Monday, June 4, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ......

Sunday, 03 June 2012 14:29
AddThis Social Bookmark Button

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊
အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက် ခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာ နေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

၆ ရက်ကြာ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ရှိရာ မဟာချိုင် ဒေသသို့ သွားရောက်ပြီးလေ့လာ ခဲ့သလို ထိုင်းအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ အတိုက်အခံ ပါတီမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ မြန်မာအလုပ် သမားများ၏ အရေးကိစ္စ များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဇွန်လ ၂ ရက် နေ့တွင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ-ထိုင်း နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ကာ လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးဧည့်သည် အဖြစ် ဖိတ်ကြားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်လာသော ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များအား မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အမှာစကား ပြောကြားခဲ့ကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ (၂၉) ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ၊ မိနစ် ၃၀ ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက် နေ့ နံနက်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အများဆုံး လာရောက် လုပ်ကိုင်နေသည့် မဟာချိုင် ဒေသသို့ သွားရောက် ခဲ့သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား များအပြင် ထိုင်းလူမျိုးများပါ ကြိုဆိုခဲ့ကြသည်။

"မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့။ အခြေအနေကို သိချင်တယ် ဆိုတာ ဒီအခြေအနေကို ကောင်းသွားအောင် ဘယ်လိုလုပ်မလဲ ဆိုတာ လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာချင်တဲ့အခါ ပြန်လာနိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ပါ။ ဒီလို အခြေအနေတွေကို ဖန်တီးချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး "ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး၊ အလုပ်သမား အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ဥပဒေ ဘောင်အတွင်းကနေ ကာကွယ်စောင့်ရှောက် ရမယ်။ ဒီလို ကာကွယ် စောင့်ရှောက်တဲ့ နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ မျက်နှာငယ်စရာ၊ အားငယ်စရာ မလိုဘူး။ သမိုင်းဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ။ လက်ရှိအချိန်မှာ ကျွန်မတို့ နိုင်ငံသားတွေ ဒီနိုင်ငံကို လာပြီးလုပ်နေရတယ် ဆိုပေမယ့် နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ရဲ့ နိုင်ငံသားတွေရဲ့ တန်ဖိုးကလည်း တက်လာမှာပဲ ဆိုတာ ယုံကြည်ကြပါ။ ကျွန်မတို့ အနေနဲ့ တတ်နိုင်သမျှ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေ ရအောင်၊ မျှမျှတတ ဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသား တွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ။ တာဝန်ဆိုတာ ကိုယ့်ရဲ့ အမိနိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ အိမ်ရှင်နိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဟိုဘက်ဒီဘက် မြင်တဲ့အမြင်ရှိမှ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့ မေ့မထားဘူး ဆိုတာကို ဘယ်တော့မှ သံသယ မဖြစ်ပါနဲ့။ ရွှေ့ပြောင်း အလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထား ပါဘူးလို့ ပြောပါရစေ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်တွင် Talaat Kung(ပုစွန်ဈေး)နှင့် MWRN Learning Center သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လုပ်ငန်းပေါင်းစုံမှ ရွှေ့ပြောင်း လုပ်သား ၂၇ ဦးနှင့် သီးခြား တွေ့ဆုံခဲ့ပြီး အလုပ်သမား ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကို နားလည်မှု မရှိသလို ထိုင်းအစိုးရ အနေဖြင့်လည်း မြန်မာ အလုပ်သမားများ နားလည်လာစေရန် အသိပညာပေးမှု အားနည်းသည်ဟု သုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ပါတီခေါင်းဆောင် အဘီးဆစ်က တည်းခိုရာ ရှန်ဂရီလာဟိုတယ်သို့ လာရောက် တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် မစ္စတာအဘ်ဟီးဆစ်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက် ဖြစ်နေသေးသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး မေလ ၃၁ ရက် ညနေပိုင်းက မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံသို့ လာရောက် ခဲ့ခြင်းမှာ အစည်းအဝေး တက်ရန် ဆိုသည်ထက် ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များ၏ ဘ၀ အခြေအနေများကို သုံးသပ်ပြီး မည်သည့် နည်းဖြင့် သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေ လိုခြင်းက ပို၍ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သူမ၏ တာဝန်မှာ ပြည်ပရောက် မြန်မာ အလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လာချိန်တွင် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင် ပေးရမည်ဟု နားလည်ကြောင်း ပြောဆိုသွားခဲ့သည်။
မယ်လစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်

