မဲ့အခြေအနေကိုတောင် တွေးပူနေတဲ့သဘောရှိနေပါတယ် ။ ဒေါ်စုဝင်ပြိုင်ဖို့ ရန်ကုန်မြို့ပြင် မြစ်တဘက်ကမ်းက ကော့မူးမြို့နယ်ကိုရွေး ချယ်ထားတာကြည့်ပါ ။ ပြည်သူလူထုကိုပဲဖြစ်ဖြစ် ၊ အခြေအနေတွေကိုပဲဖြစ်ဖြစ် ယုံကြည်မှုရှိပါတယ်ဆိုရင် ဒေါ်စုအတွက်  နေရာတိုင်း ကိုယ့်မြို့ကိုယ့်ရွာပဲမှတ်တယ်ဖြစ်နေရမှာပါ ။( ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က အခြေအနေတွေကို သတိရနေမိပါတယ်ဗျာ ) ။

ဆိုတော့ … ကြားဖြတ်ရွေးကောက်ပွဲဆိုတာကျင်းပဖြစ် ၊ ဒေါ်စုနဲ့NLD ပါတီဝင်တွေ ကြံ့ဖွတ်လွှတ်တော်ကြီးထဲရောက် ၊ တရားဥပဒေစိုးမိုး ရေးကို အလေးထားမယ်ဆိုတဲ့ ဒေါ်စုနဲ့ နောက်ကွယ်ကထောက်တိုင်တွေရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးမဲ့ စစ်တပ်ကိုယ်စားလှယ် တွေ အာဏာပြိုင် ဆိုတာတွေဖြစ်လာမလား ။ ( သေချာတာတော့ ဒေါ်စုက နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင် ၊ ကျွန်မကိုနိုင်တဲ့ မယားနိုင်မင်းတော့ဖြစ်မှာဧကန်ပင်ဆိုတဲ့သီချင်းလို၂၀၀၈ ကြံ့ဖွတ်ဖွဲ့စည်းပုံအရ သမ္မတနဲ့ ဒုတိယသမ္မတနေရာတော့ ဘယ်တော့မှဖြစ် လာမှာမဟုတ်။ စစ်အုပ်စုကြိုတင်စီစဉ်ထားမဲ့ အလှူခံဝန်ကြီးတနေရာထက့် ပိုပြီးဖြစ်လာမယ်မထင်ပါ ) ။ လွတ်လာတဲ့ ကိုမင်းကိုနိုင်နဲ့ နိုင် ငံရေးအကျဉ်းသားဟောင်းတွေကရော ဘာတွေဆက်လုပ်ကြမှာလဲ ၊ အများပြည်သူမျှော်လင့်ကြိုဆိုနေတဲ့အတိုင်း ပြည်သူရှေ့ကနေ ဦး ဆောင်တိုက်ပွဲဝင်ပေမဲ့သူတွေအဖြစ် ဆက်ရပ်တည်နိုင်ကြပါဦးမလား ။ တိုင်းပြည်ချောက်ထဲကျတော့မဲ့အခြေအနေတွေပြန်ဖြစ်လာလို့ လက်နှစ်လုံးအလိုမှာ ကယ်တင်လိုက်ရပြန်ပါပြီဆိုပြီး စစ်တပ်ကအာဏာသိမ်းပြန်တာမျိုး ၊ လူတွေပြန်ဖမ်းတာမျိုးတွေ ကြုံရဦးမလား ။ ဘယ်သူမှ အတတ်ပြောနိုင်မှာမဟုတ်ပဲ ငြင်းခုန်နေကြရဦးမဲ့ ၀ိုးတ၀ါးရာသီမျိုးပေါ့ ။

