Thursday, May 19, 2011

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယထောင်မှ လွတ်မြောက်လာ

ဂစ္ဆပသတင်းဌာန
မေလ (၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယထောင်မှ လွတ်မြောက်လာ

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက်မှ ၃၁ ဦးကို အိန္ဒိယအစိုးရက ၁၃ နှစ်ကြာ မတရားသဖြင့် ထိန်းသိမ်းထားရာမှ ယနေ့မေလ (၁၉) ရက်နေ့တွင် ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။




အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်အတွင်း ဆက်လက်အကျဉ်းကျခံကြရမည့် ကျန် ၃ ဦးမှာမူ ပို့တ်ဘလေးကျွန်းတွင် အကျယ်ချုပ် နေ ထိုင်စဉ်က ရှိထားခဲ့သော တရားရေးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရဦးမည် ဖြစ်သောကြောင်း ထပ်မံထိန်းသိမ်းခံထားရဆဲ ဖြစ် ကြောင်း သိရှိရသည်။ UNHCR အိန္ဒိယမှ အဆိုပါ ၃၄ ဦးအား တရားဝင် ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း သိရှိ ရသည်။

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)လက်အောက်ခံ ရခိုင်ပြည်တပ်မတော် (AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်သည့် အဖွဲ့မှာ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် လျှို့ဝှက်သဘောတူညီချက်အရ လန်းဖောကျွန်းသို့အရောက်တွင် အိန္ဒိယ အစိုးရက လွန်ခဲ့သော ၁၉၉၈ ခု၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က ဖေါက်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ခိုင်ရာဇာ အပါအ၀င် ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်၍ ကျန်ရှိသူများကို ပို့တ်ဘလေးကျွန်းနှင့် ကာလကတ္တားအကျဉ်းထောင်တွင် နှစ်ကြာရှည်စွာ တရား ရင်ဆိုင် စေခဲ့ရာမှ ယခုလွတ်မြောက်လာခြင်း ဖြစ်သည်။

အခုအခါ ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးမှာ ကာလကတ္တားအကျဉ်းထောင်မှ ညနေပိုင်းတွင် လွတ်မြောက်လာပြီး ညဥ့် ဒေလီမြို့တော်သို့ ရောက်ရှိမည်ဖြစ်ကာ ဒေလီရှိ BURMESE COMMUNITY RESOURCE CENTRE (BCRC) ခန့်မ၌ အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများက ညနေစာဖြင့် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ငှားရန်းထားသည့် နေအိမ်တွင် ခေတ္တနေမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ လုံခြုံရေးအတွက် UNHCR အစီအစဉ်အရ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများကို စောင့်ဆိုင်းနေရမည်ဖြစ်ကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။





ရခိုင်-ကရင် ၃၁ ဦး၏ ယခုလိုလွတ်မြောက်မှုနှင့် ၎င်းတို့အတွက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်အားလုံးကို နိုင်ငံတကာရောက် ဒီမိုကရေစီ အင်အားစုများနှင့် အဖွဲ့အစည်းများက အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် ယခုအခါ UNHCR မှ တရားဝင် အသိအမှတ်ပြု တာဝန်ယူ၍ လွတ်မြောက်လာခြင်းဖြစ်သည်။

ရခိုင်-ကရင် ၃၁ ဦးလွတ်မြောက်လာခြင်းအပေါ် မိခင်ပါတီများ၊ လုပ်ဖေါ်ကိုင်ဖက်များ၊ ဒီမိုကရေစီအင်အားစုများ၊ မျိုးချစ်ပြည်ချစ်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသူများအားလုံး ၀မ်းမြောက်ကြကြောင်း သိရှိရသည်။ ပြည်တွင်းမှ နိုင်ငံရေးလေ့လာ သူများလည်း ၀မ်းမြောက်ကြောင်း ပြောဆိုသည်။

အိန္ဒိယအာဏာပိုင်များက ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအား အိန္ဒိယနိုင်ငံတွင် တနှစ်တာနေထိုင်ဖို့ သဘောတူခွင့်ပြု လိုက်ကြောင်း သိရှိရသည်။

ရခိုင်-ကရင် မျိုးချစ်တော်လှန်ရေးသမား ၃၄ ဦးမှာ အိန္ဒိယနိုင်ငံ အကျဉ်းထောင်များအတွင်း အိန္ဒိယအာဏာပိုင်များထံ နည်းမျိုးစုံဖြင့် ဥပဒေမဲ့ ညစ်ပစ်မှုများအပြင် ကလိမ်ကျစ်မှုများ ခံခဲ့ကြရသည်။ ထို့ပြင် ဆက်လက်၍လည်း နောက်ထပ်ခေါင်းဆောင် (၃)ဦး ကျန်ရှိနေသေးကြောင်း သိရှိရသည်။

အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာသည့်၊ လွတ်မြောက်ရန်ကျန်ရှိနေသေးသည့် ရခိုင်-ကရင် ၃၄ ဦးမှာ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့မှ တပ်မှူး၊ ခေါင်းဆောင်များဖြစ်ကြသည်။ NUPAနှင့် KNU တို့မှာ မိမိတို့အမျိုးသား ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းပိုင်ခွင့် အပြည့်အ၀ရရှိရေးအတွက် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အား တရားသော နည်းလမ်းများဖြင့် တိုက်ပွဲဝင်နေကြသော နိုင်ငံရေးပါတီများ ဖြစ်ကြသည်။

ရခိုင်-ကရင် ၃၄ ဦးတွင် KNU မှ အဖွဲ့ဝင် ၁၁ ဦးနှင့် NUPA မှ အဖွဲ့ဝင် ၂၃ ဦးတို့ဖြစ်ကြသည်။ ၃၄ ဦး အနေဖြင့် ယခုကဲ့သို့ လွတ်မြောက်ရန်အတွက် ကြိုးပမ်းလုပ်ဆောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော နိုင်ငံတာကာရှိ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများနှင့် မျိုးချစ်ပြည်ချစ်များကို ကျေးဇူးအထူးတင်ကြောင်း ပန်ကြားလိုက်ကြောင်း သိရှိရသည်။

ရခိုင်-ကရင် မျိုးချစ်တော်လှန်ရေးသမားများ ယခုကဲ့သို့ လွတ်မြောက်ရန်အတွက် အိန္ဒိယအာဏာပိုင် ဥပဒေအရ တဦးလျှင် ရူပီ (၆၀၀၀) စီ လွန်ခဲ့သော လအနည်းငယ်ခန့်က အိန္ဒိယအစိုးရထံသို့ ပေးဆောင်ခဲ့ရသည်။

ပြည်တွင်းပြည်ပရှိ ရခိုင်မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် တသီးပုဂ္ဂလများ အနေဖြင့် ယခု အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာကြသူများနှင့် ပူးပေါင်း၍ အမျိုးသားတော်လှန်ရေး လုပ်ဆောင်ရန် မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment