Sunday, January 1, 2012

ရခိုင်ပြည်အမျိုးသားတပ်မတော် (ANA) ဗဟိုဋ္ဌာနချုပ်ရုံး စတင်ဖွင့်လှစ်


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ (၁)ရက်၊ ၂၀၁၂၊ ရခိုင်စံတော်ချိန် ညနေ (၁၁)နာရီ။
                                  
ရခိုင်ပြည်အမျိုးသားတပ်မတော် (ANA) ဗဟိုဋ္ဌာနချုပ်ရုံး စတင်ဖွင့်လှစ်

ရခိုင်ပြည်အမျိုးသားတပ်မတော် (Arakan National Army – ANA) ဗဟိုဋ္ဌာနချုပ်ရုံးကို ယနေ့ကျရောက်သော ရခိုင်ပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ရခိုင်-ဘင်္ဂလာ-အိန္ဒိယ နယ်စပ် တနေရာတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း ANA စစ်ဦးစီးချုပ် ခိုင်ပေါ်လင်းက ဂစ္ဆပသို့ပြောသည်။

၎င်းက “ANA ဗဟိုဋ္ဌာနချုပ်ရုံးကို ဖွင့်ရတာဟာ ဒီကနေ့ကျရောက်တဲ့ ရခိုင်ပြည်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စတင်ဖွင့်လှစ်ရတာပါ၊ ANA ဗဟိုဋ္ဌာနချုပ်တပ်၊ အခုလိုရုံးနဲ့ ဒေသန္တရစုဆောင်းရေး တပ်ဖွဲ့နေရာတွေကို ရခိုင်ပြည်၊ ရခိုင်လူထုနဲ့ အနီးစပ်ဆုံး နေရာတွေမှာဖွင့်လှစ်ဖို့ ကြိုးစားနေတာ ကြာပါပြီ၊ အခုလည်း အခက်အခဲပေါင်းများစွာထဲက ဖွင့်လှစ်ရတာဖြစ်လို့ လုံခြုံရေးတွေကို အထူးသတိချပ်နေရပါတယ်၊ ANA တပ်က စစ်မှန်ပြီး အမှန်တကယ် စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်ဖို့ လိုလားတဲ့ ပုဂ္ဂိုလ်တွေကို အလေးအနက် ကြိုဆိုလက်ခံနေပါတယ်။”ဟု ANAဗဟိုရုံးဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အကျဉ်းကို ရှင်းပြသည်။  

ANA စစ်ဦးစီးချုပ် ခိုင်ပေါ်လင်းသည် မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့၌ ၂၀၀၉ ခုနှစ်တွင် ကျင်းပသည့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ဒုတိယအကြိမ်မြောက် ညီလာခံမှ ဒုစစ်ဦးစီးချုပ် တာဝန်ပေးခံရပြီး၊ တပ်ဖေါ်ထုတ်ရေးကို တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့ရာမှ လွန်ခဲ့သော ၂၀၁၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှ စစ်ဦးစီးချုပ်နှင့် ANC ဒုအတွင်းရေးမှူးအဖြစ် တာဝန်တိုးမြင့်အပ်နှံ ခံခဲ့ရသည်နှင့်တပြိုင်နက် ANA တပ်ကိုဖေါ်ထုတ်ရန် ကြိုးစားလာခဲ့သည်မှာ လက်ရှိအကောင် အထည်ဖေါ်လိုက်ခြင်းဖြစ်ကြောင်း သူက အတည်ပြုပြောသည်။

ANC ဒုအတွင်းရေးမှူးလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်သော ခိုင်ပေါ်လင်းမှ “ANC ၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်သူတရပ်လုံး စည်းလုံးညီညွတ်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လွတ်လပ်ရေး-တရားမျှတရေး-တန်းတူရေးနှင့် ဒီမိုကရေစီရေး၊ ပြည်သူ့ဘ၀ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ စာပေသမိုင်းယဉ်ကျေးမှုများ ပြန်လည် ဖေါ်ထုတ်ရေး တို့ဖြစ်ပါတယ်။”ဟု ဂစ္ဆပသို့ပြောသည်။

ANCကို လွန်ခဲ့သော ၂၀၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ (DPA)၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)၊ ရခိုင့်သဃံသမဂ္ဂ (RSU)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)၊ အမျိုးသမီးအဖွဲ့ အစည်းကိုယ်စားလှယ်များနှင့် တခြားမျိုးချစ်ပြည်ချစ် တသီးပုဂ္ဂလ ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ရခိုင်အမျိုးသားနိုင်ငံရေးနှင့် တော်လှန်ရေး၏ ဦးသျှောင်အဖွဲ့ဖြစ်သည်။

No comments:

Post a Comment