ရခိုင်ပြည်အမျိုးသားညီညွတ်ရေး သော့ချက်ပြဿနာများ
မာတိကာ
(က) နိဒါန်း
(ခ) ကျွန်ပြုခံဘ၀ ရခိုင်ပြည်
(ဂ) ရခိုင်ခေါင်းဆောင်တို့၏အမြင်နှင့် လမ်းစဉ်
(ဃ) အမျိုးသားတော်လှန်ရေး ပီပြင်လာခြင်းနှင့် ဂိုဏ်းဃဏ
(င) နိဂုံး
(က) နိဒါန်း
ရခိုင်ဘုရင့်နိုင်ငံတော်သည် (၁၁၄၆) ခုနှစ်တွင် ဗမာနယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည်။ ကံမကောင်း အကြောင်း မလှ၍ကား မဟုတ်ပေ။ မိမိတို့အမျိုးသား လိုအပ်ချက်ကြောင်းသာဖြစ်သည်။ ပကတိအားဖြင့် နန်းတွင်းညီညွတ်ရေး ပြိုကွဲမှုကြောင်း အချုပ်အခြာ အာဏာ ကျဆုံးခဲ့ရသည်။ သခင်ပြောင်း ကျွန်ဘ၀ဖြင့် ခါးသီးနာကျဉ်းဖွယ်ရာ နှစ်(၂၀၀)ကျော် ဖြတ်ကျော်ခဲ့ကြရပြီးဖြစ်သော်လည်း ကျွန်ဘ၀ကို ကယ်တင်နိုင်သော အမျိုးသားတခုလုံး အားကိုးယုံကြည်လောက်သည့် အမျိုးသားညီညွတ်သော ဦးဆောင်အဖွဲ့စည်း တရပ်ကို မတည်ဆောက်နိုင်ကြပေ။ အမျိုးသားလွတ်လပ်ရေးသည် အမျိုးသားညီညွတ် ပြီးမြောက်မှုအပေါ်၌ မူတည်သည်ဖြစ်၍ ညီညွတ်ရေးကိုကား အသက်ပီးတည်ဆောက်ကာကွယ်ကြရမည် ဖြစ်သည်။ ရခိုင့်နိုင်ငံတော်တခုဖြစ်အောင် တည်ဆောက်ခဲ့သော ဘိုးဘီးဇူဇာတို့၏ အမွေအနှစ်များကို မျိုးခြားနယ်ချဲ့ များက အတင်းအဓမ္မ ယူငင်ဖျက်ဆီးဖြုန်းတီးနေမှုကို ကျသရေကင်းမဲ့နေသော ကျွန်ုပ်တို့ ကျွန်လူ့အဖွဲ့စည်းက မည်သို့မှ တားဆီးနိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း အင်အားမရှိပေ။ လုံခြုံမှုကင်းမဲ့ပြီး အနာဂါတ်ပျောက်နေသော ရခိုင်တို့၏ဘ၀ကို ကယ်တင်နိုင်သော လမ်းကြောင်းမှာ အချုပ်အခြာအာဏာ ပြန်လည်ရယူနိုင်ရေးပင်ဖြစ်သည်။ အချုပ်အခြာအာဏာ ရယူနိုင်ရေးတွင် ညီညွတ်ရေးသည် ပင်မသော့ချက်ကို အခြေခံ၍၊ ကျယ်ပြန့်နက်နဲသော ညီညွတ်ရေး၏ သော့ချက် ပြဿနာများကို ရှာဖွယ်ဆန်းစစ်ဖို့ လွန်စွာအရေးကြီးလာပြီ ဖြစ်ပါသည်။
(ခ) ကျွန်ပြုခံဘ၀ ရခိုင်ပြည်
ဗမာနယ်ချဲ့တို့သည် ရခိုင်ပြည်ကို သိမ်းပိုက်ကျွန်ပြုခဲ့ပြီးနေ့မှစ၍ ရခိုင်လူမျိုးတခုလုံးကို ကျူပင်ခုတ်ကျူငုတ်ပင် မကျန်အောင် လူမျိုးတုန်း သတ်ဖြတ်ခဲ့သည်သာမက ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများကို မြေလှန်ဖျောက်ဖျက်ခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ရက်စက် ဖိနှိပ်မှုများကို လူသားမဆန်စွာ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ဒုတိယ ကမ္ဘာ့စစ် ဖြစ်ပေါ်လာပြီးနောက် မြန်မာ့အင်ပါယာတခုလုံးသည် အင်္ဂလိပ်-ဂျပန်တို့လက်အောက် သခင်ပြောင်း ကျွန်ဘ၀ဖြင့် လူမျိုးစုံ သံသရာ လည်ခဲ့ကြရသည်။