(၂၁)ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဖိုရမ် (World Economi Forum on East Asia 2012) သို့ တက်ရောက်ရန် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတကာမှ စီးပွားရေး ခေါင်းဆောင်များအား ၁၅ မိနစ်ကြာ အမှာစကား ပြောကြားခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ် ခဲ့သော်လည်း အဂတိ လိုက်စားမှုနှင့် မညီမျှမှုများကို ဖြစ်ပေါ် စေနိုင်သော ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့အပြင်သူမက မြန်မာနိုင်ငံတွင် ဥပဒေကောင်းများ ရှိနေသော်လည်း အဓိက ကျောရိုးဖြစ်သည့် တရားစီရင်ရေး ကဏ္ဍတွင် သန့်ရှင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသွားခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု ဥပဒေဆိုင်ရာ ဥပဒေများ ရှိနေခဲ့ပင်လျင် အဆိုပါ ဥပဒေများကို လွတ်လပ်စွာ သုံးစွဲခွင့် ရမရဆိုသည်ကို သတိထားစေလိုကြောင်း ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေး စနစ် ပြုပြင် ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက် ခြစားမှုစသည့် အကြောင်းအရာများကို ပြောဆိုခဲ့သလို WEF အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab ၏ မေးခွန်းများ ကိုလည်း ဖြေဆိုခဲ့သည်။ 
မယ်လစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်

အဆိုပါ အစီအစဉ်အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာ သတင်းထောက်များ၏ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ရာ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ လာရောက် ရင်နှီး မြှုပ်နှံနေသော စီမံကိန်းများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သော မေးခွန်းအား ပြန်လည် ဖြေကြားရာတွင် စီမံကိန်းကြီးများ အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပြီး မြန်မာပြည်သူများ အနေဖြင့် အဆိုပါ စီမံကိန်း ကြီးများနှင့် ပတ်သက်သော စာချုပ်ပါ အချက်အလက်များကို သိခွင့် မရကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခွင့်၊ အမြင်ချင်း ဖလှယ်ခွင့် မရကြကြောင်း၊ ယင်းအချက်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အလွန်အန္တရာယ် များစေကြောင်း ပြန်လည် ဖြေကြား သွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မဟာဗျူဟာ အရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် မြေဇာပင်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ 

"အမေရိကန်နဲ့ တရုတ်တို့ အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင် နေရာလို သဘောထားခံရမှာကို ကျွန်မ အမြဲတမ်း စိုးရိမ်နေပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်း ကောင်းများ ဖြစ်ခဲ့ကြောင်း၊ အင်အားကြီး နှစ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည် ရင်းနှီးမှု မျှဝေနိုင်သည့် နေရာ တစ်နေရာသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု များသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး မဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံ မှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံ သူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထု အတွက် လေ့ကျင့်သင်ကြား ပေးမှုများတွင် အာရုံစိုက် လုပ်ဆောင် စေလိုကြောင်း သူမက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ရင်းနှီးမြှုပ်နှံ သူများအား တောင်းဆိုခဲ့ပြီး ငယ်ရွယ်သူ အလုပ်လက်မဲ့ များပြားနေခြင်း ပြဿနာမှာ ချိန်ကိုက်ဗုံး တစ်ခု ဖြစ်နေကြောင်း သတိပေး ပြောကြားခဲ့သည်။
w7_35_07_1
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လက်တို့တွေ့ဆုံစဉ်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်း မမြင်ရန် လိုအပ်ကြောင်း၊ လက်ရှိပြုပြင် ပြောင်းလဲမှုများသည်နောက်ကြောင်း ပြန်မလှည့်နိုင်ဟုမဆိုနိုင်သေးကြောင်း သတိပေးပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့ တွေ့ဆုံစဉ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ထိုင်းနိုင်ငံသားများကလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနည်းတူ စိတ်လှုပ်ရှားစွာဖြင့်ကြို ဆိုခဲ့ကြသည်ဟု သိရှိရသည်။

''ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာမှန်ကို အချိန်ကိုက်ရောက်လာခဲ့တယ်လို့ ထင်ပါတယ်။ WEF မှာ သူပြောခဲ့တဲ့စကားတွေကလည်း ရှင်း လင်းပြတ်သားပါတယ်။ မြန်မာ နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သလို လာရောက်ရင်းနှီးမြုပ်နှံ မှုတွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ် ဆိုတဲ့အချက်ကိုလည်း ပြတ်ပြတ် သားသားပြောခဲ့ပါတယ်။ နောက် တစ်ချက်ကတော့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေရှိနေတဲ့ မဟာချိုင် ကို သွားခဲ့တာပါ။ မြန်မာခေါင်း ဆောင်အဆက်ဆက်ဟာ ဒီနေရာကို မသွားကြတဲ့အချိန်မှာ သူကသွားခဲ့ ပါတယ်။ သူရောက်သွားအချိန်မှာ မြန်မာအလုပ်သမားတွေပျော်နေတာ ကို တီဗွီကတစ်ဆင့်ကြည့်ရတော့ ကိုယ်ပါပျော်မိပါတယ်။ နောက်ပြီး တစ်နေရာထဲမှာမြန်မာအလုပ်သမား တွေအများအပြားစုခဲ့တာကို ဒီတစ် ခါပဲမြင်ခဲ့ရတယ်။ တကယ်တမ်း အားဖြင့်တော့ ထိုင်းအစိုးရကိုယ် တိုင်မြန်မာရွေ့ပြောင်းအလုပ်သမား တွေနဲ့ပတ်သက်ပြီး ဖိအားတွေရှိနေ ပါတယ်။ ဒီအချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ရောက်လာပြီး နှစ်ဖက် ပြေလည်စေမယ့်နည်းလမ်းတွေရဖို့ ကြိုးပမ်းခဲ့တာဟာ ထိုင်းအစိုးရအတွက် စိတ်သက်သာရာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် WEF အပါအ၀င် ထိုင်းခရီးစဉ်တစ်ခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာမှန်ကို အချိန်ကိုက် ရောက်လာတယ်လို့ ယူဆပါတယ်''ဟု Nation Media မှ သတင်းထောက် ထိုင်းနိုင်ငံသား Nuthatai Chotechuang က ပြောကြားခဲ့သည်။

Asai Pacifice Media Services၏ Correspondent ဖြစ်သူ Bertil Lintner ကလည်း''ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အရည်အသွေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ WEF မှာတင်မကပဲ ထိုင်းခရီးစဉ် တစ်ခုလုံးမှာပါ ပြသလိုက်တာပါ။ WEF လို စီးပွားရေးဖိုရမ်တစ်ခုမှာ စီးပွားရေးနဲ့ ခြစားမှုအရေး ကိစ္စတွေကို ပြောသွားခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဒီမိုကရေစီအရေးမှာတင်မကဘဲ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာပါ နိုင်ငံတကာရဲ့လေးစားမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦး အဖြစ်သာမကဘဲ နိုင်ငံတကာရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်ဆိုတာကို ပြသလိုက်နိုင်ပါတယ်။ မြန်မာတွေ လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတွေကို သူကပြန်ပြီး ဆုပ်ကိုင်ပြခဲ့တာပါ။ နောက်တစ်ချက်ကတော့ မဟာချိုင်သွားခဲ့တဲ့ ခရီးမှာရော၊ ဒုက္ခသည်စခန်းကို သွားခဲ့တဲ့ ခရီးစဉ်မှာပါ သူမဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ ဒီအချက်ဟာ အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ပေးနိုင်တာတွေကို ဖြစ် မြောက်အောင် လုပ်နိုင်ပါ့မလား။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ သူ့မှာ ကန့်သတ်ချက်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်''ဟု ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တစ်လျှောက် ပြောကြားမှုများ တွေ့ဆုံဆွေးနွေးမှုများ အပါအ၀င် သတင်းဖြစ်စဉ်များကို CNN အပါအ၀င် ကမ္ဘာ့မီဒီယာများ၊ သတင်းစာများက ထိပ်တန်းသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။ မေလ၂၉ ရက်နေ့မှ စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဇွန်လ ၃ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ထိုနေ့တွင်ပင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ သတင်းဖော်ပြခြင်း မရှိကြောင်း တွေ့ရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်ပေါင်း(၂၄)နှစ်အတွင်း တိုင်းပြည်ပြင်ပသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်း၌ ဆွန်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။


ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များမှ ကောက်နှုတ်ချက်အချို့

'အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေနေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်'
(ရွှေ့ပြောင်း အလုပ်သမားများ တိုင်းပြည်သို့ ပြန်လာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပြောကြားခဲ့မှု)
'အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်'
(မဟာဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံတွင် အမေရိကန်နှင့် တရုတ်တို့ လွှမ်းမိုးရန် ကြိုးပမ်းနေမှုအပေါ် သတိပေးစကား)
'ကျွန်မတို့ ပြည်သူတွေအနေနဲ့ ဒီစီမံကိန်းစာချုပ်တွေမှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိခွင့် မရှိပါဘူး။ စီမံကိန်းတွေနဲ့ ပတ်သက် အမှောင်ချထားခံရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အလွန်အင်မတန် အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အန္တရာယ်ရှိပြီး သံသယစိတ်တွေကို တိုးပွားစေသလို မယုံကြည်မှုတွေကို တိုးပွားစေပါတယ်'
(စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ပြောကြားချက်)
'အကျင့်ပျက် ခြစားမှုတွေကို အားပေးတဲ့ ရင်နှီးမြှုပ်နှံမှုကို မလိုချင်ပါဘူး။ ရင်နှီးမြှုပ်နှံမှုတွေဟာ မညီမျှမှု တွေဖြစ်ပေါ်ပြီး အကျိုးခံစားခွင့်ရနေတဲ့သူတွေကိုသာ အကျိုးရှိစေမယ့် အဖြစ်မျိုးကို မလိုချင်ပါဘူး'
(အကျင့်ပျက်ခြစားမှုများကို အားပေးစေမည့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြရန် သတိပေးပြောဆိုခဲ့မှု)
'မြန်မာနိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပေမယ့် တရာစီရင်းရေးကဏ္ဍမှာ သန့်ရှင်းပြီး မျှတတဲ့ တရားစီရင်ရေးစနစ် မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်လောက်ကောင်းတဲ့ ဥပဒေဖြစ်ပါစေ လက်တွေ့ အသုံးချမှု မရှိခဲ့ရင် အသုံးဝင်တဲ့ ဥပဒေဖြစ်လာမှာ မဟုတ်ပါဘူး'
(ရင်နှီးမြှုပ်နှံမှုများအတွက် တရားဥပဒေစိုးမိုးမှုအပြင် လုံခြုံစိတ်ချရသော အာမခံချက်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့မှု)
'ဒီပြဿနာတွေက စိတ်လှုပ်ရှားခံစားမှုနဲ့ ဖြေရှင်းလို့ မရဘူး။ လက်တွေ့ကျကျ ဖြေရှင်းရမယ်'
(မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည့်စကား)

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် အမြင်များ

"၂၀ ရာစုရဲ့ ကမ္ဘာ့အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းကို ပြောမယ်ဆိုရင် နယ်လ်ဆင်မင်ဒဲလားကို ချန်ထားလို့မရသလို ၂၁ ရာစုရဲ့ ကမ္ဘာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သမိုင်းကို ပြောမယ် ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့ မရတော့ပါဘူး။ ဒါကို အားလုံး အသိအမှတ် ပြုကြရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အစိုးရကို မှားရင်မှားသလို ဝေဖန်ထောက်ပြပြီး မှန်ရင်မှန်သလို ချီးကျူးမှုတွေ ပြုလုပ်သင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်သင့်ပါတယ်။ အစိုးရအနေနဲ့လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအရေး ကိစ္စတွေမှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ပါဝင်ခွင့်ကို ပိုမိုချဲ့ထွင် ပေးသင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို ထိုင်းနိုင်ငံလိုပဲ တာဝန်ယူပြီး နိုင်ငံခေါင်းဆောင်တစ်ဦးလို ပြုမူဆက်ဆံသင့်ပါတယ်။ အစိုးရမီဒီယာတွေ အနေနဲ့လည်း ဒီလိုပဲ ပြုမူဖော်ပြသင့်ပါတယ်။ အစိုးရခေါင်းဆောင်၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့ သာမက တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးခင်မင်စွာ ဆက်ဆံသင့်ပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေသာမက ကမ္ဘာ့ပြည်သူတွေကပါ လေးစားတဲ့ ခေါင်းဆောင်တစ်ဦး ဆိုတာ ဒီခရီးစဉ်မှာ သိသာစေခဲ့ပါတယ်"
ဒေါက်တာသန်းထွဋ်အောင်
(CEO, Eleven Media Group)

"ထိုင်းမှာ ကျွန်တော်နေခဲ့တဲ့ ၂၄ နှစ်တာ အတွေ့အကြုံအရ မြန်မာလို့ဆိုရင် ဒေါ်စုကိုပဲ အသိဆုံးပါ။ သူဒီကိုလာတဲ့အတွက် ဒီမှာရောက်နေတဲ့ မြန်မာတွေ ပျော်ကြသလို ထိုင်းတွေလည်း တော်တော်ပျော်ကြပါတယ်။ ကမ္ဘာက လေးစားရတဲ့ လူတစ်ယောက်၊ သူတို့လေးစားတဲ့ လူတစ်ယောက်ကို သူတို့လည်း တွေ့ချင်တဲ့အတွက် ပျော်ကြတာပါ။ သူတို့ကြားဖူးနေတဲ့ လူတစ်ယောက်ကို တွေ့ရတော့မယ်ဆိုပြီး ကြည်နူးပြီးကို ပျော်ကြတာပါ။ နောက်ပြီး ထိုင်းမှာက မီဒီယာအားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းက မီဒီယာတိုင်းကို လွှမ်းမိုးသွားပါတယ်။ တစ်နေ့ကဆို ဘဏ်သွားရင်း လူတစ်ယောက်က ပြောတယ်။ ဗမာသတင်းကတော့ Top 10 ကတောင် မဆင်းတော့ဘူးတဲ့။ အားလုံးက ဒေါ်စုသတင်းပဲဖြစ်နေခဲ့တယ်"
ဒေါက်တာနိုင်အောင်
(Forum for Democracy in Burma, အတွင်းရေးမှူးချုပ်)

