Thursday, May 19, 2011

ရခိုင်အမျိုးသားများ ၂၆၀၀ ပြည်နှစ် ဗုဒ္ဓဥာဏ်တော်နှင့် ၂၅၅၅ နှစ်မြောက် ဗုဒ္ဓနေ့ကို ကြည်ညို

ဂစ္ဆပသတင်းဌာန
မေလ (၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်အမျိုးသားများ ၂၆၀၀ ပြည်နှစ် ဗုဒ္ဓဥာဏ်တော်နှင့် ၂၅၅၅ နှစ်မြောက် ဗုဒ္ဓနေ့ကို ကြည်ညို

နှစ်ပေါင်း ၂၆၀၀ ပြည့်နှစ် ဗုဒ္ဓဥာဏ်တော် အထိမ်းအမှတ်နေ့နှင့် ၂၅၅၅ နှစ်မြောက် ကုဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယပွဲတော်ကို ရခိုင်အမျိုးသားများ အနေဖြင့် ခန့်ခန့်ညားညား မေလ (၁၇)ရက်နေ့က ကြည်ညိုခဲ့ကြသည်။




ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓနေ့ကို ဗုဒ္ဓဘာသာနိုင်ငံအသီးအသီးအပြင် တချို့ဗုဒ္ဓဘာသာဝင်များ ရှိသည့်နိုင်ငံများအတွင်း အဆိုပါနေ့က ယင်နှစ်များကထက် စည်စည်ကားကား ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ဗုဒ္ဓနေ့ကို ကြည်ညိုကြသည့် နိုင်ငံများအထဲတွင် မြန်မာ၊ ဘင်္ဂလာနှင့် အိန္ဒိယနိုင်ငံများလည်း ပါဝင်ကျင်းပခဲ့ကြသည်။

အဆိုပါ နိုင်ငံများတွင် မြတ်ဗုဒ္ဓကို ပူဇော်သည့်အနေဖြင့် အမွှေးနံ့သာရည်များဖြင့် ဘုရားရေသပ္ပါယ်ခြင်း၊ ဘုရားဒေသစာရိကြွချီခြင်းနှင့် ညောင်ရေသွန်းပွဲ အခမ်းအနား စသည်များကို စည်စည်ကားကား ကျင်းပခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓနေ့ကို ဂေါ်ဟတ်တိမြို့တော်နှင့် တခြားနယ်မြေများတွင်လည်းကောင်း၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကော့စ်ဘဇားခရိုင် အတွင်းတွင်လည်းကောင်းနှင့် မြန်မာနိုင်ငံတွင် နေရာအနှံတွင်လည်းကောင်း မြတ်ဗုဒ္ဓအား ပူဇော်သည့်အနေဖြင့် သိုက်သိုက်မြစ်မြစ် ကျင်းပခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ဂေါ်ဟာတီမြို့ရှိ ဗြဟ္မပုတ္တရ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှာ အသျှင်ကြီး ကေသရ ဆရာတော်တည်ထောင်သည့် တောင်ပေါ်ကျောင်းတိုက်တွင် ကျင်းပခဲ့ရာတွင် ဒေသခံဗုဒ္ဓဘာသာလူမျိုးများနှင့် ဗုဒ္ဓဘာသာမဟုတ်သူ လူမျိုးများပါ စုံညီစွာ တက်ရောက်ကာ ANC ဥက္ကဌ အရှင်အရိယ၀ံသ သီရိလင်္ကာမှ ပင့်ဆောင်လာခဲ့သည့် ရဟန္တာဓါတ်တော်များအား ဖွင့်လှစ်ဖူးမျှော် ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။

ANC ဥက္ကဌ အရှင်အရိယ၀ံသ က ဗုဒ္ဓနေ့ကျင်းပရခြင်းနှင့် ပတ်သက်လို့ “၀ိသာခ နက္ခတ်နဲ့ စန်းယှဉ်သော အခုလို ကဆုန်လပြည့်နေ့မျိုး ရောက်တိုင်း ကမ္ဘာအရပ်ရပ်တွင် ဗုဒ္ဓဘာသာ မိသားစုများအနေဖြင့် နှစ်စဉ်မပျက် ဗုဒ္ဓဂုဏ်တော်များကို အထူးရည်မှန်းပြီး ဗုဒ္ဓပူဇာ ပွဲတော်များကို ကျင်းပလေ့ရှိကြတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀၀)က မှတ်တမ်းများအရ ဘီစီ ၅၆၃ ခုနှစ်၊ ယခုနီပေါနိုင်ငံ လုမဗိနီတွင် ဗုဒ္ဓလောင်းလျာ မွေးဖွားခဲ့တယ်၊ သက်တော် (၂၉)နှစ်အရွယ်တွင်တောထွက်၍ ခြောက်နှစ်ကြာ ဒုက္ကရစရိယာအကျင့်များကို ပြင်းထန်စွာ ကျင့်တော်မူခဲ့ပြီးနောက် အရာရာကို ထိုးထွင်းသိမြင်တော်မူစွမ်းသော သဗညုတဥာဏ်တော်ထူးကို ရတော်မူခဲ့သည်မှာ မေလ(၁၇)ယနေ့ တွင် နှစ်ပေါင်း ၂၆၀၀ ပြည့်တော်မူခဲ့ပြီး ဖြစ်တယ်၊ ဘုရားဖြစ်ပြီးတဲ့နောက် (၄၅)နှစ်ကြာ မနေမနား ကြိုးစားတော်မူခဲ့ပြီး ကုသိနာရုံတွင် နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံချုပ်ငြိမ်းတော်မူခဲ့သည်။ ထိုအချိန်မှစ၍ ရေတွက်လာခဲ့သော သာသနာတော် သက္ကရာဇ်အရ မေလ(၁၇) ရက်မှာ ၂၅၅၅ နှစ်မြောက်ဖြစ်တယ်၊ အဲဒီအကြောင်းတရားတွေကြောင့် ဒီနေ့ကို အားခဲကျင်းပရခြင်းဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့သာမဟုတ် အိန္ဒိယနိုင်ငံသားတိုင်း တဦးချင်းစီအနေဖြင့် ဤအချက်များ သိရှိထားမှသာ ဗုဒ္ဓကို ရိုသေချစ်မြတ်နိုးရာကျမည်၊ ဗုဒ္ဓနိုင်ငံတော်သားပီသမည် ဖြစ်ပါတယ်။”ဟု ဂစ္ဆပသတင်းဌာနသို့ မိန့်ကြားခဲ့သည်။