(ဂ) ရခိုင်ခေါင်းဆောင်တို့၏အမြင်နှင့် လမ်းစဉ်
နယ်ချဲ့ အင်္ဂလိပ်-ဂျပန်တို့ကို မြန်မာ့မြေပေါ်က လူမျိုးပေါင်းစုံနဲ့ ဟန်ချက်ညီစွာ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသော်လည်း ရခိုင်ခေါင်း ဆောင်တို့၏ ညီညွတ်ရေးသည် ကျစ်လစ်ခိုင်မာသော ညီညွတ်စုရုံးမှု မရှိသည့်အတွက်ကြောင့် ဗမာခေါင်းဆောင်တို့၏ လိမ်လယ် လှည့်ဖျားမှုအောက်တွင် အနာဂါတ်ရခိုင်တို့၏ နိုင်ငံရေးလမ်းကြောင်းသည် ခွဲရေးကတဖုံ၊ တွဲရေးကတမျိုး နောက်လိုက်နိုင်ငံရေး လမ်းကြောင်းတွင် အုပ်စုလိုက် ကွဲနေကြပြီး လက်ဝဲ၊ လက်ယာ အယူဝါဒနှင့် အရှောင်သ္မား နိုင်ငံရေးလမ်းကြောင်းက ရပ်တည်ကာ ပင်လုံစာချုပ် ပျက်ပြေခြင်းနဲ့အတူ ရခိုင်ခေါင်းဆောင်တို့သည် အမျိုးသားရေးအမြင်နှင့် ၀ါဒရေးရာအမြင်များကို ခွဲခြား၊ ပိုင်းဖြတ်ခြင်း မပြုလုပ်နိုင်ကြဘဲ၊ (၁၉၄၈)ခုနှစ် ကာလမှ၊ (၁၉၆၂) ကာလထိ ဗမာ့နိုင်ငံရေး ၀ဲဂက်ယက်တွင် ရေစုံမျောခဲ့ကြရသည်။ ပြည်သူ့လွတ် မြောက်ရေးပါတီ ခေါင်းဆောင် ဆရာတော် ဦးစန္ဒာနှင့်အဖွဲ့သည် ပါလီမာန်ဒီမိုကရေစီ အစိုးရ ဦးနု လက်ထက်တွင် လက်နက်နှင့် ဒီမိုကရေစီ လှဲလည်ရေး ကြွေးကြော် သံနဲ့အတူ ဦးနုအစိုးရထံ လက်နက်ချခဲ့ရာ ရခိုင်အမျိုးသားရေးအတွက် တစုံတရာဖြစ်ပေါ်မလာဘဲ ၁၉၆၂ ခု၊ မတ်ခ်ျလ (၂)ရက်နေ့တွင် မဟာဗမာဝါဒီ မျိုးဆက်သစ်လက်ဆင့်ကမ်း စီမံကိန်းအတိုင်း အာဏာသိမ်း ဗိုလ်နေ၀င်း စစ်အစိုးရ တပါတီ အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရပြီး ယနေ့ထက်တိုင် စစ်အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက် ညှဉ်းပန်းမှုများကို ခံစား နေကြရသည်။
(ဃ) အမျိုးသားတော်လှန်ရေး ပီပြင်လာခြင်းနှင့် ဂိုဏ်းဃဏ
ဆရာတော် ဦးစိန္ဒာနှင့်အတူ ဒီမိုကရေစီနှင့် လက်နက်နဲ့ လှဲလည်ကြရာတွင် ပါဝင်ခဲ့ကြသော ပြည်သူ့လွတ်မြောက် ရေးပါတီဝင် ဦးမောင်စိန်ညွှန့်(ရမ်းဗြဲ) ခေါင်းဆောင်သော မျိုးချစ်ပြည်ချစ်များသည် (၁၉၆၀)ခု ပတ်ဝန်းကျင်ကာလတွင် ရခိုင်ပြည်အမျိုးသားတော် လှန်ရေး လမ်းကြောင်းမျိုးစေ့ကို ပထမဆုံး ဗမာ့နိုင်ငံရေး လွှမ်းခြုံချယ်လှည်မှုအောက်က ရုန်းထွက်ကာ ရခိုင့်အမျိုးသားလွတ်မြောက်ရေး ပါတီဟု အမျိုးသားဘောင်ကို ပြတ်သားစွာ ကြွေးကြော်နိုင်ခဲ့ကြသည်။ ယင်းနဲ့အတူ အမျိုးသားတော်လှန်ရေးလမ်းကြောင်းတွင် အမျိုးသားတော်လှန်ရေး အင်အားစုများ အင်တိုက်အားတိုက် ဖြစ်ပေါ်တိုးတက်လာကြပြီး ရန်သူဗမာနယ်ချဲ့ကို တော်လှန်တိုက်ပွဲဝင်ကြ ရာတွင် စုစည်းညီညွတ်သော အင်အားတရပ် ဖြစ်ပေါ်မလာဘဲ ရန်သူ့အလိုကျ ဂိုဏ်းဃဏ ပြင်းထန်စွာ တပါတီအပေါ် တပါတီက