နှစ်ပေါင်းများစွာ ကြာမြင့်အောင်ရှိနေတဲ့ ဒုက္ခသည်စခန်းကို သူသွားခဲ့တာဟာ အလွန်ကောင်းတဲ့ လုပ်ရပ်ပဲလို့ ထင်ပါတယ်။ လက်ရှိ အခြေအနေအရ တကယ်ကို သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ အကူအညီ လိုအပ်နေတဲ့ လူတွေ၊ နေထိုင်မှု ခက်ခဲနေတဲ့ လူတွေဟာ နယ်စပ်တစ်လျှောက်မှာအများကြီး ရှိနေခဲ့ပါတယ်။ တိုးပွားလာနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမယ့် သူတို့လည်း အကူအညီတွေ လိုအပ်နေတာပါ။ ဒါကြောင့် ဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တာဟာ အားလုံးအတွက် အကျိုးရှိစေခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ အဖွဲ့သစ်အကြား ဆွေးနွေးမှုတွေမှာလည်း အထောက်အကူ ဖြစ်စေမှာပါ။ WEF ကတော့ ကမ္ဘာ့စီးပွားရေး မျက်နှာစာတစ်ခုပါပဲ။ ဒီဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ရောက်ရှိလာနိုင် စေပါတယ်။ နောက်ပြီး WEF ဆိုတာ စီးပွားရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောင်မြင်မှု ရှိခဲ့ပါတယ်။ အထူးသဖြင့် ဒုက္ခသည် စခန်းသွားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးရရှိစေမှာပါ"

Asia Reportes မှ Martin Stanford

ခရီးစဉ်ကာလထဲမှာ ဒုက္ခသည်စခန်းကို သွားခဲ့တာကတော့ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီမတိုင်ခင် အချိန်ကတော့ ဒီလိုဒုက္ခသည် စခန်းကို သူသွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီမှာရှိနေတဲ့ မြန်မာတွေ အတွက်ရော၊ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒုက္ခသည် စခန်းတစ်ခုအတွက်ပါ ကောင်းတဲ့အချက် တစ်ခုပါပဲ။ ဒုက္ခသည် စခန်းထဲမှာ နေထိုင်နေကြတဲ့ သူတွေဟာ မျှော်လင့်ချက်တစ်ခု အတွက်နဲ့ အသက်ရှင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့အတွက် လူတွေဟာ သူတို့မျှော်လင့်ချက်အပေါ် ယုံကြည်ချက် ခိုင်မာလာစေမှာပါ။ ပြီးတော့ ယုံကြည်ချက် ခိုင်မာမှုတွေကို တခြားသူတွေနဲ့ ထပ်တူမျှဝေ လာနိုင်မှာပါ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာတော့ ဒီနိုင်ငံထဲမှာ မြန်မာတွေ တစ်နေရာတည်း အများကြီးစုနေတာကို ဒီတစ်ခါပဲ မြင်ဖူးတာပါ။ နောက်တစ်ခုကတော့ WEF ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ကိုတင်မကပဲ မြန်မာကိုပါ ပြသနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ အပါအ၀င် တခြားအရာ အားလုံးအတွက် အခြားနိုင်ငံတွေရဲ့ အာရုံစိုက်မှု ဖြစ်စေခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အခြေအနေ တစ်ခုပါပဲ။ ထိုင်းအတွက်လည်း မျှတတဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ မြင်ကွင်းထဲ လက်တွဲ ခေါ်ဆောင် နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ အနာဂတ်မှာ ထိုင်းနဲ့မြန်မာဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ အတူတကွ လုပ်ဆောင်နိုင်မယ့် အခြေအနေ ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံသား တစ်ဦးအနေနဲ့ ဒီလိုပဲမြင်မိပါတယ်"
Am Puchara 
(CNN Stringer နှင့်ထိုင်းသတင်းထောက်)

No comments:

Post a Comment