Tuesday, June 5, 2012

မြန်မာ-ဘင်္ဂလာ စီးပွားရေးအရ တွေ့ဆုံပွဲ ဇွန်(၂၈)ရက်ထပ်မံ ပြုလုပ်မည်

Written by သဇင်ဥ    Wednesday, 06 June 2012 03:38   PDFPrintE-mail
မြန်မာ-ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အရာရှိများ ပူးတွဲလုပ်ငန်းအဖွဲ့ ဆဋ္ဌမအကြိမ် အစည်းအဝေးကို မေလ (၂၉)ရက်နေ့က စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အဋ္ဌမအကြိမ်ကို ဇွန်လ(၂၈)ရက် တာခ်နာမြို့ နတ်တောင်ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း နှစ်ဘက်သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အရာရှိများ ပူးတွဲလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များက ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ(၁၈)ရက်နေ့က ကော့စ်ဘဇားမြို့တွင် ပထမဆုံးအကြိမ်ကို စတင်ကျင်းပခဲ့ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမအကြိမ်တို့ကို အပြန်အလှန် ပြုလုပ်ခဲ့ကြကြောင်းနှင့် ဆဋ္ဌမအကြိမ် အစည်းအဝေးတွင် ယင်းအစအဆုံး တွေ့ဆုံဆောင်ရွက်ဆွေးနွေးခဲ့ကြသည့် သဘောတူဆုံးဖြတ်ချက်များနှင့် လုပ်ငန်းအားလုံးအား စီးပွားရေး တိုးချဲ့လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှုများကို တည်ဆောက်သည့် အနေဖြင့် ပြန်လည်သုံးသပ်ဆွေးနွေးအတည်ပြု ထပ်မံသဘောတူခဲ့ကြကြောင်း သိရှိရသည်။

ဆဋ္ဌမအကြိမ် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ဆွေးနွေးချက်(၆)ချက်ကိုတင်ပြခဲ့ကြောင်းနှင့် ဘင်္ဂလာဘက်မှ Mr. Syed Md. Nurul Basirက ဆွေးနွေးချက် (၅)ချက်ကို တင်ပြဆွေးနွေးခဲ့ကြရာ အချက်အလက်များကို အပြန်အလှန်သဘောတူကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

ဘင်္ဂလီကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်ရန် မေ(၂၈)ရက်နေ့ မောင်တောမြို့သို့ ညနေဘက်ရောက်ရှိသွားခဲ့ကြောင်းနှင့် ယင်းတွင် တစ်ညအိပ်ခဲ့ပြီး (၂၉)ရက်နေ့ မောင်တောမြို့တွင် စီးပွားရေးလုပ်ငန်းများကို လေ့လာခဲ့ကြကာ စစ်တွေမြို့သို့ သွားရောက်၍ ပူးတွဲလုပ်ငန်းအဖွဲ့ ဆဋ္ဌမအကြိမ် အစည်းအဝေးကို စစ်တွေဟိုတယ်တွင် ညနေ(၅)နာရီစတင်ကာ (၇)နာရီအထိ ဆွေးနွေးခဲ့ပြီး (၃၀)ရက်နေ့တွင် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် Myanmar-Bangladesh Join Working Grouping (MBJWG) ကိုယ်စားလှယ်များ အနေဖြင့် Doing Business between Bangladesh and Myanmar and Payment Mechanism အမည်ရှိ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒက္ကားမြို့ ရုပါဆိဘင်္ဂလာ ဟိုတယ်တွင် မေလ(၃၁)နေ့က ပြုလုပ်ခဲ့ကြောင်း ဇွန်(၁)ရက်နေ့ထုတ် The Daily Ajker Deshbidesh သတင်းစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ယင်း MBJWG ဆွေးနွေးပွဲသို့ ဘင်္ဂလာမှ ကေဘီ အာဟာမတ်နှင့် လေကြောင်းဆိုင်ရာဝန်ကြီး မိုဟာမတ် ဟာရုက် ခါန်းနှင့် မြန်မာမှ U Yan Win၊ ဘာဏ်ဆိုင်ရာအကြီးအကဲ ဒေါက်တာ စိန်မောင်နှင့် စီးပွားရေးအကြီးအကဲ U Maung Maung Soe တို့ ဦးဆောင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း ဖေါ်ပြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား စီးပွားရေးအရ လေကြောင်းအလျှင်အမြန် ပျံသန်းနိုင်ရေး၊ ကုန်သင်္ဘောကြီးများဖြင့် ကုန်တင်ပို့ရေး၊ ကုန်ကားကြီးများဖြင့် ကုန်တင်ပို့နိုင်ရန် နယ်စပ်လမ်းဖေါက်လုပ်မည့်ကိစ္စ၊ ဘာဏ်စနစ်ဖြင့် ငွေလွဲပြောင်းရာတွင် လွယ်ကူ ချောမောရေး အပြင် တခြားစီးပွားရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ MBJWGနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အရာရှိများ ပူးတွဲလုပ်ငန်းအဖွဲ့တို့ နှစ်ဖွဲ့စလုံးမှာ ဇွန်လနောက်ဆုံး အပတ်တွင် စီးပွားရေးတိုးချဲ့လုပ်ကိုင်မည့် စာချုပ်များကို ထပ်မံအတည်ပြု ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရှိရသည်။