ပျက်စီးရာပျက်စီးကြောင်းကြံဆကာ ယနေ့ထိ ဂိုဏ်းဃဏကို ဦးထိပ်ပန်ကာ ကျင့်သုံးလျက် ရှိနေကြသည်။ ဦးမောင်စိန်ညွှန့်နှင့် ဦးစံဖေါ်ဦး ခေါင်းဆောင်သော ရမလပ ပါတီ၊ ဦးစံကျော်ထွန်း ခေါင်းဆောင်သော ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့(Aio)၊ ဦးမောင်ဟန် ခေါင်းဆောင်သော ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကပ)၊ ခိုင်မိုးလင်း ခေါင်းဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(alp) ပါတီလေးခု တို့သည် မရှေ့မနှောင်းပင် အမျိုးသားကိုယ်စားပြု ပါတီများဟု ဖြစ်ပေါ်လာကြပြီး အမျိုးသားညီညွတ်ရေး လိုအပ်ချက်များကို လက်ချင်း ဆက်ကာ တစုံအရာ ဖြစ်ပေါ်တိုးတက်အောင် မစွမ်းဆောင် နိုင်ခဲ့ကြပေ။
၁၉၇၆ ခုကာလတွင် ကချင်ပြည်အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (AIO)နှင့် ကရင်အခြေစိုက် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)တို့ ရခိုင်ပြည်သို့မဆင်းမီ အတူဆင်းကြရန် သဘောတူညီမှုများ ရှိခဲ့ကြသော်လည်း တယောက်တကြောင်း ကွဲပြဲစွာဆင်းခဲ့ကြသည့် အတွက် ရန်သူ၏ ခြေမှုန်းခြင်းအောက်တွင် အမျိုးသားအင်အားစု နှစ်ခုစလုံး ပျက်စီးပြိုကွဲခဲ့ကြရသည်။
၁၉၇၇ ပတ်ဝန်းကျင် ကာလတွင် ရန်သူ မဆလ ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင်း မိမိနယ်မြေ ရခိုင်ပြည်မှ အမျိုးသား ပါတီပေါင်းစုံ ဆုတ်ခွာလာခဲ့ကြပြီး ဘင်္ဂလာနယ်စပ်သို့ ရောက်ရှိကြရာတွင် ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲ အခြေအနေ တောင်းဆိုချက်အရ ရမလပ၊ ရကပ၊ AIO၊ ALP၊ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်လာသော TNP၊ တော်လှန်သောအမျိုးသားပါတီ များဖြစ် ကြသော အမျိုးသားပါတီများအားစုစည်းပြီး အမျိုးသားညီလာခံတရပ်ကို ကျယ် ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ALP ဥက္ကဌ ခိုင်ရဲခိုင်နှင့် ALP အတွင်းရေးမှူး ခိုင်အာဏာနီတို့သည် AIO ဥက္ကဌဖြစ်သူ ဦးကျော်လှိုင်နှင့် ညှိနှိုင်းသည့်အပြင် ပြည်တွင်းမှမျိုးချစ်ပြည်ချစ် ရခိုင်လူငယ် များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသခံရခိုင် လူငယ်များစုပေါင်းဖွဲ့စည်းထားသော ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီကို ညီညွတ်မှုမရှိကြသည့် ရခိုင် အမျိုးသားပါတီများအကြား ညီလာခံတက်ရောက်နိုင်ရေးအတွက် စေ့စပ်လှုံဆော်ပေးပါရန် ဦးခိုင်ရဲခိုင်နှင့် ခိုင်အာဏာနီမှ တောင်းဆိုလာသဖြင့် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီမှ ပါတီအသီးသီးများသို့ သွားရောက်ပြီး ညီလာခံတက်ရောက်ရန် စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ ၁၉၈၈ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် မြန်မာ-ဘင်္ဂလာနယ်စပ်တနေရာဖြစ်သော ဘင်္ဂလာ ပိုင်နက် ၀ါးခွတ်ချောင်းနယ်မြေတွင် အမျိုးသားညီလာခံတရပ်ကို ရဟန်းရှင်ပြည်သူမျိုးချစ်ပြည်ချစ်များကို ဖိတ်ခေါ်ပြီး ပြုလုပ်ကြရာတွင် အမျိုးသားညီညွတ်ရေး ရှေ့ပြေးနမူနာအဖြစ် AIOနှင့် ALPတို့ နှစ်ပါတီမှ တပါတီသို့ ပူးပေါင်းလိုက်ပြီး ပါတီကို ALPပါတီ၊ တပ်မတော်ကို AIAတပ်မတော်အဖြစ် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီချက်အရ ထုတ်ပြန် ကြေညာချက်ထုတ်ခဲ့သည်။ ကျန်ပါတီများနှင့်လည်း တဖွဲ့တပါတီ မဟုတ်သည့်တိုင်အောင် ရခိုင်ပြည်အမျိုးသားညီညွတ် ရေးတပ်ဦး (NUFA)ကို ဖွဲ့စည်းခဲ့ကြသည်။ ပါတီတခုစီမှ ဥက္ကဌ တဦးစီအနေဖြင့် တပ်ဦးတွင် တနှစ်တာ အလှည့်ကျသဘာပတိအဖြစ် တာဝန်ခွဲဝေခဲ့ကြသည်။ တပ်မတော်ကိုလည်း ပါတီအသီးသီးမှ တပ်များကို အချိုးကျစုစည်းပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (NALA)ကို ဖွဲ့စည်းခဲ့ကြသည်။ ဖွဲ့စည်းပြီးနောက် တော်လှန် ရေးခေါင်းဆောင်များက ပြည်သူ့ရှေ့မှောက်တွင် အမျိုးသားအောင်လံကို ကိုင်ဆောင်လျှက် အမျိုးသားညီညွတ်ရေးအပေါ် သစ္စာစောင့် သိမှုနှင့် အမျိုးသားရေးတာဝန်များကို မဖေါက်မပြန်ကြေပွန်စွာ ထမ်းဆောင်ကြမည့်အကြောင်း ညီလာခံအတွင်း သစ္စာဆိုခဲ့ကြသည်။ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ကွဲပြဲနေသောအဖွဲ့ အစည်းများကို ပေါင်းစည်းဖွဲ့စည်းနိုင်ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝိုင်းရံ အားပေး ယုံကြည်အပ်နှံမှုများကို ပေးအပ်ခဲ့ကြသည်။ ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးကို အချိန်အခါမရွေး တောင်းဆို နေခြင်း၊ အမျိုးသားညီညွတ်မှုကို ၁၉၆၂ ခုတွင် ရတညပါတီကို မဲထည့်ရာတွင်၎င်း၊ ၁၉၉၀ ခုနှစ်တွင် ALDကို မဲထည့်ရာတွင်၎င်း၊ ယနေ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)ကို၎င်း တခဲနက် အမျိုးသားရေးဖက် တော်သားများ အဖြစ် မဲထည့်ခဲ့ကြခြင်းမှာ ပြည်သူလုထု၏ ညီညွတ်မှုကိုပြသနေပြီး ညီညွတ်စုစည်းမှုကို လိုလားနေခြင်း ဖြစ်သည်။
(၁) NUFA၏ ရောင်ပြန်ဟတ်မှု
