Wednesday, January 18, 2012

ရခိုင်ပြည်-ဘင်္ဂလာ လတ်တလော အခြေအနေတချို့


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ (၁၈)ရက်၊ ၂၀၁၂။


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ http://www.coxsbazarnews.com က မြန်မာနိုင်ငံသားဟု ထုတ်ဖေါ်ရေးသားကာ အမျိုးသမီးအပါအ၀င် (၆)ဦး ဘင်္ဂလာနယ်စပ်တွင် နယ်မြေကျူးကျော်ဝင်ရောက်လာမှုဖြင့် BGB မှ ယမန်နေ့က တာခ်နာမြို့နယ်အတွင်းက ဖမ်းဆီးရမိပြီး တရားမ၀င် နေရပ်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဖေါ်ပြချက်အရ သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်ရင်းအမှတ်(၄၂)ထံတွင် ဖမ်းဆီးပို့ခံရသော အဆိုပါ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင် (၆)ဦးမှာ မြန်မာ-ဘင်္ဂလာ နယ်စပ်မှတ်တိုင် (၃)အနီးမှ နေ့လည်ပိုင်း (၁၂)နာရီခန့်တွင် ဖြတ်ကျော်ပြီး ကျူးကျော်လာခြင်းဖြစ်ကြောင်း BGB တပ်ဖွဲ့က ထုတ်ဖေါ်ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသည့် တာခ်နာမြို့မှ ကီလိုမီတာ (၂၀)ခန့်ဝေးကွာသော နီလာမြို့နယ် မြန်မာ- ဘင်္ဂလာ နယ်စပ်မှတ်တိုင် (၃)နယ်မြေရှိ BGB လုံခြုံရေးဂိတ် တာဝန်ကျအရာရှိ မူဇိဘူရေရ် အဖွဲ့မှ ဖမ်းဆီးရခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့မှ ညနေဘက် (၃)နာရီတွင် မြစ်နားရွာ-ရခိုင်ရွာ (စိုဒိုးရီပါရာ)မှ မြန်မာဘက်သို့ တရားမ၀င် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် အခြေစိုက် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဘင်္ဂလာမှ ဖမ်းဆီးပြီး အတင်းအဓမ္မ ပို့ဆောင်ခြင်းခံရသည့် မူဆလင်ဘာသာဝင်များကို မည်သည့်ခါမှ စစ်ဆေးမှုများ မပြုလုပ်သည့်အပြင် လာဒ်ငွေများယူဆောင်ပြီး ခေါ်သွင်း လေ့ရှိကြောင်း နယ်စပ်တွင် မျက်မြင်သက်သေများက ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသို့ ပို့ဆောင်ခံရသူများမှာ နရုရ် ဘော်ဆိရ် (၅၀)နှစ်၊ အာဘူလ်ဟာဆေမ် (၄၀)၊ မိုဟာမတ် ယူနူစ် (၂၅)၊ ဟာမိဒါ ခါတူန် (၃၅)၊ ရော်ဆိဒူလ် အာမိန်(၁၃)နှင့် ဟာဆိနာ ဘေဂင်(၁၅)နှစ်တို့ဖြစ်ကြောင်း တာခ်နာမြို့နယ် သတင်းထောက် မိုဟာမတ် ဆိုလ္လာအူဒိန် က coxsbazarnews သို့ သတင်းပေးပို့ထားကြောင်း တွေ့ရှိရသည်။  

တာခ်နာမြို့နယ်ရှိ BGB လုံခြုံရေးတပ်ဖွဲ့များမှာ BGB အမှတ်(၄၂)တပ်ရင်းမှ တပ်ဖွဲ့များဖြစ်ပြီး အဆိုပါတပ်ရင်း၏ စစ်ဆင်ရေး အရာရှိမှာ ဗိုလ်မှူး မိုဟာမတ် အာရိဖူလ် အိဆ်လာမ် ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာ အာဏာပိုင်များ အနေဖြင့် အဆိုပါ မူဆလင်ဘာသာဝင်များအား ယခင်ဖမ်းဆီးပြီး မြန်မာဒုက္ခသည်စခန်းများနှင့် နီးစပ်ရာ ထောင်သို့ ပို့ဆောင်စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်ခန့်မှစတင်ကာ ကျူးကျော်လာရောက်သည်ဟု ယူဆသူများကို ဖမ်းဆီးပြီး ပြန်လည်၍ အတင်းအဓမ္မပို့ဆောင်နေခြင်းဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်မှ ကီလိုမီတာ (၃၀)ကျော်ခန့် ဝေးကွာသော အိုခီးယားမြို့နယ်ရှိ တရားဝင် ကိုတိုးပါလောင် မြန်မာဒုက္ခသည် စခန်းနှင့် အဆိုပါ စခန်းမှ ကီလိုမီတာ (၃၀)ကျော်ခန့် ဝေးကွာသော နော်ယာပါရာ မြန်မာဒုက္ခသည် စခန်းနှင့် အဆိုပါ စခန်းနှစ်ခုအကြား တရားမ၀င် လေဒါမြန်မာဒုက္ခသည်စခန်း သုံးခုတွင် စုစုပေါင်း တရားမ၀င်၊ တရားဝင် မြန်မာဒုက္ခသည်ပေါင်း (၃) သိန်းခန့်အထိ တိုးမြင့်လာကြောင်း စုံစမ်းသိရှိရသည်။

ဘင်္ဂလာအာဏာပိုင်များနှင့် ကော့စ်ဘဇားမြို့ အခြေစိုက် UNHCRတို့ပူးပေါင်းပြီး အဆိုပါ ဒုက္ခသည်စခန်းမှ မူဆလင်ဘာသာဝင်များအပြင် ဘင်္ဂလာတွင် ပြန့်ကြဲနေထိုင်သူ စုစုပေါင်း စာရင်းကိုပြုစုချက်အရ (၅)သိန်းကျော်တွေ့ရှိရကြောင်း စုံစမ်းမေးမြန်း သိရှိရသည်။

မြန်မာအစိုးရအနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ အဆိုပါမူဆလင်ဘာသာဝင်များကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ငြင်းဆိုလျှက်ရှိသည်။



No comments:

Post a Comment