ခရီးရှည်….သို့မဟုတ် ဆက်ရှိနေဦးမှာဖြစ်တဲ့တော်လှန်ရေး ။

KNU တစ်ဖွဲ့လုံးနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးလိုက်ကြပြီ ၊ ABSDF ကိုတောင် အပစ်ရပ်ရေးဆွေးနွေးဖို့ ကမ်းလှမ်းလာပြီ ၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်လာကြပြီ..စသည်ဖြင့် သတင်းတွေဆူညံပွက်လောရိုက်ပြီး ကြားရသူတိုင်း ပျော်ရွှင်နေတဲ့အချိန်မှာ ကျနော်က
 (ထူးထူးခြားခြားကို) စိတ်မကောင်းဖြစ်နေမိပါတယ် ။ စစ်အုပ်စုစိတ်တိုင်းကျ ကစားကွက်ခင်းနေတဲ့အခြေအနေ ၊ ထောင်တွေထဲမှာ ကျန် နေသေးတဲ့ ရဲဘော်တွေ ၊ KNU က အပစ်ရပ်လိုက်တော့ ကချင်တွေတော့ ဖိတိုက်ခံရတော့မှာပဲဆိုတဲ့အတွေး ၊ မနည်း မာန်တင်းရပ်တည် နေရတဲ့ ကျောင်းသားတပ်မတော်အပေါ် အနည်းနဲ့အများဆိုသလိုရှိလာမဲ့ သက်ရောက်မှုတွေ စသည်ဖြင့်ပေါ့လေ ….. ထောင်ထဲမှာ တစ် ယောက်ထဲ တိုက်ပိတ်ခံထားရတဲ့ရက်တွေတုန်းကတောင် အဲဒီနေ့လောက်တခါမှထိုင်မတွေးဖြစ်ခဲ့ဖူးပါဘူး ။

အဓိကကတော့ မလွတ်ပဲကျန်နေခဲ့တဲ့ ရဲဘော်ရဲဘက်တွေနဲ့ သူတို့မိသားစုတွေအတွက် ကိုယ်ချင်းစာမိတဲ့ခံစားမှုပါ ။ ယုံကြည်ရာကိုလုပ် ခဲ့ကြလို့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မတရားဖမ်းဆီးထောင်ချခံကြရသူချင်းအတူတူ လွတ်သူတွေကလွတ်သွားကြတော့ ကျန်နေခဲ့သူတွေ ဘယ် လိုခံစားနေကြရမယ်ဆိုတာ တွေးကြည့်နေမိပါတယ် ။ စိတ်မာတဲ့သူတွေ ဖြစ်ကြမယ်ဆိုတာယုံကြည်ပေမဲ့လို့ ဘာပဲဖြစ်ဖြစ် ပုထုဇဉ်တွေပဲ ဆိုတော့ စိတ်မကောင်းဖြစ်နေကြမှာတော့အမှန်ပါပဲ ။ ၆၅ နှစ်ကျော်ထောင်ကျတဲ့သူတွေတောင်လွတ်တာ ၊ ငါမောင် ၊ ငါ့သား ၊ င့ါယောက် ကျားလည်းလွတ်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ထောင်ပေါက်ဝနားသွားစောင့်နေပြီး နေကုန်လို့ပါမလာတော့တဲ့အချိန်မှာ စိတ်ထိခိုက်ပြန် ကြရတဲ့ မိသားစုဝင်တွေရဲ့ခံစားမှုကရော ဘယ်လောက်များကြေကွဲထိရှနေကြလေမလဲပေါ့ ။ “တခြားသတင်းသမားတွေလို လွတ်လာတဲ့ သူတွေနောက်လျှောက်လိုက်ပြီး အင်တာဗျူးတွေလုပ်မဲ့အစား မလွတ်ပဲကျန်နေခဲ့သူတွေရဲ့မိသားစုတွေဆီသွားပြီး သူတို့ကိုဗျူး ၊ သူတို့ ခံစားမှုတွေအကျယ်တ၀င့်ဖေါ်ပြတာမျိုး လုပ်သင့်တယ်” လို့ ရင်းနှီးတဲ့သတင်းသမားတယောက်ဆီကိုတောင် ဖုန်းလှမ်းဆက်မိပါတယ် ။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မပေးပဲ ကြေငြာချက်တွေအကြိမ်ကြိမ်အမျိုးမျိုးထုတ်ပြီး အလီလီခွဲလွှတ်ပေးနေတာ ဘာကြောင့်လဲ ။ တစ်နိုင်ငံလုံးအပစ်ရပ်ရေးဆွေးနွေးပွဲကြေငြာရမဲ့အစား လူမျိုးတစ်မျိုးချင်း ၊ တဖွဲ့ချင်းကိုပဲလိုက်ဆွေးနွေးပြီး ထိုးစစ်ဆင်တဲ့နေရာတွေမှာ ဆင်နေတာကရော ဘယ်လိုရည်ရွယ်ချက်တွေနဲ့လုပ်နေတာလဲ ။ ရိုးသားချင်ယောင်ဆောင်နေတဲ့ မြေခွေးငစဉ်းလဲရဲ့လုပ်ဆောင်ချက်တွေ ဆိုတာ သတိမပေါ့လျော့ကြစေချင်ပါဘူး ။