တဖက်မှာ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)ဖွဲ့စည်းသည့် အကျိုးဆက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင်လည်း ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီမှ ဦးဆောင်ပြီး ဒေသအသီးသီး မြို့၊ ကျေးရွာများမှ ရခိုင်မျိုးချစ်ပြည်ချစ်များအား ဖိတ်ခေါ်ခဲ့ပြီး ဖလောင်းချိပ်မြို့ မဟာသိမ်တော်ကြီး ရင်ပြင်၌ စက်တင်္ဘာလ (၉)ရက်နေ့၊ ဆရာတော် ဦးဥတ္တမနေ့ကျင်းပသည့်နေ့တွင် တပြိုင်နက် ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံအတွင်း တရားဝင် တညီတညွတ်တည်း စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းအသင်းကြီးသည် လည်း တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် ပြည်သူ့ယုံအပ်နှံအားကိုးမှု ရရှိခဲ့သည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ခဲ့သည်။
တပ်ဦးဖွဲ့စည်းပြီးနောက် ပြည်သူများ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ များမကြာမီမှာပင် ညီလာခံအတွင်း ရှေ့ပြေးညီညွတ်ရေးကို ခင်းကျင်းပြသခဲ့သော ALP သည် ပထမဆုံး တပ်ဦးမှခွဲထွက်ပြီး ALP ပါတီနှင့် တပ်မတော်ကို ပြန်လည်ပြီး ထူထောင်လိုက်ကြောင်း တွေ့ရှိခဲ့ရသည်။ တပ်ဦးအတွင်းတွင်လည်း ထိုဂယက်ကြောင့် ရဟန်းရှင်ပြည်သူများ၏ ယုံကြည်မှုကို ဆက်လက်ပြီးမရရှိဘဲ အင်အား လျော့နည်းလျှက် ရှိနေခဲ့ရာ ၁၉၉၁ ကာလတွင် ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်တပ်မတော် (AA)မှာ အင်အားတစုံတရာဖြင့် ရောက်ရှိလာကာ ၁၉၉၄ ခုနှစ် AA မှဦးဆောင်ပြီး အနောက်ဘက်နယ်မြေရှိ အမျိုးသားတော်လှန်ရေးအင်အားစုများ၊ တပ်ဦး၊ ALPအပါ အ၀င် မျိုးချစ်ပြည်ချစ်များကို ဖိတ်ခေါ်လျှက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ညီညွတ် ရေးကို ထပ်မံတည်ဆောက်ရာတွင်လည်း ALP ပါတီမှာ ပါဝင်မှုမတွေ့ခဲ့ပေ။
၁၉၉၅ခုနှစ်တွင် NUPA-AAတွင် ဂိုဏ်းဃဏမကုန်ခန်းဘဲ ကျန်ရှိနေခဲ့သော ဦးသိန်းဖေ ခေါင်းဆောင်သည့် DPAထူ ထောင်သည့်အုပ်စုမှ လက်နက်အင်အား ကြီးငယ်မျိုးစုံ (၁၃၆)လက်ယူ၍ အမျိုးသားညီညွတ်ရေးမှ တဖန်ခွဲထွက်ခဲ့ပြန်သည်။ ယခုတဖန် ၎င်းအကျိုးဆက်နှင့် အတူ ရခိုင်ပြည်အမျိုးသား တော်လှန်ရေး-နိုင်ငံရေး အကျိုးစီးပွားနှင့် ဆက်စပ်နေသော အိန္ဒိယအစိုးရမှ ယုံကြည်မှုပျက်ပြားစေခဲ့ သည့်အပြင် ဂိုဏ်းဃဏ ပြင်းထန်သူတချို့၏ လုပ်ကြံသတင်းပေးမှုများကြောင့် အိန္ဒိယ၏လက်ချက်နဲ့ ဗိုလ်ရာဇာနှင့် တခြားအမျိုးသား ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။