ထို့ပြင် မြန်မာ နစက-ဘင်္ဂလာ BGB အဆင့်မြင့် အရာရှိများ အနေဖြင့် စနေနေ့က ကော့စ်ဘဇားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းနှင့် နစက-BGBတို့ အဆင့်မြင့်ဆွေးနွေးပွဲကို လာမည့်ဇွန်လ(၂၂-၂၆)တို့တွင် နယ်စပ်လုံခြုံရေး၊ ပူးတွဲစစ်ဆင်ရေး၊ စီးပွားရေးနှင့် ချစ်ကြည်ရေးတို့ တိုးမြင့်တည်ဆောက်ရန် ထပ်မံတွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ငွေအာမခံမှုရှိရန်အတွက် ဘင်္ဂလာဘက်မှ ဆိုနာလီဘာဏ်မှတဆင့် ငွေလွှဲပြောင်း လက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စီးပွားရေးတရားဝင် စာချုပ်ကို လွန်ခဲ့သော ၁၉၉၇ ခု၊ စက်တင်္ဘာလ(၅)ရက်နေ့က ချုပ်ဆိုခဲ့သည်။ နှစ်နိုင်ငံအကြား စီးပွားရေးတိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာ-ဘင်္ဂလာ-အိန္ဒိယ-တရုတ်-ထိုင်း-မလေးရှားတို့မှ စီးပွားရေးသမားများ စိတ်ဝင်တစား ဘက်ပေါင်းစုံမှ ကူညီပံ့ပိုး ဖိအားပေးခဲ့ကြပြီး ၂၀၀၀ ခုနှစ်ကတည်းက စတင်ကာ အကောင်အထည်ဖေါ်လာခြင်း ဖြစ်သောကြောင့် ယခုအခါ ရခိုင်ပြည်နယ်ဘက် နယ်စပ်လမ်းမှာ ဖေါက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း နယ်စပ်မျက်မြင်က ပြောသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ ကုန်မျိုးစုံ (၃၆)မျိုးတင်ပို့ရန် သဘောတူထားကြသော်လည်း ကုန်ပစ္စည်း(၁၀)ကျော်လောက်သာ တင်ပို့လျှက်ရှိကြောင်း သိရှိရသည်။ ယင်းတို့မှာ ဆန်၊ စပါး၊ ရေချို-ရေငံ-ငါးခြောက်-ငါးစိမ်းမျိုးစုံ၊ ပဲမျိုးစုံ၊ ငရုပ်ကောင်းစိ၊ သစ်သီးဝလံ၊ သစ်၊ ၀ါး၊ အိမ်မွေးတိရစ္ဆာန်မျိုးစုံ၊ အ၀တ်အထည် မျိုးစုံ၊ ယုံစုံမျိုးစုံ၊ မူဆလာအပြင် တခြားကုန်ပစ္စည်းများတင်ပို့ပြီး ဘင်္ဂလာမှ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ ဆေးဝါးမျိုးစုံ၊ ဆံပင်တို့ အပြန်အလှန်တင်ပို့ နေကြသည်။