အဲဒီတော့ ဘယ်လိုပဲဝိုးတ၀ါးရာသီချိန်မျိုးဆိုပေမဲ့လို့ မောင်ချင့်ချိန်ပြောနိုင်တာတခုတော့ရှိပါတယ် ။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားစင်စစ် ဧကန်ဖြစ်မဲ့အကြောင်း သုဓ္ဒောဓနမင်းကြီးရှေ့မှာ ကွဏ်းတင်္ညက လက်ညှိုးတစ်ချောင်းထဲထောင်ပြီးဟောခဲ့သလို မောင်ချင့်ချိန်ကလည်း ညာဘက်လက်သီးဆုတ်ကိုလေထဲဆန့်တန်းမြှောက်ပြီး ပြောလိုက်ပါ့မယ် ၊ “ ကျနော်တို့ တော်လှန်ရေး မပြီးသေးပါဘူး ၊ ဆက်တိုက်ကြရ ဦးမှာပါ” လို့ ။

သေချာပါတယ် .. ။ စစ်အုပ်စုမှာအခြေခံရိုးသားမှုမရှိတဲ့အတွက် တိုင်းရင်းသားတွေနဲ့အပစ်ရပ်လည်း ခနပဲဖြစ်မှာပါ ။ ပြည်တွင်းမှာ ဥပဒေ တွင်းတိုက်ပွဲထဲရပ်မယ်ဆိုတဲ့သူတွေအတွက် လုပ်ပိုင်ခွင့်ကလည်း အကန့်အသတ်တွေနဲ့ ပြန်ဖြစ်လာမှာပါ ။ စစ်အုပ်စုရဲ့ End Game ကစားကွက်တွေဟာ ၁၉၇၄ ဖွဲ့စည်းပုံခိုင်သွားတဲ့အချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံပြီး စစ်တပ်ကြီးစိုးရေးလုပ်ခဲ့ သလို ရွှေ့ကွက်တွေဖြစ်လာတော့မှာပါ ။ ၁၉၈၈ ခုနှစ်ကျမှ လူထုအရေးတော်ပုံကြီးဖြစ်လာပြီး မဆလကိုဖြုတ်ချနိုင်တာမျိုး ဖြတ်သန်းကြရ ဦးမဲ့အချိန်ကာလကို ခန့်မှန်းနိုင်ဖို့ခက်မှာဖြစ်တဲ့အတွက် ခရီးအရှည်ကြီးချီတက်ကြရတော့မယ်လို့ပဲ ဆိုရမှာပါ ။

ရေရှည်မြှုတ်နှံ ၊ အခွင့်အခါကောင်းကိုစောင့်ဆိုတဲ့ ဗကပရဲ့ UG သီအိုရီကို ကျင့်သုံးကြဖို့လိုတယ်လို့ ကျတော်ထင်ပါတယ် ။ ကျနော်တို့ ယုံကြည်ချက်တွေ ယိုင်လဲမသွားဖို့လိုပါတယ် ။ ပြည်သူတွေကို နှစ်ပေါင်းများစွာအနိုင်ကျင့်နှိပ်စက်မှုမျိုးစုံကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ် ကောင်တွေနဲ့ သမားယိုးကျစစ်ပြေငြိမ်းသွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး ။ ကျနော်တို့ ဆက်တိုက်ကြရဦးမှာပါ ။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်အချိန်မှာတိုက်ကြမလဲ ။ ဘယ်သူတွေက ရန်သူနဲ့အကြွင်းမဲ့ပူးပေါင်းသွားပြီး ရန်သူလေးတွေပြန်ဖြစ်လာမလဲ ။ ဘယ်သူတွေက ရန် သူ့ရဲ့ရန်သူဟာမိတ်ဆွေဖြစ်တယ်ဆိုတဲ့အတိုင်း ပူးပေါင်းတိုက်ပွဲဝင်လာကြမလဲဆိုတာ ဖြတ်သန်းကြရဦးမဲ့ ခရီးရှည်အပေါ်ကနေ စောင့် ကြည့်ဆုံးဖြတ်ကြရတော့မှာပဲ ဖြစ်ပါတယ် ။

အရာရာပေးဆပ်ခဲ့ပြီးဖြစ်သော ရဲဘော်များပြည်သူများအတွက်  မည်သည့်အခြေအနေကမှ ပြေငြိမ်းကျေအေးအောင်မစွမ်းဆောင်နိုင်ပါ ။

မောင်ချင့်ချိန

No comments:

Post a Comment