Tuesday, May 17, 2011

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ပြည်နယ်ဆက်သွယ်ရေးလုပ်ငန်းများကို စစ်ဆေး

ဂစ္ဆပသတင်းဌာန
မေလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ပြည်နယ်ဆက်သွယ်ရေးလုပ်ငန်းများကို စစ်ဆေး



ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ရခိုင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများအား မေလ(၁၂)ရက်နေ့က သွားရောက် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဦးလှမောင်တင် (အလယ်)
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရခိုင်ပြည်နယ် ပြည်နယ်မန်နယ်ဂျာရုံးနှင့် ပြည်နယ်ဆက်သွယ်ရေး လုပ်ငန်း၏ ကြေးနန်းပေးပို့လက်ခံရယူမှု၊ တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းများ၊ ဆက်သွယ်ရေး TOWER ဗဟိုနှင့် ဆက်သွယ်မည့် အခြေအနေများကို တရက်တည်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ မျက်မြင် အမည်မဖေါ်လိုသူတချို့က ပြောသည်။။

ဂစ္ဆပသတင်းဌာနက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ခရီးစဉ်အပေါ် စစ်တွေမြို့မှ နိုင်ငံရေး တက်ကြွသူ ကျောင်းသား တချို့အား ဆက်သွယ်မေးမြန်းခဲ့သည်။

“သူတို့စစ်တပ်ထဲမှာ နေတာပဲကောင်းပါတယ်၊ အပြင်ကိုမထွက်ရင် ကောင်းတာပေါ့နော်၊ ဘာမှလည်းလုပ်မှာ မဟုတ်ပါဘူး၊ အပြင်ကို သူထွက်တာထက် စစ်တပ်အစောင့်တွေ သေနပ်တွေ တကားကားနဲ့ ထွက်လာတာက ပိုဆိုးတယ်၊ နေရာတိုင်းမှာ စစ်တပ်ပါဘဲ၊ သူစာတိုက်ကြီး၊ ကြေးနန်းရုံးနဲ့ အခြားအစိုးရရုံးတွေကို သွားခဲ့ပါတယ်၊ အလုပ်ဘယ်လောက်ထိ သူတို့ အာဏာရှင်အဆက်ဆက် လုပ်သလဲဆိုတော့ ဆက်သွယ်ရေး ဘာမှတိုးတက်ဖွံ့ဖြိုးမှု တခုမှ ရှိမရှိဆိုတာ ကမ္ဘာကလည်း သိပါတယ်၊ ကျနော်တို့ရခိုင်ပြည်နယ်ဆိုရင် ပိုပြီးတော့ဆိုးပါသေးတယ်၊ ဖုံး၊ စာ၊ လမ်း၊ ဆီဈေး စတဲ့ ဘာဆက်သွယ်ရေးမှ ဘာတခုမှ မတိုးတက်ဘူး၊ ကောင်းတာလည်းမရှိဘူး၊ လူတွေဒုက္ခရောက်တာကိုပဲ သူတို့လုပ်နေတာ ဖြစ်ပါလိမ့်မယ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်နေပြီး မရှက်လို့။” ဟု အမည်မဖေါ် လိုသူ တက္ကသိုလ် ကျောင်းသားတဦးက ဂစ္ဆပသို့ ပြောသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အနေဖြင့် စစ်တွေမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုဖြစ်သော စာတိုက်ကြီးနှင့် မြန်မာ့ရုပ်မြင်သံကြား စစ်တွေထပ်ဆင့်လွှင့် စက်ရုံများသို့လည်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်အသစ်စစ အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမည့် လုပ်ငန်းများကို လုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။ ဦးလှမောင်တင်မှာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာပြီး မေလ (၁၂)ရက်နေ့က ပထမဆုံး သက်ဆိုင်ရာလုပ်ငန်းများကို သွားရောက်ကြည့်ရှု့ခြင်းဖြစ်သည်။

No comments:

Post a Comment