အရှင်ကြီး ကေသရ က “အခု အရှင်အရိယ၀ံသ ပင့်ဆောင်လာသော ဓါတ်တော်မွေတော်များသည် ယင်းကိုယုံကြည်ကိုးကွယ်သူများ အကျိုးအနန္တရကြစေမည်ဖြစ်၍ ယင်းတို့အပေါ် ယုံကြည်ကိုးကွယ်သူများကျန်ရှိ၊ တိုးပွားနေသရွေ့ သာသနာတော် အဓွန့်ရှည်တည်တံ့နေ မည်သာဖြစ်တယ်၊ သာသနာအရိပ်အ၀န်း ယခုကဲ့သို့ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် အားလုံးမှဝိုင်းဝန်း အားပေးပါဝင်လာကြခြင်းကြောင်း ဖြစ်တယ်၊ ဗုဒ္ဓ၀ါသည် ဗုဒ္ဓဘာသာလူမျိုးတို့အတွက်သာမဟုတ်ပဲ ဘုရားပွင့်လာခြင်းမှာ လူသားများအားလုံး၊ သတ္တ၀ါများအားလုံး အကျိုး စီးပွားအတွက်ဖြစ်တယ်၊ ဒီဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်လာကြသည့် လူ့အလွှာမျိုးစုံတို့ အနေနဲ့ စိတ်ချမ်းမြေ့ခြင်းအကျိုးကို ယခုကဲ့သို့ ခံစားယူနိုင်ခြင်းက ထိုအဆိုကို လက်တွေ့အားဖြင့် သက်သေခံနေပြီးဖြစ်တယ်။”ဟု ဂစ္ဆပသို့ မိန့်ကြားခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ရခိုင်စည်တော်နှင့် ရခိုင်တူရိယာများတီးပြီး မဟာကျန် ရှင်တော်ဘုရားသေဒစာရိကို ကော့စ်ဘဇားမြို့ တပတ်ကြွချီတော်မူကာ အမွေးနံ့သာရည်များဖြင့် ဘုရားရေသတ်ပ္ပါယ်မှုများ ပြုလုပ်ပြီး ဗောထီးညောင်ရေသွန်း လောင်းပွဲများနှင့်အတူ ချောတိုင်တက်ပွဲများဖြင့် ဗုဒ္ဓနေ့ကို ကြည်ညိုခဲ့သည်။ အဆိုပါ ဗုဒ္ဓနေ့ကို ကော့စ်ဘဇားမြို့ရှိ ရခိုင်အမျိုးသမီး အသင်းနှင့် ယုဝတီအသင်းတို့မှ ဦးဆောင်ကျင်းပကာ မြို့မိမြို့ဖ၊ မြို့လုံးကျွတ် တက်ရောက်ပြီး ဗုဒ္ဓနေ့ကို ကြည်ညိုခဲ့ကြသည်။

ကော့စ်ဘဇားမြို့ မဟာကျန် ရှင်တော်ဘုရားမှာ ကော့စ်ဘဇားမြို့တပတ် ဒေသစာရိကြွချီမှုတွင် ဗုဒ္ဓဘာသာဝင်များသာမက မူဆလင် အမျိုးသားတချို့ပါ ပူဇော်လှူဒါန်းကြည်ညိုခဲ့ကြသည်။ ရှင်တော်ဘုရားမှာ ကော့စ်ဘဇားမြို့ စန္ဒာမေဇူကျောင်းတိုက်၌ ကိန်းဝပ်တော်မူပြီး ယခုနှစ်တွင် အဆိုပါ ဘုရားဒေသစာရိကြွချီမှု ကြည်ညိုခြင်းမှာ နှစ်ကြိမ်တိုင်တိုင် ရှိနေပြီးဖြစ်သည်။ အဆိုပါ ဘုရားဒေသစာရီကြွချီမှုမှာ နှစ်ပေါင်း (၅၀)ခန့်အတွင်း ပထမအကြိမ်ကို ယခုနှစ်အစောင်ပိုင်းနှင့် ဒုတိယအကြိမ်ကို ဗုဒ္ဓနေ့တွင် စည်စည်ကားကား ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ မိမိတို့၏ ဘာသာသာသနာ၊ ရိုးရာဓလေ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအား တနှစ်ထက် တနှစ်ပိုမိုပြီး သိသိသာသာ စည်စည်ကားကား ကြည်ညိုကျင်းပလာကြသည်ကို တွေ့ရှိရသည်။
Call: + 01715445478

No comments:

Post a Comment