၂၀၀၀ ခုနှစ်တွင် အမျိုးသားညီညွတ်မှုအပေါ် အဖန်ဖန်အလီလီ ချိုးဖေါက်ဖျက်ဆီးနေသော အမျိုးသားတော်လှန်ရေး အင်အားစုများကို ရခိုင်ပြည်သူများ ယုံကြည်မှု၊ ထောက်ခံအားပေးမှု မရှိသည်ကို သုံးသပ်ဝေဖန်လာကြသော အဖွဲ့အစည်းအသီးသီးမှ အမျိုးသားတော် လှန်ရေး ခေါင်းဆောင်များသည် မိမိတို့ညီညွတ်မှုတရားကို နိုင်ငံတကာရောက် မျိုးချစ်ပြည်ချစ်များနှင့် ပြည်တွင်းရှိ မျိုးချစ်ပြည်သူများ အပါအ၀င် ညီညွတ်ပြီး အမျိုးသားကိုယ်စားပြု တဖွဲ့တပါတီအဖြစ် ရပ်တည်နေကြသော ရှမ်း၊ ချင်း၊ ကရင်၊ ကချင် စသည်ဖြင့် တော်လှန် ရေးအင်အားစုများကို ယုံကြည်အပ်နှံမှုနှင့် ထောက်ခံမှုများရရှိအောင် ALP, DPA, NUPAနှင့် ALDတို့သည် မျက်နှာချင်း ဆိုင်ကာ အိန္ဒိယ နိုင်ငံ ကာလကတ္တာမြို့တွင် အဖွဲ့ပေါင်းစုံနှင့် ရဟန်းရှင် ပြည်သူလူထုမျိုးချစ်ပြည်ချစ်များ ပါဝင်သော၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)ကို ဖွဲ့စည်းနိုင်သော CCPCANC ကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းအဖွဲ့အစည်းထဲတွင် နိုင်ငံတကာရောက် တတ်သိပညာရှင်များ၊ ကျောင်း သားလူငယ် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများအပြင် တခြားတသီးပုဂ္ဂလမျိုးချစ်ပြည်ချစ်များ ပါဝင်ခဲ့ကြသည့်အတွက်ကြောင်း ပြည်သူ့ယုံကြည် ထောက်ခံမှုနှင့် မျိုးချစ်ပြည်ချစ်များ မဟာမိတ်များ အာရုံစိုက်လာမှုများကို ထပ်မံရရှိခဲ့ကြသည်၊ ညီညွတ်မှု ပြိုကွဲ၍ မျိုးခြားလက်အောက်ကျရောက်ခဲ့ရသည်နေ့မှစ၍ ရခိုင်ပြည်သူများယနေ့ထိ တောင်းဆိုနေသော ညီညွတ်ရေးသော့ချက်ကို NUFA (၁၉၈၈)၊ NUPA(၁၉၉၄)၊ ANC(၂၀၀၀)ခုဆိုသည့် အမျိုးသားစုရပ်၊ ဆုံရပ်များကို သုံးကြိမ်သုံးခါ တည်ဆောက်ခဲ့မှုများ ခက်ခဲပင် ပန်းမှု များစွာဖြင့် ရရှိခဲ့ကြသော်လည်း ရတောင့်ရခဲ့သောညီညွတ်ရေးကို စွဲမြဲစွာဆုတ်ကိုင်လျှက်ပြည်သူ့အပေါ် အလေးအနက် တန်ဖိုးထားကာ တော်လှန်သည့် ခေါင်းဆောင်များ၊ တတ်သည့်ပညာရှင့်များ အမျိုးသားအတွင်း ထင်ရှားသည့် ပုဂ္ဂိုလ်များက အမျိုးသားလွတ် မြောက်ရေး အပေါ် ယုံကြည်မှုပြင်းပြစွာ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ အနစ်နာခံခြင်း ဘ၀ကိုစွန့်လွတ်ခြင်းနဲ့ ကျားကုတ်ကျားခဲ ဖြတ်ကျော်တည် ဆောက်မှုများကို တခြားလူမျိုးများကဲသို့ စုစည်းညီညွတ်မှု မပြသနိုင်ကြဘဲ တစတစ စုစည်းမှုကင်းကွာကြကာ ANCမှ ALPယခု တဖန် ခွဲထွက်ခဲ့ပြီး ANCနှစ်ခြမ်းကွဲကာ NUPAသည်လည်း နှစ်ခြမ်းကွဲလျှက်ရခိုင့်လူ့အဖွဲ့စည်း ဘုံပြိုနေမှုကိုကမ္ဘာ့အလည်တွင်ပြသနေကြသည်။
အထက်ပါ အမျိုးသားညီညွတ်ရေး စုစည်းမှုများကို တည်ဆောက်ကြရာတွင် ပါတီပေါင်းစုံမှ ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ တွင် အမှန်တကယ် ဘုံအမျိုးသားအကျိုးစီးပွားဖြစ်သည့် ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်လိုသူများ မဟုတ်သည်ကို ဖြတ်သန်း ခဲ့ကြသည့် တော်လှန်ရေးကာလ တလျှောက်မှ ထင်ရှားပြသနေပေသည်။