လွန်ခဲ့သော ၂၀၀၃ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်-ဘင်္ဂလာအကြား တာကာ ကုဋေ ၁၁၀ နီးပါးအထိ ကုန်ကျခံပြီး ဖေါက်လုပ်နေသည့် ကုန်းလမ်းမှာ အာရှစီးပွားရေးသမားများအတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံး အာရှလမ်းမကြီး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များ မျှော်လင့်ချက်မှာ လာမည့် ၂၀၁၃ ခုနှစ် နှစ်လည်ပိုင်းတွင် ရခိုင်ပြည်မှ ရေနံနှင့် ရွှေဂစ်များ တရုတ်သို့ သယ်ယူချိန်တွင် အကောင်အထည် ပေါ်လာမည်ဖြစ်သည်။

ဘင်္ဂလာအနေဖြင့် မြန်မာ့တင်ပို့ကုန်များ တင်ပို့ရာတွင် တာခ်နာမြို့ဆိပ်ကမ်းတစ်ခုတည်းမှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေကို တစ်လလျှင် တာကာ ၇၂၀၀၀၀၀၀ အကောက်အခွန် ရရှိရန် ခန့်မှန်းထားသည်။ မြန်မာ့ကုန်များမှာ ဘင်္ဂလာ ဒက္ကားမြို့နှင့် စစ်တကောင်းမြို့ ဆိပ်ကမ်းများသို့ လိမ့်ဝင်လျှက်ရှိသည်။

မြန်မာ့ စီးပွားရေးသမားများ အနေဖြင့် တခြားနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းအရ ဆက်ဆံလုပ်ဆောင်ရာတွင် မြန်မာ့ကုန်များကို ၀ယ်လိုအားကောင်းပြီး တွင်ကျယ်နိုင်အောင် ဖန်တီးနိုင်ရန်နှင့် ယင်းနိုင်ငံကုန်များကို မိမိနိုင်ငံအတွင်း တွင်ကျယ်နိုင်အောင် လုပ်ဆောင်နိုင်ရန် အရေးကြီးကြောင်း မြန်မာ့စီးပွားရေးလေ့လာ သုံးသပ်သူတဦးက ပြောသည်။

မြန်မာအနေဖြင့် ဘင်္ဂလာနှင့်ငွေလှဲလည်နှုန်းထားမှာ အားရစရာကောင်းလာပြီး လက်ရှိငွေလှဲလည်နှုန်းထားမှာ ဘင်္ဂလာ (၁)တာကာကို (၉)ကျပ်နှုန်းဖြင့် ဖက်လှယ်နေရပြီး လွန်ခဲ့သော ၂၀၀၀ ခုနှစ်က (၁)တာကာကို (၂၁)ကျပ်နှုန်းထားဖြင့် ဖက်လှယ် အသုံးပြုခဲ့ရသည်။

မြန်မာ့ကုန်များ ဘင်္ဂလာတွင် ဈေးနှိမ်ခံနေရမှုမှာ နိုင်ငံတစ်နိုင်ငံ၏ တခြားနိုင်ငံနှင့် စီးပွားရေးကျားဈေးကွက် နားလည်မှုမရှိကြောင်း၊ ဒေသခံအာဏာပိုင် လာဒ်ပေးလာဒ်ယူမှုများ ရှိနေမှုကြောင်း၊ မူးယစ်ဆေးဝါးများ တင်ပို့သည်ဟု မယုံသင်္ကာခံရခြင်း၊ မြန်မာ စစ်အုပ်စုက မိမိနိုင်ငံ စီးပွားရေးသမားများအတွက် တစုံတရာအာမခံချက် ယူမှုမရှိကြောင်းနှင့် နိုင်ငံတကာစီးပွားရေး ကျားကွက်ပုံစံကို နားလည်မှုများမရှိသောကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်-ဘင်္ဂလာအကြား စီးပွားရေးသုံးသပ်သူများက ရှုမြင်ကြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/174-2012-06-06-03-55-31

No comments:

Post a Comment