(၂) သာဓကအားဖြင့် ပြရမည်ဆိုလျှင် ဗမာနိုင်ငံရေးလမ်းကြောင်းတွင် အမျိုးသားရေးအတွက် အရေးကြီးလာလျှင် ဗမာ့အမျိုးသား ခေါင်းဆောင် သခင်ကိုယ်တော်မိုင်းမှာ ဗမာ့ခေါင်းဆောင်များကိုခေါ်ယူပြီး မိမိတို့အမျိုးသားအာဏာ သူတပါးလက်အောက် မရောက်ရ ရေးအတွက် ဗမာတို့၏ အယူအဆအမျိုးမျိုးနှင့် လက်ဝဲ၊ လက်ယာ ကွဲပြဲနေသော မညီညွတ်မှုများကို ဘေးဖယ်ပြီး ဗမာ့အမျိုးသား အကျိုးစီးပွားအတွက် လက်ချင်းဆက် ကာကွယ်ကြရန် ဗမာ့နိုင်ငံရေးခေါင်းဆောင်များအကြား ထိန်းညှိပေးခဲ့သည်ကို တွေ့ရှိရသကဲ့သို့ -
ရခိုင်အမျိုးသားရေး ခေါင်းဆောင်ကြီး ဦးမောင်စိန်ညွှန့် အနေဖြင့်လည်း အမျိုးသားတော်လှန်ရေးအပေါ် ကောက်ချတခု ချခဲ့သည်မှာ “ငါ့ကဲ့သို့သော မထင်မရှားသည့် လူတယောက်က အမျိုးသားတော်လှန်ရေးအတွက် ခေါင်းဆောင်လုပ်ရာတွင် ငါ့အားပြည်သူများ ယုံကြည်သက်ဝင်မှုရရှိရန် အချိန်များစွာ ရယူရမည့်အစား ရခိုင်အမျိုးသားများအကြား ထင်ရှား သည့် လူရိုသေ၊ ရှင်ရိုသေပုဂ္ဂိုလ်များက အမျိုးသားတော်လှန်ရေးအပေါ် အနစ်နာခံစွန့်လွှတ်ပြီး လုပ်ဆောင်ကြမည်ဆို လျှင် ငါတို့ရခိုင်အမျိုးသားများသည် လေးစားထိုက်သော ပုဂ္ဂိုလ်တဦး၏ ညွှန်းကြားမှုအောက်တွင်ဆိုလျှင် ညီညွတ်မှုနှင့် အောင်ပွဲကိုလျှင်မြန်စွာ ရယူနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း” မှတ်ယူ ပြောကြားသည်ကို တွေ့ရှိရသည်။
(င) နိဂုံး
ရခိုင်ပြည်အမျိုးသား နိုင်ငံရေး၏ သော့ချက်မှာ အမျိုးသားညီညွတ်ရေးပင် ဖြစ်သည်။ တဂိုဏ်းတစင်၊ တဗိုလ်တမင်း၊ ဂိုဏ်းဃဏအားဖြင့် ရှေ့သို့ဆက်လက်ခရီးဆက်ကြမည်ဆိုလျှင် ယနေ့ကြုံနေရသည့် မျိုးဆက်သစ်များအတွင်း ပိုမိုကွဲပြဲမှုများဖြင့်သာ ရင်ဆိုင်လာကြရ မည်ဖြစ်ပြီး အမျိုးသားရေးအောင်ပွဲသို့ ချီတက်နိုင်မည်မဟုတ်ပေ။ သို့တွက်ကြောင်း ရခိုင် အမျိုးသားလွတ်လပ်ရေး အနစ်သာရဖြစ်သည့် (အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာ)သည် ရခိုင်အမျိုးသားညီညွတ်ရေးလက်ထဲတွင် တည်ရှိနေသည် ဖြစ်၍ ညီညွတ်ရေးကို မိမိတို့အမျိုးသားတော်လှန်ရေး ရပ်တည်ချက်မဟာဗျူဟာအဖြစ် ခံယူကျင့်သုံးကြပါရန် မိမိအမြင်နှင့် အတွေ့ အကြုံများအရ တင်ပြအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့် -
မောင်အေးချမ်း
ခေတ္တ- ဘင်္ဂလာဒေ့ခ်ျနိုင်ငံ။
ရက်စွဲ - ဧပြီလ (၂၉)ရက်၊ ၂၀၁၁။
No comments:
Post a Comment